ရေဖြူမြို့နယ်က အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးရဲ့ အုပ်ထိန်းသူနဲ့ အင်တာဗျူး

ရေဖြူမြို့နယ်က အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးရဲ့ အုပ်ထိန်းသူနဲ့ အင်တာဗျူး

“PDF တွေက ကလေးတွေရှိတဲ့ကျောင်းတွေမှာ ဗုံးတွေ ပေါက်ကွဲရေးပစ္စည်းတွေ လာမလုပ်‌လောက်ဘူးလို့ ယုံကြည်ထားတယ်။ စစ်ကောင်စီဘက်ကလုပ်ကြံရင်တော့မပြောတတ်ဘူး။ PDF တွေကိုတော့ယုံကြည်ထားတယ်”

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျောင်းသားမိဘတွေ၊ အုပ်ထိန်းသူတွေဟာ စစ်ကောင်စီကဖွင့်တဲ့ ကျောင်းတွေမှာ ကလေးတွေကို ကျောင်းမထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တော်လှန်ရေးအောင်မှ ကလေးတွေကို ကျောင်းပြန်ထားမယ်လို့ ဆုံးဖြတ်ခဲ့ကြပေမယ့် နှစ်ကြာလာတာနဲ့အမျှ သူတို့ရဲ့ ကလေးတွေ အတွက် စိုးရိမ်ပူပန်လာကြပါတယ်။ အထူးသဖြင့် အခြေခံလူတန်းစားတွေဟာ သူတို့ရဲ့ ကလေးတွေကို ပုဂ္ဂလိက ကျောင်းပို့ဖို့လည်းမတတ်နိုင်၊ အွန်လိုင်းပညာရေးသင်ကြားစေဖို့ကလည်း အခက်အခဲကိုယ်စီရှိနေကြပြန်တော့ နောက်ဆုံး စစ်ကောင်စီကဖွင့်တဲ့ ကျောင်းတွေကလွဲလို့ ရွေးချယ်စရာမရှိတော့တဲ့ အခြေအနေနဲ့ ကြုံလာကြရပါတယ်။ စစ်ကောင်စီရဲ့ကျောင်းကိုပို့ထားပေမယ့်လည်း ဘယ်အချိန်မှာ ဘာဖြစ်လာမလဲဆိုတဲ့ စိုးရိမ်‌သောကတွေလည်း ရှိနေပြန်ပါတယ်။

“ဒီတစ်ပတ်တောင်ပိုင်းသားတို့အသံ” ကဏ္ဍမှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ထဲက အရင်ကကျောင်းလုံးဝမတက်ဖူးသေးတဲ့ ၇ နှစ်အရွယ် ကျောင်းသားတစ်ယောက်ရဲ့ အုပ်ထိန်းသူနဲ့တွေ့ဆုံပြီး စစ်ကောင်စီကျောင်းထားဖို့ ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ စိုးရိမ်စိတ်တွေဘယ်လိုရှိနေလဲ ဆိုတာတွေကို မေးမြန်းထားပါတယ်။

ရေဖြူမြို့နယ်က အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးရဲ့ အုပ်ထိန်းသူနဲ့ အင်တာဗျူး

(တောင်ပိုင်းသားတို့အသံ)

