“တနေ့တာ မြန်မာ”
“တနေ့တာ မြန်မာ”
မေလ ၂၈ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
“နေအိမ်တွေ အားလုံး ပျက်စီးသွားတဲ့ ကဏန်းတောင်ကျေးရွာနဲ့ စစ်ဘေးရှောင်စခန်း အတွက် စစ်ကောင်စီက မာမားခေါက်ဆွဲထုတ် ၂ဖာ၊ သံဖြူ အချပ် ၂၀ လာပေး”
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကဏန်းတောင်ကျေးရွာနဲ့ စစ်ဘေးရှောင်စခန်းတို့ မုန်တိုင်းကြောင့် နေအိမ်အဆောက်အဦတွေ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ဆောင်းတွေ ၁၀၀ ရာခိုင်နှုန်း ပျက်စီးသွားခဲ့တယ်လို့ Western News သတင်းအရ သိရပါတယ်။ ကဏန်းတောင်ကျေးရွာမှာ နေအိမ် ၁၉၀ရှိပြီး ၄၁အိမ်မှာ လုံးဝပျက်စီးသွားကာ ကျန်နေအိမ်တွေက ခေါင်မိုး၊ အကာတွေပျက်စီးခဲ့သလို နေအိမ် ၆၈အိမ်ရှိတဲ့ စစ်ဘေးရှောင်စခန်းမှာ နေအိမ်အားလုံးပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ကျေးရွာက ဒေသခံတွေအတွက် အခုလ ၂၄ ရက်မှာ တစ်ရွာလုံးအတွက် စစ်ကောင်စီဖက်က မာမားခေါက်ဆွဲထုတ် ၂ဖာ၊ သံဖြူ အချပ် ၂၀အပြင် လက်လုပ်လက်စားတွေအတွက် တစ်အိမ်ကို ဆန် ၁၂ဗူးစီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
“ဖားကန့်မှာ ရေမဆေးကျောက်ရှာဖွေနေသူ ၂၀ ထက်မနည်း စစ်ကောင်စီတပ်ဖမ်းဆီး”
စစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ ဖားကန့်မြို့ မော်မောင်းလယန်အုပ်စုရှိ ကျောက်စိမ်းလုပ်ကွက်တွေက ရေမဆေးကျောက်ရှာဖွေနေသူ ၂၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ The 74 Media က သတင်းရေးသားထားပါတယ်။ မနေ့က ည ၉ နာရီလောက်မှာ သေနတ်တွေပစ်ဖောက်ကာ စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်လာတာဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူတွေကို စစ်ကောင်စီစစ်ကြောင်းက ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာကို မသိရကြောင်း ဒေသခံတွေက ပြောပါတယ်။
“PSLF/TNLA နဲ့ KIO/KIA တို့ ထာ၀ရ မဟာမိတ် စာချုပ်ကို ဆက်လက် ထိန်းသိမ်းသွားမယ်”
တအာင်းတပ်မတော် (PSLF/TNLA)နဲ့ ကချင်တပ်မတော် (KIO/KIA)တို့ဟာ ထာ၀ရမဟာမိတ် စာချုပ်ကို ဆက်လက်ထိန်းသိမ်းပြီး ပဋိပက္ခ မပေါ်ပေါက်ရေးအတွက် သဘောတူညီခဲ့တယ်လို့ အဖွဲ့နှစ်ခုလုံးက စာထုတ်ပြန်လာပါတယ်။
အခုလ ၁၆ ရက်နဲ့ ၁၇ ရက်က တရုတ်-မြန်မာနယ်စပ် KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်မြို့မှာ နှစ်ဖက် ထိပ်ပိုင်းခေါင်းဆောင်တွေ အစည်းအဝေး ပြုလုပ်ပြီးနောက် ဒီကနေ့မှာ ပူးတွဲ ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။TNLA နဲ့ KIA ဟာ ရှမ်း-ကချင်နယ်စပ်နဲ့ တအာင်းဒေသတို့မှာ သွားလာလှုပ်ရှားရာ နယ်မြေချင်း ထိစပ်နေကြသလို မြေပြင်မှာ ပြဿနာ ဖြစ်ပွါးတာမျိုး မကြာခဏ ရှိလာနေချိန်မှာဘဲ အခုလို တွေ့ဆုံမှုတွေ ပေါ်ပေါက်လာခဲ့တာပါ။
“ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဆေးအဖွဲ့က ရဲဘော်၊ ရဲမေ လေးဦးကျဆုံး”
