ထားဝယ်နိုင်ငံရေး အကျဥ်းသားဟောင်းတစ်ဦး စစ်ကိုင်းတိုင်း စစ်မြေပြင်မှာ ကျဆုံး

ထားဝယ်နိုင်ငံရေး အကျဥ်းသားဟောင်းတစ်ဦး စစ်ကိုင်းတိုင်း စစ်မြေပြင်မှာ ကျဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကစစ်မြေပြင်မှာ မိုင်းမတော်တဆမှုဖြစ်ပြီး ထားဝယ်နိုင်ငံရေးအကျဥ်းသားဟောင်း တစ်ဦးကျဆုံးခဲ့ပါတယ်။

ကျဆုံးခဲ့သူဟာ အသက် ၂၄နှစ်ဝန်းကျင်အရွယ် ကိုချစ်ဝေယံဖြိုးဖြစ််ပြီး ဒီကနေ့မနက်ပိုင်းမှာပဲ ကျဆုံးသွားတာလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ကနေ သိရပါတယ်။

သူရဲ့ကျဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တစ်ဦးက “သူ့ကိုကျနော်တို့က ကိုထားဝယ်လို့ခေါ်တယ်။ သင်တန်းမှာကတည်းက လူအများကြီးထဲမှာ ထားဝယ်ကဆို သူပဲပါတာ။ လက်ရှိအဖွဲ့တွေမတူကြပေမဲ့ နေ့တိုင်းချိတ်ဆက်ပြီးအလုပ်လုပ်နေတာ။ အခုမနက်က သူတို့ရှိတဲ့ဘက်ကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ မိုင်ထောင်တဲ့အချိန် ဒီလိုဖြစ်သွားတာဗျာ” လို့ပြောပါတယ်။

ကိုချစ်ဝေယံဖြိုးဟာ ကန့်ဘလူမြို့နယ်အတွင်းက ဒေသခံအဖွဲ့တစ်ခုမှာ ခေါင်းဆောင်ပိုင်းအနေနဲ့ ဦးဆောင်တိုက်ပွဲဝင်နေသူတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။

ထားဝယ်မြို့ပေါ်ပြောက်ကျားသပိတ်တွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တာကြောင့် ၂၀၂၁ခုနစ် မေလ အတွင်းမှာ ကိုချစ်ဝေယံဖြိုး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ ၅၀၅-ဂ၊ ပုဒ်မ ၁၄၅ တို့နဲ့တရားစွဲဆိုခံရပြီး ထားဝယ်အကျဉ်းထောင်မှာ ၆ လခန့်အကျဉ်းကျခံခဲ့ရသူ ဖြစ်တယ်လို့ ထားဝယ်နိုင်ကျဉ်းများကွန်ရက် ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ထားဝယ်ထောင်ကလွတ်မြောက်လာပြီးနောက်မှာ မြောက်ပိုင်း EAO အဖွဲ့တစ်ခုမှာ ပြည်သူ့ကာကွယ်ရေး သင်တန်းတက်ရောက်ပြီး မကျဆုံးခင် အချိန်အထိ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ကိုချစ်ဝေယံဖြိုးရဲ့သူငယ်ချင်းတစ်ဦးက “သူကထားဝယ်ပြန်ပြီး တိုက်ပွဲဝင်ချင်တယ်ပဲပြောနေတာပါ။ အခုလည်းဒရုန်းသင်တန်းတွေတက်နေတယ်။ ထားဝယ်ဘက်ကိုရောက်ရင် အဆင်ပြေအောင် ဒီမှာကတည်းက သင်သွားချင်တယ်တဲ့လေ” လို့ ပြောပြပါတယ်။

ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်ကတော့ ကိုချစ်ဝေယံဖြိုးရဲ့ကျဆုံးမှုအတွက် ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ကိုချစ်ဝေယံဖြိုးကို သူရဲကောင်းအဖြစ်အသိအမှတ်ပြု၊ လေးစားဂုဏ်ယူပြီး အလေးပြုကြောင်းထုတ်ပြန်ထားပါတယ်။

ကိုချစ်ဝေယံဖြိုးကို ဒီကနေ့မနက်မှာပဲ သဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

The Tanintharyi Times