မေး - အရင်နှစ်တွေက ကျောင်းမထားဘဲ ဘာလို့ ဒီနှစ်မှကျောင်းထားဖြစ်တာလဲ။

ဖြေ - အရင်ကတော့ တော်လှန်ရေးအောင်မှကျောင်းထားမယ်လုပ်ထားတာ။ ကလေးတွေအသက်နဲ့ ဒီအသက်အရွယ်မှာတတ်မြောက်နေရမဲ့ ပညာတတ်မြောက်မှုနှုန်းကိုပြန်ကြည့်လိုက်တာ ကလေးက ၇ နှစ်ဖြစ်နေပြီ ဘာမှမတတ်သေးဘူး။ နောက်တချက်က စစ်‌ရေးအခြေအနေ။ တော်လှန်ရေးတပ်ဖွဲ့တွေဘယ်လိုပဲ အင်အားကောင်းလာကောင်းလာ ဒီတော်လှန်ရေးက တနှစ်တာအတွင်းမှာပြီးမဲ့ကိစ္စဟုတ်မနေဘူးထင်လို့။ လက်ရှိကလေးက ၇ နှစ် နောက်သုံးနှစ်ဆို ကလေးက ၁၀နှစ်ဖြစ်နေပြီ။ အဓိကက အတန်းဘယ်လောက်ထိရောက်သင့်နေပြီဆိုတာမျိုး ကြည့်တာ မဟုတ်ဘူး။ အသက် ၁၀ နှစ်အတွင်းမှာ စာရေးစာဖတ်တတ်ဖို့လိုအပ်နေတာကိုကြည့်တာ။ အဲဒါကြောင့်ကျောင်းထားတာ။ အွန်လိုင်းပညာရေးကိုလည်း ကျနော်မနှစ်သက်ဘူး။ မကြိုက်ဘူး။ ဘာလို့ဆို ကလေးတွေအတွက်မို့လို့မကြိုက်တာ။ ကလေးတွေ အွန်လိုင်းပညာရေးတက်မယ်ဆို ဘေးမှာ လူကြီးတစ်ယောက်လိုကိုလိုတယ်။ ဘာလို့ဆိုသူက သူငယ်တန်းတောင်မတက်ဖူးတဲ့လူတစ်ယောက်။ သူ့လိုလူတယောက်အွန်လိုင်းပညာရေးတက်ဖို့ဘယ်လိုမှမဖြစ်နိုင်သလို အွန်လိုင်းက စာသင်နေတဲ့အချိန် အိမ်ကလူကြီးတယောက်ယောက်သူ့ဘေးမှာရှိနေပေးဖို့ကလည်း ဘယ်လိုမှမတတ်နိုင်ဘူး။ အကုန်လုံးက ရုန်းကန်ပြီးအလုပ်သွားနေရတာ။ အဓိကက ကျနော်ပဲ။ အိမ်မှာက အဘိုးအဘွားပဲရှိတာ။ အဘိုးအဘွားတွေက နည်းပညာလက်လှမ်းမမှီဘူး။ ABCD ဆိုတာလည်း မသိဘူး။ မိဘတွေကလည်းထိုင်းမှာ။ ကျနော်သာအားနေရင် ကျောင်းကိုမထားဘူး။ ကိုယ်တိုင်သင်ပေးလို့ရတယ်။ ဒီအချက်တွေကြောင့် စစ်ကောင်စီကျောင်းထားတယ်။

မေး - NUG ကျောင်း(အွန်လိုင်းပညာရေး)၊ ပုဂ္ဂလိကကျောင်း တွေကို မတက်ဘဲ၊ ဘာကြောင့် စစ်ကောင်စီလက်အောက်က ကျောင်းကို တက်ဖို့ ရွေးချယ်ဖြစ်တာလဲ။

ဖြေ - အွန်လိုင်းအသုံးပြုဖို့က ဖုန်းဘေလ်အခြေအနေရှိတယ်။ ဖုန်းလည်းမကောင်းဘူး။ ဝယ်နိုင်တဲ့အနေအထားမှာလည်းမရှိဘူး။ အင်တာနက်ကို အပြည့်အဝမသုံးနိုင်ဘူး။ ကလေးတစ်ယောက်အွန်လိုင်းပညာရေးဘယ်လိုသင်နေရလဲဆိုတဲ့ ဗီဒီယိုကိုပြမှ အားလုံးနားလည်မယ်ထင်တယ်။ ကလေးတယောက်ဖုန်းရှေ့မှာ ဘယ်လိုသင်ယူနေရတယ်၊ ဖုန်းထဲက ကြားနေရတဲ့အသံတွေက ဘယ်လိုရှိတယ်၊ စာ ၃နာရီသင်ဖို့အတွက် ဘယ်လောက်ထိအချိန်ယူကြတယ်ဆို‌တာတွေ အင်တာနက်လိုင်းအခြေအနေတွေအများကြီးရှိတယ်။ စာ ၃ နာရီသင်ဖို့ အချိန်ယူတယ်ဆိုတာက ကျောင်းသားတွေအချိန်မှန်မစုံဘူး၊ ကလေးတွေက နားလည်နေတဲ့လူကြီးတွေမဟုတ်လို့ ပြောချင်တာပြောကြတယ် လိုရာခရီးမရောက်ဘူး။ ပုဂ္ဂလိကကျောင်းကလည်း ကျနော်တို့မတတ်နိုင်ဘူး။

