နွေဦးလမ်းကြမ်းထဲက LGBT များ ရှေ့ဆက်နေသည့် တန်းတူရေး ခရီးရှည်

နွေဦးလမ်းကြမ်းထဲက LGBT များ ရှေ့ဆက်နေသည့် တန်းတူရေး ခရီးရှည်

ခြောက်ပေမဲ့ ကြောက်မနေဘူး “ ၊ “ အခြောက်များမှာ အကြောက်တရားမရှိ “ စသည့် ကြွေးကြော်သံများသည် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ကြွေးကြော်သံများ ဖြစ်ပြီး ထိုအသံ ပိုင်ရှင်များသည် ခေတ်အဆက်ဆက် ခွဲခြားဆက်ဆံခံရမှု ပေတံအောက်တွင် ရပ်တည်၊ ရှင်သန်နေရသူများ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျဆုံးပြည်သူနှင့် ဖမ်းဆီးခံရသူများ စာရင်းထဲတွင် အမျိုးသား ဦးရေ၊ အမျိုးသမီး ဦးရေများကို တွေ့ရသော်လည်း လိင်စိတ်ခံယူမှုကွဲပြားသူ LGBT များ၏ စာရင်းများကိုမူ ခန့်မှန်းပြောဆိုကြသည်မှ လွဲ၍ တိတိကျကျ မရှိပေ။

“ LGBT လို့ ဝန်ခံထားတာ မဟုတ်တဲ့လူတွေ အများကြီးမို့ တော်လှန်ရေးမှာ ပါဝင်နေသူ အရေအတွက်ကို ပြောဖို့ရန် ခက်တယ် “ ဟု LGBT အရေး လုပ်ဆောင်နေသူ ဂျက်စတင်က ပြောသည်။

တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ၊ တော်လှန်ရေးတွင် ပါဝင်နေကြသည့် အရေအတွက်ကို တိတိပပ မှတ်တမ်းတင်ထားခြင်းမျိုးမရှိသော်လည်း LGBT တို့သည် အမျိုးသား၊ အမျိုးသမီးများနှင့် ရင်ဘောင်တန်းကာ တော်လှန်ရေးတွင် အုပ်တစ်ချပ်သဲတစ်ပွင့်ပာဝင်နေကြသည်မှာ အငြင်းပွားစရာမရှိပါ။

LGBT တို့၏ တော်လှန်ရေးမျှော်မှန်းချက်တွင် LGBT များအပေါ် လူ့အသိုင်းအဝန်း၏ ခွဲခြားဆက်ဆံမှုများ ကို စစ်အာဏာရှင်စနစ်အတူ ကျဆုံးပပျောက်စေရန်ဆိုသည့်အချက်လည်းပါဝင်သည်။

မိမိ၏ လိင်စိတ် ဖြစ်တည်မှုအပေါ် ထုတ်ဖော်ပြောဆိုရန် လူမှုစံနှုန်း၊ ဥပဒေစံနှုန်းများက အတားအဆီးဖြစ်ခဲ့သော်လည်း တယောက်အခွင့်အရေးကို တယောက်က လေးစားသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို အတူတကွ ချီတက်ဖို့ ဂျက်စတင်က အကြွင်းမဲ့ ယုံကြည်ချက်ရှိသည်။

ဂျက်စတင် က LGBT Alliance Myanmar (မန္တလေး)က။ တော်လှန်ရေးကာလ အစကပင် အကြမ်းမဖက် အာဏာဖီဆန်ရေး ဆန္ဒပြပွဲများတွင် ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့သူ။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့၊ ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးဖဲကြိုးနက် လှုပ်ရှားမှု အပြီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဝန်ကြီးဌာန၏ ပြီးခဲ့သည့်နှစ် မေလက ထုတ်ပြန်ချက်အရ စစ်ကောင်စီ အကြမ်းဖက်မှုကြောင့် LGBT ၁၇ ဦး သေဆုံးခဲ့ရပြီး၊ မတရားဖမ်းဆီးခံထားရသူ ၈၅ ဦးထက်မနည်း ရှိခဲ့သည်။ အဆိုပါစာရင်းသည် LGBT နှင့် ပတ်သက်သည့် နောက်ဆုံး သိရှိရသော စာရင်း ဖြစ်သည်။

