မေလ ၂၂ ရက် မနက်ခင်းသတင်း
မေလ ၂၂ ရက် မနက်ခင်းသတင်း
ကျောက္ကာရွာက ပြည်သူ့စစ်တွေကို PDF တွေဝင်တိုက်၊ နောက်တနေ့မှာ စစ်ကောင်စီတပ်က ပြည်သူ ၇ ဦးကိုဖမ်းဆီး
ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စုက ပြည်သူ့စစ်တွေကို PDF တွေဝင်ရောက်တိုက်ခိုက်ပြီး နောက်တနေ့မနက်မှာ အရပ်သား ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွနဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက်ည ၁၀ နာရီလောက်က ကျောက္ကာကျေးရွာအုပ်စု အမှတ်(၂) ရပ်ကွက်မှာ ကင်းလှည့်နေတဲ့ ပြည်သူ့စစ်တွေကို pdf တွေ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု အချိန်နှစ်နာရီခန့်ဖြစ်ပွားခဲ့တယ်လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှုအတွင်း ပြည်သူ့စစ်တွေဟာ ညဘက်ပုံမှန်ကင်းစောင့်လေ့ရှိတဲ့ တောင်ပေါ်ကို တက်ပြေးပြီး လုံခြုံရေးယူနိုင်ခဲ့တာကြောင့် နှစ်ဖက်ထိခိုက်သေဆုံးတာမျိုးတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ နေအိမ်ကိုလည်း ရိုက်ဖြိုခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုအတွင်း PDF တွေဘက်က သေနတ်နှစ်လက်သိမ်းဆည်းနိုင်ခဲ့ပြီး သန်းခေါင်ယံ ၁၂ နာရီခွဲပြီးအချိန်လောက်မှာ စစ်ကောင်စီတပ်ဘက်က စစ်ကူတွေရောက်လာခဲ့ကာ PDF တွေဘက်ကလည်း တပ်ပြန်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။
ထားဝယ်မြို့ခံတစ်ဦး စစ်ကြောရေးမှာ သတ်ဖြတ်ခံရ
ထားဝယ်မြို့ခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီးနောက် စစ်ကြောရေးမှာနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
သတ်ဖြတ်ခံရသူဟာ ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်က အသက် ၃၀ ကျော်အရွယ် ကိုကျော်သူရ(ခေါ်) အီဆာဟတ်ဆိုသူဖြစ်ပါတယ်။
သူစစ်ကြောရေးမှာသေဆုံးသွားကြောင်းကို မေလ ၂၀ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် မိသားစုဆီကိုလာရောက်အကြောင်းကြားခဲ့တာလို့သိရပါတယ်။
အစ္စလာမ်ဘာသာဝင် ကိုကျော်သူရကို အခုလ ၁၅ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်ကဖမ်းဆီးသွားတာလို့သိရပေမယ့် ဘယ်နှရက်နေ့မှာသတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
သူသေဆုံးသွားပြီလို့ပြောပေမယ့် သူ့ရဲ့အလောင်းဘယ်မှာရှိတယ်ဆိုတာကိုမသိရသလို အလောင်းကိုမိသားစုဆီပြန်ပေးတာမျိုးလည်းမရှိဘူးလို့သိရပါတယ်။
ထားဝယ်အရှေ့တောဘက်ကို စစ်ကောင်စီတပ်သားတွေစစ်ကြောင်းထိုးနေ
ထားဝယ်မြို့နယ်၊ အရှေ့တောဘက်ကို မေလ ၂၀ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီစစ်ကြောင်း တောလမ်းအတိုင်း ခြေလျင်ဝင်ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီတပ်သား အင်အား ၁၀၀ကျော်လောက်ပါဝင်ပြီး တောလမ်းအတိုင်း နယ်မြေရှင်းလင်းတဲ့ပုံစံ ဝင်ရောက်လာတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ညနေပိုင်းမှာတော့ ဓာသွေးကျောက်ရွာထဲကိုဝင်ရောက်ပြီး ဒေသခံ ၅ ဦးခန့်ကိုဖမ်းဆီးကာ စစ်ကြောင်းနဲ့အတူ အညာဖျားကျေးရွာဘက်ကို ခေါ်ဆောင်သွားခဲ့ကြတယ်လို့သိရပါတယ်။
ညနေ ၄ နာရီလောက်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် ည ၇နာရီခွဲဝန်းကျင်လောက်မှာတော့ ဥယျာဥ်ကြီးရွာနဲ့ အညာဖျားရွာကြားမှာ ပစ်ခတ်သံတွေကိုကြားရတယ်လို့ ဒေသခံကဆိုပါတယ်။
ထားဝယ်အရှေ့တောကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ပခပ်ရွာကိုရောက်နေပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်
ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ထဲကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က ပခပ်ရွာထဲကိုရောက်လာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
အဲဒီနောက် ည ၉နာရီလောက်မှာတော့ လက်နက်ကြီး ၁၀ ချက်ဝန်းကျင် ရမ်းသမ်းပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံကဆိုပါတယ်။
အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီတပ်သား ၁၅၀ ဝန်းကျင်ပါဝင်ပြီး မနေ့ကမနက်ပိုင်းကတည်းက အရှေ့တောနယ်ထဲကိုဝင်ရောက်လာတာပါ။
သူတို့ဟာ တောလမ်းအတိုင်းဓားသွေးကျောက်ရွာ၊ အညာဖျားရွာနဲ့ ဥယျာဥ်ကြီးရွာတွေဘက်ကို ဝင်ရောက်ပြီး ဒေသခံတချို့ကိုဖမ်းဆီးခေါ်ဆောင်တာတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။
ကျောက်ရှပ်ရွာက စစ်ကောင်စီသတင်းပေးဆိုသူတွေ ဖမ်းခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ ရွာထဲကင်းပုန်းဝပ်နေ
ရေဖြူမြို့နယ်၊ ကျောက်ရှပ်ရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေသူတွေ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ ရွာထဲမှာ ကင်းပုန်းဝပ်နေတာမျိုးတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၆၀ ဝန်းကျင်အရွယ် ဦးကျော်ဝင်းနဲ့ အသက် ၅၀ ကျော်အရွယ် ဦးသိန်းစိုး တို့ကို ၎င်းတို့နေအိမ်တွေကနေ မေလ ၂၀ ရက် ည ၈ နာရီခွဲလောက်မှာ လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြန်လည် ခုခံလို့ ပစ်ခတ်ခံရတယ်ဆိုတဲ့ ဦးကျော်ဝင်းရဲ့ ထိခိုက်မှု အခြေအနေကိုတော့ အသေးစိတ်မသိရပေမဲ့ ဖမ်းဆီးခံရသူနှစ်ဦးစလုံးကို လက်နက်ကိုင်လူတစ်စုက ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ တနင်္သာရီတိုင်းမ်အနေနဲ့ အတည်ပြုနေဆဲဖြစ်ပါတယ်။
မနေ့က မနက် ၉ နာရီဝန်းကျင်မှာတော့ ရေဖြူမြို့ အခြေစိုက် ခမရ(၄၀၇)၊ ခမရ (၄၀၈)၊ ခမရ (၄၀၉) က စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းသုံးကြောင်းခွဲပြီး ကျောက်ရှပ်ရွာထဲနဲ့ ရွာအနီးတဝိုက်ကို တောနင်းရှာဖွေတာတွေ ရှိခဲ့သလို စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်ကလည်း ရွာထဲမှာ ကင်းပုန်းဝပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
The Tanintharyi Times
