ဘယ်သင်္ကြန် အိမ်ပြန်ရပါ့

ဘယ်သင်္ကြန် အိမ်ပြန်ရပါ့

မေးကြည့်ချင်ပါသည်။

မည်သူကို ‌မေးရမှန်း မသိ။

မေးလာသူကို ဖြေလိုက်ချင်သည်။

မည်သို့ ဖြေရမည် မသိ။

မိမိကိုယ်ကိုလည်း မမေးရက်။

အခြားသူကိုလည်း မမေးရက်။

ဪ..

“ဘယ် သင်္ကြန်

အိမ်ပြန်ရပါ့..”။

—- —- —-

“သင်္ကြန်မှာ ပျော်နေရင် ဒလန်”

တော်လှန်သူတို့၏ ရာဇသံဖြင့် ၂၀၂၃ သင်္ကြန်က ပြီးခဲ့သည့် ၂၀၂၂ ကထက် ပို၍ အကဲဆတ်နေသည်။

၂၀၂၂ သင်္ကြန်ကို တော်လှန်သူတို့က ရေမစိုသင်္ကြန်၊ တော်လှန်သင်္ကြန်၊ CDMသင်္ကြန် စသဖြင့် သတ်မှတ်ခဲ့သည်။

တော်လှန်တို့ကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်း မပြုကြဘဲ ၎င်းတို့၏ ပစ်မှတ်များဖြစ်သည့် အာဏာသိမ်းစစ်ကောင်စီ၏ ဘက်တော်သားများကိုသာ ကျားချောင်းချောင်း၍ တိုက်ခိုက်ခဲ့ကြရုံမှတစ်ပါး သွေးရိုးသားရိုး ပါဝင်ပျော်ပါးသူတို့ကို မသိကျိုးကျွံပြု မျက်နှာလွှဲပေးခဲ့ကြသည်။

၂၀၂၃ သင်္ကြန်ကား ထိုသို့ မဟုတ်တော့။ ပျော်နေသူတို့ကို ခွင့်မလွှတ်နိုင်တော့တဲ့အထိ အကဲဆတ်လာခဲ့သည်။

အဘယ်ကြောင့်နည်း။

တော်လှန်သူတို့တွင်လည်း သူတို့အကြောင်းပြချက်နှင့် သူတို့ ရှိနေကြသည်။

စစ်အာဏာရှင်တို့၏ တရားမဲ့ ပြုကျင့်မှုများက တစ်နှစ်ထက်တစ်နှစ်မဆိုထား၊ တစ်ရက်ထက် တစ်ရက်ပင် ပိုပိုများပြားလာခဲ့သည်မှာ သက်သေ သကာယ များစွာ။

ယခုနှစ်များအတွင်း နိုင်ငံသားတို့၏ လှိုက်လှိုက်လှဲလှဲ ရယ်မောသံများ ပျောက်ဆုံးခန်းခြောက်သွားခဲ့ပြီး ၎င်းအစား တုန်လှုပ်ချောက်ချားမှုများ၊ သွေးနှင့် မျက်ရည်များသာ အစားထိုးနေရာယူလာသည်မှာ အားလုံးလက်ခံရမည့်အချက်။

သေနတ်သံ၊ ဗုံးသံ၊ မိုင်းသံများအောက် အရှုံးမခံ အောင်‌လံထူနိုင်ရေး တိုက်ပွဲဝင်နေသူတို့၏ နိုင်ငံ..။

ယမ်းငွေ့များ၊ မီးတောက်များ၊ ပြာမှုန့်များကြားနေသားကျလာရင်း အသက်ရှင်သန်ရေးအတွက်သာ ရုန်းကန်နေရပြီး ပြန်မလာနိုင်သူတို့အတွက် အလှူပြုအမျှဝေရန်ပင် မဖြစ်နိုင်သေးသူတို့ နေထိုင်သည့်တိုင်းပြည်..။

စားဝတ်နေရေး အစိုးရဖို့ မဆိုထား၊ လူအစုလိုက်အပြုံလိုက်၊ အိမ်အစုလိုက်အပြုံလိုက်ပင် နေ့မြင်ညပျောက်..၊ ချောက်ချောက်ချားချား ကျီးလန့်စာစားပြည်သူတို့၏ တိုင်းပြည်။

ကလေးလူကြီးမရှောင် လူတစ်ရာကျော်ကို လေယာဉ်ဖြင့် ဗုံးမိုးရွာ သတ်ဖြတ်ခဲ့သည်မှာလည်း သင်္ကြန်ကျရန် ရက်ပိုင်းအလို ပူပူနွေးနွေး။

ဤသို့သောတိုင်းပြည်၏ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို မည်သို့သော စိတ်ထားဖြင့် ပါဝင်ပျှော်ရွှင် ဆင်နွှဲကခုန်နိုင်ပါအံ့..။

ပြည်တွင်းနေသာမက ပြည်ပရောက် မြန်မာတို့ပင် ပျော်ပါးမိလျှင် အဆူခံ အဆဲခံ အကြိမ်းခံနေရသည့် သင်္ကြန်။