ဖမ်းဆီးနှိပ်စက်ပြီး တခြားသူများထက် ပိုမိုဖိနှိပ်ခံရသည့် LGBT တို့သည် အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ကြောက်ရွံ့ခြင်းအလျဥ်းမရှိဘဲ ယခုအချိန်အထိ လက်နက်ကိုင်တော်လှန်ရေး၊ လက်နက်မဲ့အကြမ်းမဖက်လူထုလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်နေကြဆဲဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးထဲတွင် လိင်တူချင်း ချစ်ခင်နှစ်သက်သူ LGBT များသည် အာဏာရှင်တော်လှန်ရေး ဘယ်ကဏ္ဍမှာမဆို ပါဝင်ခဲ့ကြသူများ ဖြစ်သည်။

“ကျွန်မတို့က လူသားထဲက လူသားဖြစ်တဲ့အတွက် လူ့ကျင့်ဝတ်၊ လူ့ဂုဏ်သိက္ခာနဲ့အညီ လုပ်ဆောင်သွားမယ်”ဟု ပြောလာသူက Dawei LGBT Community ၏ တာဝန်ခံ ဆူနာမီ ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း လိင်တူချစ်ခင်နှစ်သက်သူ LGBT များ၏ တော်လှန်ရေးအင်အား ပေါင်းစည်းထားရာ အဖွဲ့အစည်းတခု ဖြစ်သည့် Dawei LGBT Community က လောင်းလုံးမြို့နယ် လူထုသပိတ်လှုပ်ရှားမှု စစ်ကြောင်းများထဲက တစ်ခု ဖြစ်သည်။

သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Southern Monitor ၏ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်မှစပြီး ၂၀၂၃ ဖေဖော်ဝါရီလအထိ ၂ နှစ်တာအတွင်း တနင်္သာရီတိုင်း၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ၃၂၀၁ ကြိမ် လုပ်ဆောင်ခဲ့ပြီး ယင်းလှုပ်ရှားမှုထဲ၌ Dawei LGBT Community သည် ပူးပေါင်းအဖွဲ့အနေဖြင့် ပါဝင်နေသည်။

လမ်းပေါ်ထွက်တဲ့ လူထု လှုပ်ရှားမှုတွေမှာ LGBT Community က အမြဲတမ်း တစ်ထောင့်တစ်နေရာကနေပြီး ပါဝင် ဆောင်ရွက်နေခဲ့သည်မှာ သမိုင်းမှတ်တမ်းအဖြစ် အထင်အရှားပင်တွေ့မြင်နေရသည်။

LGBT အရေး တက်ကြွလှုပ်ရှားသူ ထိုက်ထိုက်ကတော့ “ဒီမိုကရေစီလှုပ်ရှားမှုပဲ ပြောပြော၊ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုလို့ပဲ ဆိုဆို၊ ဘယ်လှုပ်ရှားမှုမှာမဆို LGBT တွေက နောက်ကျကျန်ခဲ့တာ မရှိဘူး။ “ ဟု ထောက်ပြသည်။

အာဏာရှင်မနှစ်သက်သည့် လူထု အင်အားတိုက်ပွဲတွေမှာ ပါဝင်ခဲ့သည့်အတွက် ဖမ်းဆီးခံရသူများထဲတွင် LGBT အရေးတက်ကြွလှုပ်ရှားသူများလည်း ထိပ်ဆုံးက ပါဝင်ခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည့်အတွက် Transgender woman မစူးရှရှင်းသန့်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးကာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ၂၅ နှစ် ထောင်ချခဲ့သည်။

မစူးရှရှင်းသန့်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရာတွင် ရိုးရိုးမဖမ်း၊ ကားဖြင့် တိုက်ကာ ဖမ်းသည်။ ပြီးလျှင် စစ်ကြောရေး၌ သစ်ပင်ပေါ်မှာ ဇောက်ထိုးဆွဲကာ ရိုက်နှက်ညှင်းပန်းနှိပ်စက်ခဲ့သည်။