ကယား(ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစုရဲ့ Medic Unit (ဒီမောဆို့) ဆေးတပ်ဖွဲ့က တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်၊ ရဲမေ လေးဦး တိုက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ Karenni Revolution Union (KRU) ကဒီကနေ့ ထုတ်ပြန်ပါတယ်။ KRU အဖွဲ့ရဲ့ ရဲဘော်၊ ရဲမေ လေးဦးဟာ ကာကွယ်ရေးတပ်တွေကြား ဆေးကုသရင်းကျဆုံးသွားခဲ့ရတာဖြစ်ပြီး ကျဆုံးရဲဘော်တွေရဲ့ တော်လှန်ရေးမှာထားရှိတဲ့ သစ္စာတရားကို လေးစားလျှက် အာဇာနည်သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ပြီး နာရေးအခမ်းအနားကိုပြုလုပ်ခဲ့ကြောင်း အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ပခုက္ကူ ဒေသကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က ခေါင်းဆောင်နဲ့ အဖွဲ့ဝင်ရှစ်ဦး စစ်ကောင်စီထံထွက်ပြေး၊ ခိုလှုံ”
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာရှိတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့က ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင်ရှစ်ဦး အခုလ၂၅ ရက်နေ့မှာ လက်နက်၊ ငွေကြေးတွေနဲ့အတူ စစ်ကောင်စီထံ လက်နက်ချအညံ့ခံ ထွက်ပြေးသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ Defense Team Pakokku အဖွဲ့ခေါင်းဆောင် အောင်သူ၊ အဖွဲ့ဝင် သုံးဦးတို့ဟာ မောင်းပြန်သေနတ်နှစ်လက်၊ ပြန်ပေးဆွဲရာကရရှိတဲ့ ကျပ်ငွေသိန်းလေးရာအပြင် တခြား ခဲယမ်းမီးကျောက်တွေနဲ့ စစ်ကောင်စီထံ လက်နက်ချအညံ့ခံခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် Defense Team Pakokku အဖွဲ့ခေါင်းဆောင် အောင်သူရဲ့ စည်းရုံးမှုကြောင့် Earthquake Defense Force အဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင် အာကာစိုးမြင့်နဲ့ အဖွဲ့ဝင် သုံးဦးတို့လည်း မောင်းပြန်သေနတ်နှစ်လက်နဲ့အတူ ကျပ်ငွေသိန်းနှစ်ထောင်ဝန်းကျင် ယူဆောင်ပြီး စစ်ကောင်စီထံ လက်နက်ချ အညံ့ခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အဲဒီအဖွဲ့တွေဟာ အရင်ကတည်းက ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ ထုတ်ထားတာကြာပြီလို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“တရုတ်ကြေးနီးစီမံကိန်း ဂိတ်ကင်းစခန်း တိုက်ခိုက်ခံရ”
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ကြေးနီစီမံကိန်းရဲ့ ဂိတ်ကင်းစခန်းတစ်ခုကို အခုလ ၂၅ ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ RFA သတင်းအရ သိရပါတယ်။ ၎င်းတိုက်ခိုက်မှုမှာ ယင်းမာပင်ခရိုင်အမှတ် (၂၈) တပ်ရင်း၊ ဓားမဆိုင်းတပ်မတော် D.M.S.A တပ်ခွဲ (၂)နဲ့ National Revolution Army တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တရုတ်ကြေးနီစီမံကိန်း ဂိတ်ကင်းစခန်းတိုက်ခိုက်မှုမှာ ရဲတပ်သားသုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဓားမဆိုင်းတပ်ဖွဲ့ခေါင်းဆောင်ကပြောပေမဲ့ RFA ကတော့ သီးခြားအတည်မပြုနိုင်ဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။


The Tanintharyi Times
