တနင်္သာရီကို အင်အားဖြည့်ဖို့ ဆင်းလာတဲ့ စစ်ကောင်စီကားတစ်စီး မြိတ်-တနင်္သာရီလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီကို အင်အားဖြည့်ဖို့ ဆင်းလာတဲ့ စစ်ကောင်စီကားတစ်စီး မြိတ်-တနင်္သာရီလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရ

ရုပ်သံ - တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့

မြိတ်-တနင်္သာရီကားလမ်းပေါ် ဘန်းလမွတ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ တနင်္သာရီ(ပကဖ) အဖွဲ့ကထုတ်ပြန်ပါတယ်။

မနေ့က ညနေ ၄ နာရီလောက်မှာ မြိတ်ဘက်ကနေ တနင်္သာရီဘက်ကိုဆင်းလာချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ စစ်ကောင်စီတပ်သား ၄၀ ကျော်လိုက်ပါလာတယ်လို့သိရပါတယ်။

“တနင်္သာရီဘက်ကို အင်အားဖြည်ဖို့ဆင်းလာတဲ့ကားပါ။ ကျနော်တို့ကလမ်းပိုင်းကဖြတ်တိုက်တာ” လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဒဏ်ရာရရှိတဲ့သူတွေကိုတော့ တနင်္သာရီအခြေစိုက် ခမရ (၅၅၇)တပ်ရင်းမှာသွားရောက်ချထားခဲ့တယ်လို့လည်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

အခုတိုက်ခိုက်မှုကိုလုပ်ဆောင်တဲ့ တောဗုံးကြီး တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ဘက်ကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့လ ၂၈ ရက်ကနေစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ နေတိုင်းနီးမှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က မြိတ်မြို့နယ် ကြေးနန်းတိုင်တံတားကနေ ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအထိ တနင်္သာရီမြို့နယ်အတွင်းက မိန်းလမ်းမကြီးအသုံးပြုသွားလာတာကို ပိတ်ထားသလို တနင်္သာရီ-မောတောင်လမ်းပိုင်းသွားလာခွင့်ကိုလည်းပိတ်ထားပါတယ်။

အခုလိုပိတ်ထားပေမဲ့ ပြည်သူအချို့သွားလာတာတွေရှိနေပြီး စစ်ကောင်စီဘက်ကလည်း သံဃာတော်ကားတွေနဲ့သွားလာတာ၊ အိမ်စီးကားတွေမှာ သာသနာ့အလံထောင်ပြီးသွားလာတာတွေပြုလုပ်နေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကဆိုပါတယ်။

The Tanintharyi Times