အာဏာကိုတွန်းလှန်ခြင်းကြောင့်ဆိုသည့် အကြောင်းပြချက်ထက် LGBT ဖြစ်တည်မှုအပေါ် ရုပ်ပိုင်းတင်မက စိတ်ပိုင်းဆိုင်ရာအရပါ အနိုင်အထက်ပြုခြင်းပင် ဖြစ်သည်။

အခုလို ထောင်တွင်းအကြမ်းဖက်မှုတွေက စစ်တပ်က အာဏာသိမ်းကာလမှာ LGBT တွေအပေါ် ခွဲခြားဆက်ဆံမှုက လျော့နည်းမသွားဘဲ ပိုတိုးလာသည်ကို လက်တွေ့ပြသနေခြင်းပင်။

စစ်ကောင်စီလက်ထပ်မှာ “LGBT တွေကော၊ မသန်စွမ်းသူတွေကော ဘာအခွင့်အရေးမှမရှိဘူး။ “ ဟု လူငယ်တစ်ဦးက ပြောသည်။

LGBT များ၏ တော်လှန်ရေး အခန်းကဏ္ဍသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်တွင်သော်လည်းကောင်း၊ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင်သော်လည်းကောင်း တန်းတူပါဝင်နေခြင်းကြောင့် အကောင်းဘက် ရှုမြင်လာကြသူများ ရှိသလို တချို့သော ရှေးရိုးစွဲအမြင်များကြောင့် ခွဲခြားဆက်ဆံခံရသည်များလည်း ရှိနေသည်ဟု ဆူနာမီက ဆိုသည်။

“တချို့တွေကျလည်း တော်လှန်ရေးနဲ့ အခြောက်နဲ့ ဘာမှမဆိုင်ဘူး။ LGBT တွေ အချင်းချင်းတောင် ပြောတဲ့ အဲလိုစကားတွေလည်း ရှိတာပေါ့နော်။ အချို့ကတော့ စကားဖြစ်သော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ဖြစ်သော်၎င်း၊ စိတ်ပိုင်းဆိုင်ရာဖြစ်သော်၎င်း၊ ခွဲခြားခံရတာရှိတာပေါ့“ ဟု Dawei LGBT Community တာဝန်ခံ ဆူနာမီက ဖွင့်ဟသည်။ ၎င်းပြောပြသော ခွဲခြားဆက်ခံရမှုသည် စကားဖြင့် နှောက်ယှက်ထိပါးမှုမျိုးဖြစ်သည်။

တော်လှန်ရေးကာလအတွင်း ဖွဲ့စည်းပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရတွင် ပါဝင်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် ဒု ဝန်ကြီး ၃၂ ဦးထဲတွင် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် LGBT အဖြစ် ခံယူထားသူ ဖြစ်သည်။

ဦးအောင်မျိုးမင်း ပြည်ထောင်စုဝန်ကြီး တာဝန်ယူပြီးနောက်ပိုင်းတွင် သူ၏ LGBT ဖြစ်တည်မှုအပေါ် စစ်ကောင်စီ ဝါဒဖြန့်သူများက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပုံဖျက်တိုက်ခိုက်မှုများ၊ သတင်းအမှားများဖြင့် ဝါဒဖြန့် ရေးသားမှုများစွာ လုပ်ဆောင်သည်ကို ကြုံတွေ့ခဲ့ရသည်။

လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သူ ဝန်ကြီးကတော့ ပြောဆို၊ တိုက်ခိုက်မှုတွေကို ခွန့်တုန့်မပြန်ခဲ့။ အာဏာရှင်အသိုက်အဝန်း၏ လူ့အခွင့်အရေးရေချိန်နှိမ့်ကျမှုကို အစကတည်းကပင် သိနားလည်ခဲ့သည်အတွက် လူထုတိုက်ပွဲကိုသာ ရှေးရှုခဲ့သည်။

တော်လှန်ရေးကာလဖြစ်စေ၊ တော်လှန်ရေး မဟုတ်သော ကာလဖြစ်စေ မြန်မာ့လူ့အဖွဲ့အစည်းတွင် ဖိုဝါဒကြီးစိုးသော လူ့အဖွဲ့အစည်း၊ Gender အစွဲမကင်းသော လူ့အဖွဲ့အစည်း၊ ကျား/မ နှစ်မျိုးသာရှိရမည်ဆိုသည့်စနစ်ထဲ နှစ်ကာလကြာရှည်စွာ နေလာခဲ့ကြသလို၊ LGBT ဟူသည် သွေဖယ်လွဲမှားနေသောလူသားများအဖြစ် ယူဆခဲ့ကြသည်။

