“တနေ့တာ မြန်မာ”

“တနေ့တာ မြန်မာ”

ဇွန်လ ၃ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

“မဘိမ်းမှာ စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ ရွာအတွင်း ဗုံးကြဲလို့ အရပ်သား ၄ ဦး ထိမှန်ဒဏ်ရာရ”

ရှမ်းမြောက် မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်ထဲမှာ စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ ကျေးရွာအတွင်း လေကြောင်းနဲ့ လာရောက် ဗုံးကြဲလို့ အရပ်သား ၄ ဦး ထိမှန်ခဲ့တယ်လို့ ရွှေဖီမြေက သတင်းရေးသားထားပါတယ်။ အခုလ ၁ ရက် ည ၁၀ နာရီမှာ မဘိမ်းမြို့နယ် ရမ်းဘိုကျေးရွာ စာသင်ကျောင်းအနီး ဗုံးသုံးလုံး လာကြဲခဲ့တာပါ။ ရမ်းဘိုရွာမှာ ကချင်တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)ပူးပေါင်းတပ်တွေ နေထိုင်တာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က မနက်ပိုင်းမှာလည်း စစ်တပ်က လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ တွေ့ဆုံပွဲ့ ၂ ရက်အကြာမှာ ရပ်တန့်”

အခုလ ၁ရက်နေ့ကနေ ၃ရက်နေ့အထိ ဆွေးနွေးဖို့ စီစဉ်ထားတဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ရဲ့တွေ့ဆုံမှု ၂ရက်အကြာမှာ ဆက်မဆွေးနွေးတော့ဘဲ ရပ်တန့်လိုက်တယ်လို့ Western Newsက ကဖော်ပြပါတယ်။ ဒုတိယနေ့ ဆွေးနွေးမှုမှာ စစ်ကောင်စီဘက်က နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးလိုသော်လည်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က မဆွေးနွေးလိုတဲ့ ပြဿနာကြောင့် ဆွေးနွေးပွဲ ရပ်နားလိုက်ရတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူခေါင်းဆောင်တချို့ထံက သိတယ်လို့ ဆိုပါတယ်။ AA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက” အခု အစည်းအဝေးကတော့ တရုတ်ဖက်က ကမကထပြုပြီးတော့ လုပ်ပေးတဲ့အတွက်ကြောင့်မို့ ဖြစ်လာရတဲ့ အစည်းအဝေးပေါ့နော်။ ဒီတွေ့ဆုံမှုမှာ သူတို့ဖက်က ပြောချင်တဲ့ ကိစ္စကိုလည်း ကျနော်တို့ နားထောင်တယ်။ ကျနော်တို့ဖက်က ပြောချင်တာကိုလည်း ပြောလိုက်တာပေါ့။ ဒီလောက်ပါပဲ”လို့ ပြောပါတယ်။ တရုတ်ရဲ့ ညှိနှိုင်းပေးမှုနဲ့ MNDAA၊ TNLAနဲ့ AAတို့က စစ်ကောင်စီနဲ့ မိုင်းလားမှာ တွေ့ဆုံခဲ့ကြတာပါ။

“WFP ထောက်ပံ့ငွေ ထပ်လျှော့လိုက်လို့ မွတ်ဆလင်ဒုက္ခသည်တွေ အခက်အခဲဖြစ်”

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုလှုံနေတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ယခုလကစပြီး စားနပ်ရိက္ခာထောက်ပံ့မှု ထပ်မံလျှော့ချလိုက်ပါတယ်။ယခင်က ဒုက္ခသည်တစ်ဦးကို ၁၂ ဒေါ်လာ ထောက်ပံ့ပေးရာမှ ယခုနှစ် မတ်လကစ၍ ၁၀ ဒေါ်လာ လျှော့ချလိုက်ပြီး ယခုလမှာ ၈ ဒေါ်လာ ထပ်မံ့လျှော့ချလိုက်တာပါ။ ဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကန့်အသတ်ဖြင့်သာ အလုပ်လုပ်ကိုင်ခွင့်ရှိတာကြောင့် ၎င်းတို့ရဲ့ စားနပ်ရိက္ခာလိုအပ်ချက်အတွက် ကုလသမဂ္ဂနဲ့အခြား အဖွဲ့အစည်းတွေရဲ့ အကူအညီဖြင့်သာ ရပ်တည်နေရခြင်း ဖြစ်ပါတယ်။