ပျော်စေချင်ပါလိမ့်မည်။

တော်လှန်သူတို့သည် မိမိတို့နိုင်ငံသားများကို ပျော်စေချင်ရုံသာမက သူတို့ကိုယ်တိုင်လည်း သင်္ကြန်အခါတွင် ‌ပျော်ရွှင်လိုကြပါလိမ့်မည်။

ကိုယ်ချင်းစာမိပါသည်။

မြန်မာတို့၏ အိမ်အပြန်ချင်ဆုံးအချိန်သည် သင်္ကြန်ပင် ဖြစ်သည်။

သင်္ကြန်တွင် ပြည်တွင်း၌ ခွင့်ရက်ရှည် ရသည်။ မြန်မာ အများဆုံးရှိသည့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ပိတ်ရက်နှင့်တကွ အိမ်ပြန်ခွင့်ကို ကြည်ဖြူကြသည်။

ဆိုသောအခါ..

ပြည်တွင်းသာမက ပြည်ပနေသူတို့ပါ သင်္ကြန်ဆိုလျှင် အိမ်ပြန်နိုင်အောင် ကြိုးစားကြသည်။

တစ်နှစ်တာ ကွဲကွာနေသည့် မိသားစုတို့ ဆုံကြသည်။

သူငယ်ချင်းတို့ ဆုံကြသည်။

ရပ်သူရွာသားတို့ ဆုံကြသည်။

အပြုံးတို့ ဖလှယ်ကြသည်၊ အပျော်တို့ ထုံကူးကြသည်။

မြန်မာတို့အတွက် သင်္ကြန်သည် သာမန် နှစ်သစ်ကူးနေ့ရက်များသာ မဟုတ်ပါ။

မိသားစုဝင်များ ပြန်စုဝေးသည့် နေ့ရက်များလည်း ဖြစ်ပါသည်။

သူငယ်ချင်းများနှင့် လူမှုအသိုင်းအဝန်း လွတ်လပ်ပျော်ရွှင်စွာ ပြန်ဆုံပေါင်းစည်းသည့် သင်္ကေတနေ့ရက်များလည်း ဖြစ်ပါသည်။

ထိုသို့သော နေ့ရက်မျိုးတွင် ဘယ်သူတို့က အိမ်မပြန်ချင်ကြဘဲ နေမည်နည်း။

ဘယ်သူတို့က မပျော်ရွှင်ချင်ဘဲ နေမည်နည်း။

“သင်္ကြန်မှာ ပျော်နေရင် ဒလန်” ဟု ဘယ်သူတွေက ရိုးစွပ်ချင်ကြပါမည်နည်း။

အာဏာသိမ်းစစ်ကောင်စီ၏ “ဟန်ကိုယ့်ဖို့” လုပ်နေသည့်..၊

တရားမဲ့ ပြုကျင့်မှုတို့နှင့် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား အဖက်ဖက်မှ ပျက်စီးကျရှုံးနေမှုကို ဖုံးကွယ်ရန်အတွက် ရည်ရွယ်ဖော်ဆောင်နေသည့်..၊

အနှစ်မပါသော ဟန်ပြပွဲတော်တွင် မသိနိုးနား ဝင်ပါမိခြင်းဖြင့် ၎င်းတို့လုပ်ဆောင်ချက်ကို ပံ့ပိုးသကဲ့သို့ ဖြစ်သွားမည်စိုးစိတ်ဖြင့် စကားကြမ်းကြမ်းဖြင့် တားမြစ်မိခြင်းဟု မှတ်ယူလိုက်ပါသည်။

ခုတော့…

၂၀၂၃ သင်္ကြန်က ပြီးခဲ့သည့် ၂၀၂၂ ကထက် ပို၍ အကဲဆတ်နေခဲ့လေပြီ။ ပျော်နေသူတို့ကို ခွင့်မလွှတ်နိုင်တော့တဲ့အထိ ဖြစ်လာခဲ့ရပြီ။

ခွင့်မလွှတ်နိုင်သူတို့ကို ခွင့်လွှတ်လိုက်ပါသည်။

သင်္ကြန်တွင် အိမ်ပြန်ချင်ကြ၊ ပျော်ရွှင်ချင်ကြသူချင်း အတူတူ မဟုတ်ပါလော။

သို့သော်..

မေးကြည့်ချင်ပါသည်။

မည်သူကို ‌မေးရမှန်း မသိ။

မေးလာသူကို ဖြေလိုက်ချင်သည်။

မည်သို့ ဖြေရမည် မသိ။

မိမိကိုယ်ကိုလည်း မမေးရက်။

အခြားသူကိုလည်း မမေးရက်။

ဪ..

“ဘယ် သင်္ကြန်

ငါတို့ ပျော်ရပါ့..။

ဘယ် သင်္ကြန်မှာ

အိမ်ပြန်ရပါ့ကွယ်..”။

မင်းခန့်

The Tanintharyi Times