“တနေ့တာ မြန်မာ”

“တနေ့တာ မြန်မာ”

မတ်လ ၂၆ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

“ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးနေအိမ် ဗုံးပစ်ခံရမှာကြောက်လို့ ကင်းချထား”

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တင်ဇော်ထွန်းရဲ့ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ နေအိမ်မှာ တော်လှန်ရေးအင်အားစုတွေလာရောက် ပစ်ခတ်တိုက်ခိုက်မှာကြောက်လို့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ကင်းချထားတယ်လို့ ဧရာဝတီတိုင်းမ်က သတင်းဖော်ပြထားပါတယ်။ တိုင်းရဲတပ်ဖွဲ့မှူးနေထိုင်တဲ့ အိမ်ရဲ့လမ်းထိပ်မှာ ယာဥ်ထိန်းရဲ ၂ ဦး ပစ်ခတ်ရှင်းလင်းခံရပြီးနောက်ပိုင်းမှာ လူအင်အားနဲ့ လက်နက်အင်အားဖြည့်တင်းထားလိုက်တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။ နေအိမ်ခြံဝင်းအတွင်းမှာ ရဲတပ်ကြပ်ကြီးဦးစီးပြီး ရဲတပ်သား ၁၀ ဦးထိရှိကာ နေအိမ်ခြံပေါက်ဝ ဂိတ်နဲ့ ခြံဘေးကို အလှည့်ကျကင်းစောင့်ခိုင်းလေ့ရှိတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့မှူးဟာ ခရီးသွားလာတဲ့အခါမှာလည်း ကားနောက်ခန်းမှာ ရဲ ၄ ဦးအထိ လုံခြုံရေးခေါ်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။

“ကောကရိတ်​မြို့ ကျုံဒိုးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေဆုံးကြောင်း ဂဠုန်စစ်ကြောင်း ထုတ်ပြန်”

ကရင်ပြည်နယ် ကောကရိတ်မြို့နယ်မှာ မနေ့ က ဖြစ်ပွားခဲ့တဲ့ ကျုံဒိုးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာအများအပြားရရှိခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ အဆိုပါတိုက်ပွဲကို ဂဠုန်စစ်ကြောင်း၊ ကျားဖြူတပ်ခွဲ (၃)၊ Lion Battalion နဲ့ အခြား မဟာမိတ်တပ်ဖွဲ့ တွေအတူ ပူးပေါင်းတိုက်ခိုက်ခဲ့ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ဂဠုန် စစ်ကြောင်းဘက်က တပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရပြီး မဟာမိတ်တပ်ဖွဲ့ကလည်း ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါတယ်။

“ရွှေဘိုမှာ ကားတစ်စီး မိုင်းနင်းမိပြီး ခရီးသည်ခြောက်ဦး ဒဏ်ရာရ”

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ရွာနဲ့ ဇီးတောရွာကြားမှာ မနေ့က ညနေပိုင်းမှာ ခရီးသည်တင်ယာဉ်တစ်စီး မိုင်းနင်းမိပြီး ပေါက်ကွဲကာ ယာဉ်ပေါ်မှာပါတဲ့ သံဃာတစ်ပါးနဲ့ လူငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ RFAက ရေးသားထားပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ သံဃာတော်တစ်ပါး၊ အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦးတို့ဟာ ရွှေဘိုမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ ဘုန်းဘွဲ့ရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်းရှိနေတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းထောင်ထားတာဖြစ်တယ်လို့ ဒေသခံ PDF တစ်ဦးက ပြောပါတယ်။ အရပ်ဘက်ယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

“ဝမ်ပေါင်ကုမ္ပဏီဝင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ”

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ လက်ပံတောင်းတောင်ဒေသမှာ ကြေးနီစီမံကိန်း လုပ်နေတဲ့ တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီကို ဒေသခံ လက်နက်ကိုင် PDF တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဆားလင်းကြီး Special Task Force က မနေ့ က မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ RFA သတင်းအရ သိရပါတယ်။ ကိုယ်တိုင်လုပ် ဒရုန်းလေယာဉ်ငယ်ထဲမှာ အင်အားပြင်းဗုံး နှစ်လုံးထည့်ပြီး ကုမ္ပဏီဝင်းထဲကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အဖွဲ့တာဝန်ခံ ကိုဖိုးဇေက RFA ကိုပြောပါတယ်။ ဝမ်ပေါင်ကုမ္ပဏီဘက်က အပျက်အစီး ကိုတော့ မသိရသေးပါဘူး။

“ဗန်းမောက်မြို့နယ်ကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ”

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ်မှာ ဒီကနေ့ နေ့လယ် ၁နာရီက စစ်ကောင်စီတ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ Banmauk Revolutionက ထုတ်ပြန်ပါတယ်။ ဗန်းမောက်မြို့နယ် ကြောင်လည်ရွာအနီး ကို လေယာဉ်နဲ့ ဗုံးကြဲသွားပေမဲ့ လူထိခိုက်မှုမရှိခဲ့ပါဘူး။ အခုလ ၂၄ရက် လေကြောင်းတိုက်ခိုက်မှုမှာတော့ ဗန်းမောက်မြို့နယ် နန့်နန့်ထွန်ကျေးရွာက ဒေသခံပြည်သူသုံးဦး သေဆုံးခဲ့ပါတယ်။ အင်းတော်၊ ဗန်းမောက်ဒေသတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ဒေသခံ PDF တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပါတယ်။

“တော်လှန်ရေး ထောက်ပံ့ရန်ပုံငွေ တိုးမြှင့်လုပ်‌ဆောင်ဖို့ တောင်ကိုရီယားရောက်မြန်မာတွေ ဆွေးနွေး”

နွေဦးတော်လှန်ရေးအတွက် ထောက်ပံ့ရန်ပုံငွေ တိုးမြှင့်လုပ်‌ဆောင်ဖို့ တောင်ကိုရီိးယားအခြေစိုက်အဖွဲ့အစည်းတွေနဲ့ NUG ကိုယ်စားလှယ်ရုံးတို့ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး နိုင်ငံရေး ရည်မှန်းချက်ကို မမှိတ်မသုန် ဆောင်ရွက်ဖို့၊ NUG အစိုးရကို ထောက်ခံ ထောက်ပံ့သွားဖို့ သဘောတူခဲ့တယ်လို့ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအတွက် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လစဉ်ထောက်ပံ့ငွေစနစ် ထူထောင်ဖို့၊ တော်လှန်ရေး ထောက်ပံ့ရန်ပုံငွေဆိုင်ရာ မဟာဗျူဟာတရပ် ရေးဆွဲဖို့၊ ကိုယ်စားလှယ်ရုံးမှ ဦးဆောင်ပြီး အားလုံးပါဝင်နိုင်မဲ့ ရန်ပုံငွေရှာဖွေပွဲ ကျင်းပဖို့၊ အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ Network တခု ထူထောင်ဖို့တို့ကို သဘောတူချမှတ်ခဲ့ပါတယ်။

The Tanintharyi Times