“မုံရွာစီးပွားရေးတက္ကသိုလ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ”

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ စီးပွားရေးတက္ကသိုလ်ကို လက်လုပ်လက်နက်ကြီး ၆၀ မမ၊ ၈၁ မမ တွေနဲ့ မနေ့က နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကိုပြောပါတယ်။ မနေ့က နေ့လယ် သုံးနာရီခွဲဝန်းကျင်မှာ လက်နက်ကြီးနှစ်လုံး တစ်ကြိမ်ပစ်ခတ်ခဲ့ပြီး၊ ညကိုးနာရီခွဲဝန်းကျင်မှာ လက်နက်ကြီးကိုးလုံး တစ်ကြိမ်ပစ်ခတ်ခဲ့တာပါ။စစ်ကောင်စီတပ်သားတွေ အခြေစိုက်ထားတာကြောင့် အခုလိုပစ်ခတ်တိုက်ခိုက်တာလို့ ပစ်ခတ်ရာမှာပါဝင်ခဲ့တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။ ဒီပစ်ခတ်မှုကို NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းအဖွဲ့ သုံးဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ လက်နက်ကြီးအားလုံး ကျောင်းဝင်းထဲကျရောက်ခဲ့ပြီး ထိခိုက်ပျက်စီးသေဆုံးအခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

“တာဝန်ပြီးဆုံးတော့မဲ့ ကုလအထူးကိုယ်စားလှယ်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စ နိုလင်းဟေဇာဟာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲဲ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ လူကိုယ်တိုင် တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရုံးကနေ ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ မစ္စ နိုလင်းဟေဇာက မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထား၊ လိုအပ်ချက်တွေနဲ့အညီ မြန်မာနိုင်ငံ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အစဉ်တစ်စိုက် ကြိုးစားခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အထူးသံတမန် ရာထူးတာဝန်ယူချိန်ကစပြီး၊ NUG ခေါင်းဆောင်ပိုင်းနဲ့ ပုံမှန်ထိတွေ့ဆက်ဆံမှုတွေရှိခဲ့သလို၊ ၂၀၂၂ ခုနှစ် သြဂုတ်လမှာ နေပြည်တော်ကို မသွားရောက်ခင်ကလည်း တိုင်ပင်မှုတွေရှိခဲ့တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာ့အရေးအတွက် အခက်ခဲဆုံးအချိန်မှာ မစ္စနိုလင်းဟေဇာရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် နားလည်သဘောပေါက်တယ်လို့ ဆိုပါတယ်။

“ရခိုင်မှာ လွတ်လပ်စွာအကူအညီပေးခွင့် UNDP တောင်းဆို”

မုန်တိုင်းဝင်ရောက်တိုက်ခတ်တာ သီတင်း ၂ ပတ်ကျော်ထဲ ဝင်လာပြီဖြစ်ပေမဲ့ မုန်တိုင်းဒဏ်သင့်နေရာတွေဆီကို အကူအညီတွေ လွတ်လွတ်လပ်လပ်ဝင်ရောက်နိုင်ရေး အကန့်အသတ်ရှိနေဆဲလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစီအစဥ်(UNDP)က RFA ကို ပြောလာပါတယ်။အကူအညီဖြန့်ဝေရေးအစီအစဥ်ကို စစ်ကောင်စီထံ တင်ပြထားပြီးဖြစ်လို့ ဒီအစီအစဥ်ကို မြန်မြန်အတည်ပြုပေးဖို့ အရေးကြီးတဲ့အကြောင်း၊ လက်ရှိမှာ ကုလသဂ္ဂဟာ မိုခါ မုန်တိုင်းဒဏ်သင့်သူတွေကို ကူညီနိုင်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းလိုအပ်တယ်လို့ ပြောထားပြီး လက်ရှိမှာ ရန်ပုံငွေ အလှူငွေရရှိမှုဟာ လုံလောက်တဲ့အဆင့်ကို မရောက်သေးဘူးလို့လည်း UNDP ကိုယ်စားလှယ် က ပြောပါတယ်။

The Tanintharyi Times