လိင်တူအချင်းချင်း ချစ်ခင်နှစ်သက်မှုသည် ပြစ်မှုမြောက်ကြောင်း အတိအလင်း ပြဌာန်းထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၇ ကျင့်သုံးနေဆဲ၊ အသက်ဝင်နေဆဲဆိုသည့် အကြောင်းပြချက်က ရှင်းလင်းသည့် သာဓကပင်။ ယင်းဥပဒေပုဒ်မ -၃၇၇ ကို LGBT Community များက ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့ကြသောလည်း ပြောင်းလဲနိုင်ခြင်း မရှိခဲ့။

LGBT အရေး တက်ကြွလှုပ်ရှားသူ ထိုက်ထိုက်ကတော့ “Gender နှစ်မျိုးထဲ ရှိရမယ်ဆိုတဲ့ ဒီစနစ်ကြီးကို တွန်းလှန်ရမယ်။ အမြင်တွေကို ချေဖျက်ရမယ်။ အတွေးအခေါ်အယူအဆတွေကလည်း ဘယ်အပေါ်မှာ မူတည်နေသလဲဆိုတော့ ကျနော်တို့ နိစ္စဓူဝ ပြောနေကျ၊ ဟောနေကျ၊ ဆိုနေကျတဲ့ စွဲဆိုချက်တွေ ဟောပြောချက်တွေ၊ ရေးသားချက်တွေကလည်း ပြောင်းလဲရမယ်။ မီဒီယာသမားတွေဆိုရင်လည်း Gender အစွဲကင်းသော အရေးအသားဖြစ်ရမယ်။ အဲဒါမှလည်း အတွေးအခေါ်တော်လှန်ရေး အပြောင်းအလဲ ဖြစ်နိုင်တယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာပြည်သူများသည် အာဏာရှင်စနစ် ပြုတ်ကျရေးနှင့်အတူ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီတိုင်းပြည် တည်ဆောက်ရေးကို ရည်သန်ကြသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကလည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပထမအကြိမ် ပြည်သူ့ညီလာခံ ကျင်းပခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ကို ထုတ်ပြန်ခဲ့သည်။ ထိုပဋိညာဥ်တွင် လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ စာပေ၊ ယဥ်ကျေးမှု၊ ကျား/မ၊ မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှုအပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်း Non-Discrimination ဆိုသည့် အချက်ကို ပြည်ထောင်စုစံတန်ဖိုး Union Values ဖော်ပြချက်အောက်တွင် ဖော်ပြထားသည်။

လူငယ်တဦးက‌တော့ “ သူတို့က လွတ်လပ်မှုတွေနဲ့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ခဲ့ကြတာ၊ ဒီနွေဦးတော်လှန်ရေးမှ ဒီအာဏာသိမ်းမှုမှ မဟုတ်ပါဘူး။ မတရားမှုကို တော်လှန်ရာမှာ နောက်ထပ်နောက်ထပ်တွေမှာလည်း ပါဝင်နေကြဦးမယ့် လူသားတွေပါ“ ဟု ဆိုသည်။

ထိုလူငယ်လေးအပါအဝင် နွေဦးတော်လှန်ရေးတွင် ပါဝင်သူအများစုကတော့ အများနှင့်တန်းတူ တိုက်ပွဲဝင်ပြီး အများနှင့်တန်းတူဆက်ဆံမခံရဘဲ ခွဲခြားဆက်ဆံခံရသူ တစ်ဦးတစ်‌ယောက် ဒါမှမဟုတ် လူအဖွဲ့အစည်းတစ်ခုရှိနေလျှင်ပင် စစ်အာဏာရှင်နှင့် ထူးမခြားနားပဲ ဖြစ်နေလိမ့်မည်ဟု ဆိုသည်။

ကွန်းဟဒေ့

The Tanintharyi Times