လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးချိန် အဖမ်းခံရပြီး ပြန်လွတ်လာသူတစ်ဦးနဲ့ အင်တာဗျူး
လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးချိန် အဖမ်းခံရပြီး ပြန်လွတ်လာသူတစ်ဦးနဲ့ အင်တာဗျူး
လောင်းလုံးမြို့နယ်အတွင်းက ကမ်းခြေရွာအချို့ကို စစ်ကောင်စီတပ်က အခုလအတွင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပါတယ်။ တောလမ်းအတိုင်း မနက်စောစော ဝင်ရောက်လာတဲ့ စစ်ကြောင်းက သဘော့ဆိပ်ရွာထဲက ရွာသားအများအပြားကို ဖမ်းဆီးခဲ့တယ်။ အဲဒီနေ့က ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အသက်လတ်ပိုင်းအရွယ် ကိုစိုးကို မေးမြန်းပြီးတနင်္သာရီတိုင်းမ်ရဲ့ “တောင်ပိုင်းသားတို့အသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့ အသံ)
မေး - ဘယ်လို အဖမ်းခံခဲ့ရတာလဲ။
ဖြေ - ကျနော်ကလမ်းပေါ်မှာအဖမ်းခံရတာ။ ဆိုင်ကယ်ကိုတားပြီး ဖမ်းလိုက်တာ။ ပြီးတော့ ကျနော့်ကို ခြေလျင်ခေါ်သွားတာ။
မေး - သူတို့ရွာထဲဝင်လာနေတယ်ဆိုတာကို သတင်းကြို မကြားရဘူးလား။
ဖြေ - ဘာသတင်းမှမကြားဘဲ ရုတ်တရက်ရောက်လာကြတာ။ တောလမ်းအတိုင်းဆိုတော့ ကျနော်တို့ဘာမှမသိဘူး။ သူတို့မလာခင် ညနေပိုင်းကတော့ သဘော့ဆိပ်ရွာကမ်းနားမှာ စစ်သင်္ဘာတစ်စီး ကျောက်ချပြီး လာရပ်ထားတယ်။ ဒီလောက်ပဲရှိတာ။ ကျန်တာဘာမှမသိဘူး။
မေး - ဖမ်းပြီးတော့ဘယ်ကိုခေါ်သွားတာလဲ။
ဖြေ - ဖမ်းပြီးတော့ အကုန်ခေါင်းငုံ့ခိုင်းပြီး ပြင်ကြီးဘုန်းကြီးကျောင်းကို ခေါ်သွားတယ်။ ကျနော်နဲ့အတူတူဆိုရင် အမျိုးသားချည်းပဲ ၂၀ လောက်ရှိမယ်။ အမျိုးသမီးတော့ မပါဘူး။ အဖမ်းခံရသူတွေကတော့ လမ်းမှာတားပြီးဖမ်းသွားသူတွေ၊ အိမ်မှာနေနေတာကို ခေါ်လာတဲ့သူတွေအစုံပဲ။
မေး - ဘာတွေစစ်ဆေးလဲ၊ ရိုက်နှက်တာတွေရောရှိလား။
ဖြေ - ကျနော်တို့ကိုတော့ ဘာမှမမေးဘူး။ ဘယ်ရွာကလဲ၊ ဘယ်သူလဲဆိုတာ လောက်ပဲ။ ပြီးတော့ အားလုံးကို ကျောင်းရှေ့မှာ ခေါင်းငုံ့ပြီး ဒူးထောက်ခိုင်းထားတယ်။ မိနစ် ၂၀ ဝန်းကျင်လောက်ရှိမယ်။ အဲဒီမှာ ခေါင်းမငုံ့လို့ဆိုပြီးတော့ အသက်ကြီးပိုင်း လူကြီးနှစ်ယောက်သုံးယောက်ကိုတော့ ဝိုင်းကန်ကျောက်ကြတာရှိတယ်။
မေး - ဖမ်းဆီးထားချိန် သူတို့ဘယ်လိုတွေပြောတာမျိုးကြားရလဲ။
ဖြေ - သူပုန်ရွာကို သူပုန်ရွာလိုပဲဆက်ဆံမယ်လို့ပြောတယ်။ ကျန်တာတော့ ကျနော်တို့ရှေ့မှာ ဘာမှအများကြီးမပြောကြဘူး။ ဘယ်သွားမယ်၊ ဘာလာလုပ်တယ်ဆိုတာတွေ ဘာမှမပြောဘူး။
မေး - သူတို့ရဲ့ပုံစံက ဘယ်လိုမျိုးရှိလဲ။ အင်အားကရော ဘယ်လောက်ရှိလဲ။
ဖြေ - သူတို့ထဲကအရာရှိလို့ထင်ရသူကတော့ ယူနီဖောင်းဝတ်ထားတယ်။ ကျန်တာတွေက အကုန်အရပ်ဝတ်တွေ၊ ဘောင်းဘီတိုတွေနဲ့။ ကျည်ကာနဲ့ သေနတ်တွေတွေတော့ အကုန်လုံးမှာရှိတယ်။ ကျနော်တို့ သေချာတော့ ကြည့်လို့မရဘူး။ ခေါင်းငုံ့ခိုင်းထားတော့လေ။ အင်အားကတော့ ၃၀ ကျော်လောက်ရှိမယ်ထင်တယ်။
မေး - ဘယ်အချိန်မှာပြန်လွတ်လာတာလဲ။
ဖြေ - ကျနော်တို့ကိုကြတော့ နာရီဝက်လောက်အကြာမှာပဲ ပြန်ခိုင်းလိုက်တယ်။ သဘော့ဆိပ်ရွာ ကမ်းခြေလမ်းကလူတွေကတော့ တရက်လုံးအဖမ်းခံရတယ်။ အိမ်တွေလည်းအမွှေခံရတယ်။ တော်တော်သောင်းကြမ်းသွားတယ်။
မေး - ကမ်းခြေလမ်းမှာ ဘာတွေလုပ်သွားတာလဲ။
ဖြေ - ကမ်းခြေဘက်ကအိမ်တွေကို ဘုန်းကြီးကျောင်းကို အရင်သွားနေခိုင်းတာရှိတယ်။ လူဘယ်လောက်လဲဆိုတာတော့ မသိပေမဲ့ တော်တော်များတယ်။ အဲဒီမှာတော့ တော်တော်မွှေသွားတယ်။ ပိုက်ဆံတွေ၊ ရွှေတွေအကုန်ယူတယ်။ ကုန်စုံဆိုင်တွေမှာလည်း အကုန်ယူတယ်။ ဖုန်းဆိုင်တွေမှာပါ ဖုန်းတွေယူသွားတယ်။ ပြီးတော့ ရိုက်ဖျက်သွားတာတွေဖျက်ဆီးသွားတယ်။ တရွာလုံးမှာတော့ အဲဒီလမ်းအဓိက အထိနာတယ်။
မေး - လက်ရှိရွာရဲ့အခြေအနေဘယ်လိုရှိလဲ။
ဖြေ - လက်ရှိကတော့ သတင်းတွေအမျိုးမျိုးကြားနေရတာပဲ။ ပြန်ဝင်မယ် လိုလိုလည်းကြားရတယ်။
The Tanintharyi Times
