ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် အခွင့်အရေးဆိုင်ရာ အာမခံချက်၊ ကတိကဝတ်များအား သုံးသပ်ခြင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် အခွင့်အရေးဆိုင်ရာ အာမခံချက်၊ ကတိကဝတ်များအား သုံးသပ်ခြင်း

မြန်မာ့သမိုင်းတွင် မကြုံစဖူး လူ့အဖွဲ့အစည်းအဆင့် ကျယ်ပြန့်နက်ရှိုင်းလှသည့် နွေဦးတော်လှန်ရေးကြီး၏ အကြီးကျယ်ဆုံးဂုဏ်မှာ ပြည်သူလူထုကြီး (လူမျိုးစုမရွေး၊ ဘာသာမရွေး၊ အိုင်ဒန်တဒီ မရွေး) က မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင် နေထိုင်ကြသည်ဖြစ်စေ စစ်အာဏာရူးတို့၏ သမိုင်းချီ လက်နက်အားကိုး မတရားဖိနှိပ်ရက်စက်မှုကြီးအား အဆုံးသတ်ပြီး စစ်အာဏာရှင် စနစ်ဆိုး စနစ်ယုတ်အား အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကျင့်သုံးပြီး ပြည်ထောင်စုသစ် တည်ဆောက်ရေးစသည့် နိုင်ငံရေးပိုင်းဖြတ်ချက်ဖြင့် ပြည်သူအချင်းချင်း လက်ချင်းချိတ် တော်လှန်ဆန့်ကျင်ကြသည့် စုစည်းရုန်းကန်မှုကြီး ဖြစ်ခြင်းပင်ဖြစ်သည်။ အိုင်ဒန်တတီနောက်ခံ အမျိုးမျိုးရှိသော ပြည်သူလူထုအများစုကြီးမှ အကြီးမားဆုံးသော ရင်းနှီးပေးဆပ်မှုများ၊ စွန့်လွှတ်အနစ်နာခံရမှုများကို အရင်းတည်ကာ တစ်ခဲနက် ပါ၀င်ဆင်နွှဲလျက်ရှိသည့် နွေဦးတော်လှန်ရေးကြီးသည် ၂ နှစ်ကျော်ကာလကို ဖြတ်သန်းလာခဲ့ပြီ ဖြစ်သည်။

နွေဦးတော်လှန်ရေးကြီးနှင့် စတင်ခဲ့ပြီး ၂ လခန့်အကြာကာလမှာပင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအ၀င် ရွေးကောက်ခံကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာအဖွဲ့အစည်းများအပါအ၀င် အရပ်ဖက်လူထုအဖွဲ့အစည်းများ၊ အာဏာရှင် စနစ်ဆန့်ကျင်ရေး CDM လှုပ်ရှားမူဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့ အစည်းများ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ (Ethnic Resistance Organizations)၊ ကြားကာလပြည်နယ်/ ဖက်ဒရယ်ယူနစ်ကိုယ်စားပြုနှင့် လူမျိုးအခြေပြု အဖွဲ့အစည်း/ ကောင်စီများက စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ အရပ်သား ပြည်သူ့အစိုးရ ပေါ်ထွန်းရေးစသည့် ဦးတည်ချက်၊ ရည်ရွယ်ချက်များဖြင့် မြန်မာ့မိုင်းတစ်လျောက် မရရှိ ခဲ့ဖူးသည့် နိုင်ငံရေး သဘောတူညီမှုများဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်ကြီးအား ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သော ပြည်သူ့ညီလာခံကြီးတွင် ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် အတည်ပြုခဲ့ပေသည်။

အခွင့်အရေးဆိုင်ရာ အာမခံချက်၊ ကတိကဝတ်များ အားသုံးသပ်ခြင်း

~~~~~~~~~~

ဖက်ဒရယ်နိုင်ငံရေးစနစ်၏အခြေခံအကျဆုံးမူများအဖြစ်

