ထားဝယ်တိုင်းရင်းသားများပါတီကို ဖျက်သိမ်းကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ကြေညာ
ထားဝယ်တိုင်းရင်းသားများပါတီကို ဖျက်သိမ်းကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ကြေညာ
တနင်္သာရီရဲ့တစ်ခုတည်းသောဒေသအခြေစိုက်ပါတီဖြစ်တဲ့ ထားဝယ်တိုင်းရင်းသားများပါတီ အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ညမှာ ကြေညာပါတယ်။
ပါတီ ၄၀ ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီလည်း ပါဝင်ပါတယ်။
စစ်ကောင်စီ ပြဌာန်းတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီတည်ထောင်လိုတဲ့ သူတွေက စစ်ကောင်စီထံ ဒီကနေ့ နောက်ဆုံး လျှောက်လွှာတင်ရမှာပါ။
တည်ဆဲပါတီ ၉၀ ထဲမှာ ပါတီမှတ်ပုံတင်ဖို့ ပြန်လည်လျှောက်ထားတဲ့ ပါတီက ၅၀ ပဲရှိတဲ့ အတွက် ကျန်တဲ့ ပါတီ ၄၀ ကို စစ်ကောင်စီ ကော်မရှင်က ဖျက်သိမ်းတယ်လို့ ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။
ပါတီတည်ထောင်ခွင့်အသစ်လျှောက်ထားတဲ့ ပါတီ ၁၃ ပါတီရှိတဲ့အတွက် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့ ပါတီစုစုပေါင်းမှာ ၆၃ ပါတီ ဖြစ်ပါတယ်။
ထားဝယ်တိုင်းရင်းသားများပါတီကို ၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၂၆ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ UEC နဲ့တွေ့ဆုံပွဲကို တစ်ဦးတည်းဆန္ဒအရသွားတက်ခဲ့တဲ့ ပါတီဥက္ကဌ ဦးအေးမင်းကို ပါတီအတွင်းရေးမှူးအဖွဲ့ကထုတ်ပယ်ခဲ့တဲ့ဖြစ်စဥ်လည်းရှိခဲ့ဖူးပါတယ်။
The Tanintharyi Times
