စစ်ကိုင်းမှာ ကြွေတဲ့ ထားဝယ်ကြယ်

စစ်ကိုင်းမှာ ကြွေတဲ့ ထားဝယ်ကြယ်

သူ့ဈာပနမှာ

“ထားဝယ်လေးရေ…”

“ထားဝယ်သားလေးရေ…” လို့

တမ်းတ..အော်ငိုနေတာက

စစ်ကိုင်းသူတစ်စုလေ…။

သူ့ဈာပနမှာ

တောက်ခေါက်သူတွေ..

“ငါ_ိုးမသားတွေ၊ လုပ်နှင့်လိုက်

မင်းတို့အလှည့်ကျရင်..လုပ်နှင့်လိုက်”နဲ့

ယူကြုံးမရ ကြိမ်းဝါးသူတွေက

သေနတ်လွယ်ထားတဲ့

စစ်ကိုင်းသားတွေလေ..။

သူ့ခေါင်းတလားပေါ်မှာ

စစ်ကိုင်းမြေထွက်နှင်းဆီနီတွေ

ဝေ..။

ထားဝယ်သားတစ်ယောက်ရဲ့ ဈာပနမှာ

ထားဝယ်အငွေ့အသက်မက

ထားဝယ်တစ်ယောက်မှ မပါတော့

သူ့ဆွေမျိုးဆို ဝေလာဝေးပေါ့။

ဒါပေသိ

သူ့ဈာပနမှာ

သူ့ရဲဘော်အပြည့်..

သူ့သွေးချင်းအပြည့်

သူ့ကိုချစ်တဲ့

စစ်ကိုင်းသူစစ်ကိုင်းသားအပြည့်..။

အိုဘယ့်..

စစ်ကိုင်းမြေမှာ ကြွေတဲ့

ထားဝယ်ကြယ်လေးရေ..၊

တော်လှန်နွေဦးအတွက်

ပြည်မနဲ့ထားဝယ်

ပေါင်းကူးမယ်ဆိုပြီး

ကိုယ့်မြင်းကိုယ်စိုင်း

စစ်ကိုင်းအရောက်သွားခဲ့ပြီးမှ

မင်းရဲ့ဈာပန

ငါတို့ အဝေးက

လိုက်ပါ ပို့ဆောင်ကြရပြီ။

သူ့ဈာပနက

ထားဝယ်လည်း စစ်ကိုင်း

စစ်ကိုင်းလည်း ထားဝယ်ဆိုတာ..၊

ဟောဒီ တော်လှန်နွေဦးက

နယ်စည်းမထား

အားလုံးက

တသွေးတသားတည်းဆိုတာ

သက်သေစိုက်ပြခဲ့..။

ဟုတ်ကဲ့..

သူ့ဈာပနမှာ

ဒေသအစွဲတွေကို

သင်္ဂြိုဟ်လိုက်ပါပြီ။ ။

ရဲဘော်ဂျေ

The Tanintharyi Times