● ကိုယ်ပိုင်အုပ်ချုပ်ရေးမူ (Principle of Autonomy)

● ပူးပေါင်းဆောင်ရွက်ရေးမူ (Principle of Participation)

● လုပ်ပိုင်ခွင့်အာဏာများအား ခွဲဝေရာတွင် “သက်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကို ထိရောက်စွာ ကျင့်သုံးနိုင်မည့် ပြည်သူနှင့် အနီးဆုံးအစိုးရအလွှာသို့ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းရေးမူ” (Subsidiarity principle) သည် အခြေခံအကျဆုံးဖြစ်သည်။ (ပြည်ထောင်စု အလွှာ၊ ပြည်ထောင်စုအဖွဲ့၀င် ပြည်ထောင်ဖက်ပြည်နယ်များအလွှာ၊ ဒေသန္တရ)၊ အချိုးညီအာဏာခွဲဝေမှု၊ အချိုးမညီ အာဏာခွဲဝေမှုပုံစံများအားဖြင့် လုပ်ပိုင်ခွင့်အာဏာများကို ခွဲဝေကျင့်သုံးကြပါသည်။

● ဖက်ဒရယ်စနစ်အတွင်း အခြေခံအကျဆုံး ကာကွယ်မြှင့်တင်ရမည့် အခွင့်အရေးများ (ပြည်ထောင်စုသားတဦးချင်း၏ လူ့အခွင့်အရေး (Individual human right)၊ လူနည်းစု/ သြဇာလွှမ်းမိုးမှုမရှိသော အုပ်စုများ အခွင့်အရေးများ (Minority right)၊ ပထဝီနယ်နိမိတ်ဖြင့် ကန့်သတ်ချုပ်ချယ်၍ မထားနိုင်သော၊ ချိတ်ဆက်နေခြင်း မရှိသော အစုအလိုက် ကိုယ်ပိုင်ပြဌာန်းခွင့်များ ကျင့်သုံးနိုင်ရေး (Non-territorial right))

လူနည်းစု (သို့မဟုတ်) လွှမ်မိုးနိုင်စွမ်းသြဇာမရှိသော အုပ်စုအခွင့်အရေးအား အခြေခံဥပဒေအရ ကာကွယ်နိုင်ရေး။ (ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပဓာနကျသော ကိစ္စရပ် (၂) ခုမှာ

(၁) တန်းတူညီမျှခြင်း/ ခွဲခြားဆက်ဆံမှုကင်းစင်ခြင်း

(၂) လူနည်းစုတို့၏ ထူးခြားသော ဝိသေသလက္ခဏာတို့ကို ကာကွယ်ခြင်းနှင့် မြှင့်တင်ခြင်းတို့ ဖြစ်ပေသည်။

နွေဦးတော်လှန်ရေးကြီးမှ ပြဋ္ဌာန်း ပဋိညာဥ်ပြုနိုင်ခဲ့သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်သည် အထက်တွင် ဖော်ပြထားသော ဖက်ဒရယ်နိုင်ငံရေးစနစ်၏ အခြေခံအကျဆုံးမူများအပေါ် အခိုင်အမာအခြေပြုထားသည်ကို တွေ့ရပါသည်။

စုပေါင်းခေါင်းဆောင်မှု (Collective Leadership)၊ စုံလင်ကွဲပြားမှူကို အပြန်အလှန် လေးစား အသိအမှတ်ပြုခြင်း (Pluralism, Mutual Respect and Mutual Recognition)၊ သဟဇာတဖြစ်ခြင်းနှင့် မတူကွဲပြားမှုကို လက်ခံသော ညီညွတ်ခြင်း (Unity in Diversity)၊ ဂျန်ဒါတန်းတူရေး (Gender Equality)၊ ခွဲခြားဆက်ဆံမှုမရှိခြင်း ( လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ စာပေ၊ ကျား/မ၊ မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှုများတွင် ခွဲခြားမှုမရှိစေရေး ပြည်ထောင်စုတန်ဖိုးများကို အခိုင်အမာတန်ဖိုးထားလျက် အခြေခံ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ လူနည်းစု အခွင့်အရေးစသည့် လူ့အဖွဲ့ အစည်းအဆင့် လူမှုနိုင်ငံရေးဆိုင်ရာ အခွင့်အရေးများအား အာမခံထားသလို၊ မြန်မာ့သမိုင်းတွင် အရေးကြီးလှသည့်၊ လူမျိုးစုများ၏ နှစ်ပေါင်းများစွာ တော်လှန်တိုက်ပွဲ၀င်ခဲ့ရသည့် တော်လှန်ရေး ဦးတည်ချက်ဖြစ်သော နိုင်ငံရေးဆိုင်ရာ အခွင့်အရေးဖြစ်သည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကိုလည်း ထည့်သွင်းအာမခံပဋိညာဥ်ပြုထားနိုင်ခဲ့သည်ကို တွေ့ရပါသည်။ (အခန်း (၄)၊ အပိုင်း ၁၊ ပြည်ထောင်စု မျှော်ရည်ချက်နှင့် စံတန်ဖိုး)။

အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးများကို ပြည်ထောင်စု၏ အခြေခံအကျဆုံး စံတန်ဖိုးများအဖြစ် ပဋိညာဥ်ပြုခဲ့သည်ဖြစ်ရာ ယနေ့ခေတ်ကမ္ဘာ၏ အရေးအကြီးဆုံးသော လူသားရပိုင်ခွင့် အခွင့်အရေးများအားလုံးအား အပြည့်အ၀ အာမခံခြင်းပင် ဖြစ်ပါသည်။ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်တူညီမျှမှုစသော လူသားတိုင်းအတွက် အရေးကြီးလှသည့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ရှင်သန်နိုင်ခြင်းအပေါ် အခြေခံထားပြဋ္ဌာန်းခဲ့သည့် ၁၉၄၈ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့သော လူ့အခွင့်အရေးကြေညာစာတမ်းအား အပြည့်အ၀ အာမခံခြင်းလည်း ဖြစ်ပေသည်။ လူ့အခွင့်အရေးကြေညာစာတမ်းသည် လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် စသည့် အခွင့်အရေးများအား အကာအကွယ်ပေးထားသည့်အပြင်၊ ဂျန်ဒါ၊ လူမျိုး၊ ဘာသာ၊ ဘာသာစကား၊ အသားအရောင် စသည့် မတူညီမှုများအပေါ် ခွဲခြားခြင်းမရှိစေရန်လည်း အာမခံထားသည်။

၁၆၄၈ ခုနှစ် Westphallia သဘောတူစာချုပ်တွင် လူနည်းစု/ လွှမ်မိုးနိုင်စွမ်းသြဇာမရှိသော အစု အခွင့်အရေးအား နိုင်ငံတကာသဘောတူညီမှုအဖြစ် စတင်တွေ့ရှိခဲ့ရသည်။

အချုပ်အခြာပိုင်နိုင်ငံများ၏ အခွင့်အရေးနှင့်အတူ ထိုနိုင်ငံများတွင် နေထိုင်သော နိုင်ငံသားပြည်သူများနှင့် Minority တို့၏ အခွင့်အရေးကို သင့်မြတ်သဟဇာတ ဖြစ်စေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြှင့်တင်နိုင်ရန်အတွက် နိုင်ငံပေါင်းချုပ်အသင်းကြီးနှင့် ကုလသမဂ္ဂတို့ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လွန်ခဲ့သည့် နှစ် ၅၀ ကျော်အတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းက ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တိုးတက်စေရန် နိုင်ငံအားလုံးနှင့် သက်ဆိုင်သော Minority အခွင့်အရေးအတွက် ကျယ်ပြန့်သော စံနှုန်းများ ချမှတ်ခဲ့သည်။ Minority အခွင့်အရေး အပြည့်အစုံအား အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တစ်ခုတည်းတွင် စုစည်းပေါင်းထည့်ခြင်း မပြုရသေးသော်လည်း ကုလသမဂ္ဂနှင့် ဒေသဆိုင်ရာ သဘောတူညီချက် စာချုပ်များနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေများတွင် ပျံ့နှံ့ပါရှိသည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေအောက်ရှိ လူနည်းစုအခွင့်အရေးအတွက် ပဓာနကျသော ကိစ္စရပ် (၂) ခုမှာ

(၁) တန်းတူညီမျှခြင်း/ ခွဲခြားဆက်ဆံမူကင်းစင်ခြင်း

(၂) လူနည်းစုတို့၏ ထူးခြားသော ဝိသေသလက္ခဏာတို့ကို ကာကွယ်ခြင်းနှင့် မြှင့်တင်ခြင်းတို့ ဖြစ်သည်။

၁၉၆၆ တွင် ထုတ်ပြန်ကြေညာခဲ့သော နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်၏ အပိုဒ် (၂၇) တွင် “တိုင်းရင်းသား၊ ကိုးကွယ်ရာဘာသာတရားနှင့် ဘာသာစကားဆိုင်ရာ လူနည်းစုတို့ တည်ရှိသည့် နိုင်ငံအတွင်း၊ အခြားသူများနှင့် ရောနှောနေထိုင်ရသည့် လူနည်းစုဝင်များရှိနေရာ လူမှုအသိုက်အဝန်းအတွင်း၊ အဆိုပါလူနည်းစုတွင် ပါဝင်သူများအား ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမူကို မွေ့လျော်ကျင့်သုံးနိုင်ရန်၊ ကိုးကွယ်သည့် ဘာသာတရားကို ကိုးကွယ်ဆည်းကပ်ကျင့်ကြံနိုင်ရန်၊ ကိုယ်ပိုင်ဘာသာစကားကို သုံးစွဲနိုင်ရန် အခွင့်အရေးကို ငြင်းပယ်ခြင်းမပြုရဟု ဖော်ပြထားသည်။ ၁၉၉၂ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံက နိုင်ငံသား (သို့မဟုတ်) တိုင်းရင်းသား၊ ကိုးကွယ်ယုံကြည်မူနှင့် ဘာသာစကားဆိုင်ရာ Minority များ၏ အခွင့်အရေး ကြေညာစာတမ်း (Minority အခွင့်အရေးကြေညာစာတမ်း) ကို လက်ခံအတည်ပြုခဲ့သည်။

ဥရောပနိုင်ငံများက လူနည်းစုအခွင့်အရေးအဓိပ္ပာယ်သတ်မှတ်ရာတွင် ထပ်မံတိုးချဲ့ ဖွင့်ဆိုထားသည်။ ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) ၏ ၁၉၉၀ ကိုပင်ဟေဂင်စာတမ်းသည် ပိုမိုပြည့်စုံမူရှိသော အပြည်ပြည်ဆိုင်ရာစံနူန်းများကို ကိုယ်စား ပြုပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်သည် လူနည်းစုအခွင့်အရေးကို ပြည်ထောင်စု၏ အခြေခံအကျဆုံး စံတန်ဖိုးအဖြစ် ပဋိညာဥ်ပြုခဲ့သည်ဖြစ်ရာ အထက်ပါ လူနည်းစုအခွင့်အရေးဆိုင်ရာ နိုင်ငံတကာနှုန်းစံများအားလုံးအား လိုက်နာကျင့်သုံးမည်ဟု အာမခံထားသည့် အခြေအနေ ဖြစ်ပေသည်။

ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမှုများမှ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ

~~~~~~

ဖက်ဒရယ်ပြည်ထောင်စုကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ရှိသော ပြည်ထောင်စု အဖွဲ့၀င်ပြည်နယ်များဖြင့် ဖွဲ့စည်းပြီး ပြည်ထောင်စုအဖွဲ့၀င် ပြည်နယ်များအာလုံး (ဖက်ဒရယ်ယူနစ်အားလုံး) တို့သည် နိုင်ငံရေးအရ တန်းတူသည်ဟု ပဋိညာဥ်ပြုထားသည်ကို တွေ့ရပါသည်။ ပြည်ထောင်စုအဖွဲ့၀င် ပြည်နယ်များအာလုံးသည် သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံ အခြခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခွင့် ရှိသည်။ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ ဖက်ဒရယ်ဘဏ္ဍာရေးစနစ်တို့ကို ကျင့်သုံးရာတွင် သက်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကို ထိရောက်စွာ ကျင့်သုံးနိုင်မည့် ပြည်သူနှင့် အနီးဆုံးအစိုးရအလွှာသို့ လုပ်ပိုင်ခွင့် အာဏာအပ်နှင်းရေးမူ” (Subsidiarity principle) အခြေပြု၍ ခွဲဝေကျင့်သုံးမည်ဟု အာမခံထားသည် ဖြစ်ရာ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူနှင့် အနီးဆုံးအဆင့်များမှ စတင်၍ မူဝါဒများအပေါ် ပူးပေါင်းပါ၀င်အကြံပြုမှု၊ စောင့်ကြည့်လေ့လာနိုင်မှုစသည့် ပြည်သူလူထု ကိုယ်တိုင် လက်လှမ်းမှီစွာ ထိန်းကျောင်းနိုင်မည့် ယန္တယားများကို တည်ထောင်နိုင်ပြီး၊ ဒေသန္တရ ဒီမိုကရေစီ အခွင့်အရေးများကိုပါ သေချာစေမည့် ပြည့်သူ့ရေးရာ မူဝါဒနှင့် စီမံခန့်ခွဲခြင်းဖြစ်စဥ်အား တည်ဆောက်နိုင်ရန် အားသာချက်များ ရှိနေပါသည်။

ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝ ကျင့်သုံးသော၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ ရှိသော၊ ဖက်ဒရယ်ပြည်ထောင်စု အင်္ဂါရပ်များနှင့် ပြည်စုံသော ပြည်ထောင်စုကို ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ပြည်ထောင်စုအဖွဲ့၀င်များနှင့် ဖွဲ့စည်းပြီး ပြည်ထောင်စုအဖွဲ့၀င် ပြည်နယ်တိုင်းတွင် သီးခြားဥပေဒေပြုရေးအာဏာ၊ သီးခြား အုပ်ချုပ်ရေးအာဏာနှင့် သီးခြား တရားစီရင်ရေး အာဏာတို့ ရှိကြောင်း အာမခံထားပါသည်။ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား သီးသန့်ကျင့်သုံးသည့် အာဏာများ၊ ထပ်တူပြုကျင့်သုံးသည့် အာဏာများကို ခွဲဝေကျင့်သုံးပြီး ကြွင်းကျန်အာဏာများကိုမူ ပြည်ထောင်စုအဖွဲ့၀င် ပြည်နယ်များတွင်သာ ထားရှိမည် ဖြစ်သည်။ ဖက်ဒရယ်လွှတ်တော်ကို အာဏာတူသည့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့ဖြင့် ဖွဲ့စည်းပြီး အထက်လွှတ်တော်သို့ ပြည်ထောင်စုအဖွဲ့၀င် ပြည်နယ်အသီးသီးက တူညီသော အရေအတွက်ဖြင့် ရွေးချယ်စေလွှတ်သည့် ရွေးကောက်ခံ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး ၀န်ကြီးချုပ်ဦးဆောင်သော ပါလီမန်စနစ်ကို ကျင့်သုံးမည်ဟု ပဋိညာဥ်ပြုထားသည်ကို တွေ့ ရသည်။

ပြည်နယ်များသည် ကိုယ်ပိုင်အခြေခံဥပဒေများ ရေးဆွဲခွင့်ရှိပြီး ပြည်နယ်တွင်းရှိ ဒေသန္တရအဆင့် လုပ်ပိုင်ခွင့် အာဏာကို ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ရှင်းလင်းတိကျစွာ ဖော်ပြပြီး အခွန်ကောက်ယူနိုင်သည့် စာရင်းများကို တိကျစွာ သတ်မှတ်ပြဌာန်းထားရမည်ဖြစ်သည်။ ပြည်နယ်အတွင်းရှိ တိုင်းရင်း သားလူမျိုးတိုင်း၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစသည့် အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်း မြှင့်တင်ပေးရမည်။ ပြည်နယ်များ၏ ရုံးသုံးဘာသာစကားကို သက်ဆိုင်ရာြပည်နယ်က သင့်လျော်သလို သတ်မှတ်နိုင်ပေသည်။ ပြည်ထောင်စုအဆင့် လွတ်လပ်သော ကော်မရှင်များကို ဖွဲ့စည်းပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ပါ အခွင့်အရေးများအားလုံးအား ကာကွယ်ပေးရန် အာမခံထားပါသည်။

ပြည်ထောင်စုသားတဦးချင်းစီသည် အခြေခံ အခွင့်အရေးများ၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ၊ အထူးစီမံဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေးများ (Affirmative action)၊ ကလေးသူငယ်များဆိုင်ရာ၊ အလုပ်သမားအခွင့်အရေး၊ တောင်သူလယ်သမား အခွင့်အရေးများ၊ သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးအားလုံးအား အပြည့်အ၀ခံစားနိုင်ရန် တန်းတူအခွင့်အရေး ဖော်ဆောင်ခြင်း အာမခံချက်များအားဖြင့် အခိုင်အမာ အာမခံထားသည်ကို တွေ့ရပါသည်။ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ အခွင့်အရေးတွင် ဌာနေတိုင်းရင်းသားတို့၏ အခြေချနေထိုင်ရာ ဒေသအတွင်း သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ခွင့်များအား အာမခံထားသည်ကို တွေ့ရပါသည်။

ထိုပဋိညာဥ်ပြုချက်များအရ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်သည် ၁၉၆၆ တွင်ထုတ်ပြန်ကြေညာခဲ့သော နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်၊ စီးပွားရေး၊ လူမှုရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်များကို အခိုင်အမာ လိုက်နာ အခြေခံထားသည်ကို တွေ့ရပေသည်။

နိဂုံး

~~~

ဖက်ဒရယ်တည်ဆောက်ခြင်းသည် အက်ကြောင်းများထနေသော ခွဲခြားခံထားရသည့် Divided Society အား အခွင့်တူညီမျှသည့် Diverse Society ဖြစ်အောင် ပြန်လုပ်ကြရခြင်းဖြစ်စဥ် ဖြစ်သည်။ မည်သည့် “အစု” တခုခု အတွက်မှ မမျှတသည့် အကျိုးစီးပွားထူထောင်မှုအတွက်မှ နေရာမရှိပါ။ အခွင့်တူညီမျှသည့် Pluralistic Society တွင် လူမျိုးစု၊ ဘာသာစု၊ ဘာသာစကားစုများအပါအ၀င် မည်သည့် Identity ကို မဆို လွတ်လပ်စွာ တည်ရှိဆောက်တည်ကျင့်သုံးခွင့်များ သေချာစေရပါသည်။ နွေဦးတော်လှန်ရေးကြီးမှ ရရှိသော ပြည်သူလူထုကြီးမှ ချမှတ်သည့် နိုင်ငံရေးပန်းတိုင်များအရ စစ်အာဏာရှင်အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် ဦးတည်နေပြီ ဖြစ်ရာ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီတန်ဖိုးများ၊ ယဥ်ကျေးမှုများကို တည်ဆောက်ယူရန် လူငယ်များအပါအ၀င် ပြည်သူများချစ်ကြည်စွာ ပူးပေါင်းဦးဆောင် တည်ဆောက်နိုင်ရန် အထူးလိုအပ်လာပါသည်။

ဖက်ဒရယ်အတွက် အရေးကြီးလှသော အခြေခံဒီမိုကရေစီကျင့်သုံးပုံများ ဖြစ်သော တိုက်ရိုက် ပြည်သူများ ပါ၀င်ဆောင်ရွက်ခွင့်၊ အကြံပြုပါ၀င်ခွင့်ကို လမ်းဖွင့်ထားသော (Direct democracy/ participatory democracy, Deliberative Democracy) တို့ကို ကြေညက်စွာ လေ့လာနားလည်လျက် လက်တွေ့ဘ၀များထဲ ဆွဲသွင်းလာနိုင်ကြရပါမည်။ သို့မှသာ “သက်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကို ထိရောက်စွာ ကျင့်သုံးနိုင်မည့် ပြည်သူနှင့် အနီးဆုံးအစိုးရအလွှာသို့ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းရေးမူ” (Subsidiarity principle) သည် အသက်၀င်လာပါလိမ့်မည်။

ပြည်ထောင်စုသားတဦးချင်း၏ လူ့အခွင့်အရေး (Individual human right) ကို အခြေခံအကျဆုံး အာမခံခြင်း၊ လူနည်းစု/ သြဇာလွှမ်းမိုးမှုမရှိသော အုပ်စုများအခွင့်အရေးများ (minority right)၊ ပထဝီနယ်နိမိတ်ဖြင့် ကန့်သတ်ချုပ်ချယ်၍ မထားနိုင်သော၊ ချိတ်ဆက်နေခြင်းမရှိသော အစုအလိုက်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ကျင့်သုံးနိုင်ရေး (Non-territorial right) များအား ကျယ်ပြန့်စွာ လေ့လာနားလည်လျက် လက်တွေ့ ဘ၀များထဲ ဆွဲသွင်း လာနိုင်ကြရပါမည်။ သို့မှသာ Divided Society မှ အခွင့်တူညီမျှသည့် Diverse Society အဖြစ်သို့ တည်ဆောက်နိုင်ကြပါမည်။ ပြည်ထောင်စုသားတဦးချင်း၏ လူမှု-စီးပွားဘ၀အာမခံချက်များ အခွင့်တူညီမျှရယူနိုင်ရေး၊ ပြည်သူ့အခြေခံ၀န်ဆောင်မှုများ အခွင့်တူရေး၊ အရေးကြီးဆုံး ဖြစ်သော ဓနဥစ္စာ အညီအမျှခွဲ၀ေနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်အာဏာများ ခွဲဝေကျင့်သုံးရေးသည် ဖက်ဒရယ်နိုင်ငံရေးစနစ်၏ အခြေခံအကျဆုံး အရေးကြီးလှပါသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်တွင် ပဋိညာဥ်ပြုထားချက်များအရ ဖြည့်စွက်စရာ လုံးဝ မလိုတော့သည့် ရာနှုန်းပြည့် ပြီးပြည့်စုံသည့် ပဋိညာဥ်ဟုဆိုနိုင်မည်မဟုတ်လည်း ဖက်ဒရယ်ဒီမိုကရေစီင်ငံရေးစနစ်၏ အခြေခံအကျဆုံးမူများအားလုံးအား အခိုင်အမာ အခြေပြုလွှမ်းခြုံထားသည့် အနာဂတ်ပြည်ထောင်စု တည်ဆောင်ရေးအတွက် အားကောင်းခိုင်ခန့်လှသော ပြည်ထောင်စုနိုင်ငံပြု ပဋိညာဥ်ကြီးဖြစ်ပေသည်။

(ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် ပြဋ္ဌာန်းကြေညာခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရေးသားပါသည်။)

**မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် မိုးသန်ရဲ့ ဆောင်းပါးကို တနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် ပြန်လည် ဖော်ပြထားတာဖြစ်ပါတယ်။