မေး - ကလေးကကော သူ ဘယ်ကျောင်းတက်ချင်တယ် ဆိုတာမျိုး ပြောလား။

ဖြေ - ဘယ်ကျောင်းမှာတက်ချင်တယ်လို့ ကလေးတွေကမပြောဘူး။ အမေစုလွတ်မှ ကျောင်းလွှတ်မယ်ဆိုပြီး ကလေးအမေက ပြောထားတယ်။ ဒါကမှ တကကယ့် brain wash စစ်စစ်ပဲ။ ကလေးတွေကဘာဆိုတာနားမလည်ဘူး။ ဘယ်အချိန်မှာကျောင်းထားမယ်ဆိုတဲ့ကန့်သတ်ချက်တွေက တကယ် brain wash ပဲ။ ကလေးတွေကတော့ အိမ်ကကျောင်းထားတာနဲ့ တက်တာပဲ။ တက်ချင်တယ်လည်းမပြောဘူး မတက်ချင်ဘူးလို့လည်းမပြောဘူး။ ထားလိုက်တော့လည်း သူတက်တာပဲ။ သူအခုကျောင်းတက်တာပျော်နေတာပဲ။

မေး - ကလေးက သူကျောင်းတက်ရတဲ့အပေါ် ဘယ်လိုတုံ့ပြန်လဲ။

ဖြေ - ပျော်နေတာပဲ။ ကျောင်းပြန်ရင် ကျောင်းမှာကစားခဲ့တာတွေပြောတယ်။ ဘယ်လိုတုံ့ပြန်လဲဆို‌တော့ ကျောင်းသွားဖို့ကို သူမညီးညူဘူး။

မေး - စစ်ကောင်စီလက်အောက်က ကျောင်းကိုထားရင် တစ်ခုခု ဖြစ်လာမှာကို စိုးရိမ်ခဲ့တာမျိုးရှိလား။ ကလေးကကော စိုးရိမ်တာရှိလား။

ဖြေ - ပတ်ဝန်းကျင်ကအမြင်မကြည်ဘဲ ကလေးတွေကိုသွေဖယ်ဆက်ဆံတာမျိုးဖြစ်လာမှာစိုးရိမ်တယ်။ တဖက်မှာလည်း လုံခြုံရေးအခြေအနေကိုစိုးရိမ်တယ်။ CDM မလုပ်တဲ့ ဆရာတွေကို တခုခုဝင်လုပ်တဲ့ အခါကျရင် ကလေးတွေကိုထိမှာစိုးရိမ်တယ်။ အဓိကကတော့ လက်နက်ကိုင်ပဋိပက္ခနှစ်ခုကြားမှာ ကလေးတွေပါသွားမှာကိုမလိုချင်တာ။ကလေးတွေကတော့ စစ်တပ်ကားတွေလမ်းမှာမြင်ရင် ကြောက်တာလန့်တာရှိတယ်။ စစ်တပ်ကားလာပြီဆို အိမ်ထဲပြေးဝင်ကြတာ။

မေး - စိုးရိမ်နေတဲ့ကြားထဲက ဘာလို့ဒီကျောင်းထားဖို့ကို ရွေးချယ်ဖြစ်တာလဲ။

ဖြေ - အဓိကက ပညာရေးပဲ။ ပညာရေးဆိုတာကလေ ဘာသာရပ်တစ်ခုကိုမတတ်ဘဲနဲ့ ပညာရပ်တစ်ခုကိုတက်လှမ်းဖို့ဆိုတာမဖြစ်နိုင်ဘူးလို့နားလည်ထားတယ်။ ဒီပညာရေးလိုအပ်ချက်ကြောင့်ပဲကလေးတွေကိုကျောင်းထားဖြစ်တာ။

‌မေး - ကျောင်းသွားတဲ့ ကလေးကိုကော ကျောင်းနဲ့ ပတ်သက်ပြီးစာသင်ကြားတာတွေ၊ လုံခြုံရေးကိစ္စတွေ မေးဖြစ်လား၊ မေးရင် ဘယ်လိုပြန်ဖြေလေ့ရှိလဲ။

ဖြေ - ကျောင်းမှာတစ်နေ့လုံးဘာတွေလုပ်တဲ့အကြောင်းကတော့ မေးဖြစ်တယ်။ ကျောင်းတက်ခေါင်းလောင်းထိုးတဲ့အချိန်ထိကစားနေလို့ ဆရာမက လက်မြှောက်ခိုင်းတာတွေပြောတယ်။ နှစ်ချက်သုံးချက်လောက်ရိုက်ခံရတယ်။ အဲဒါတွေပြောပြတယ်။ ကျန်တာထွေထွေထူးထူး‌တော့မရှိဘူး။ ဆရာမတွေကတော့ လက်ကတော့ ပါနေတုန်းပဲ။ နောက်လည်းပါနေအုန်းမှာပဲ။

မေး - ကျောင်းမှာ အန္တရာယ်ရှိလာရင်၊ဖြစ်လာရင် သတိထားရမှာတွေ သင်ပေးတာ မျိုး၊ မှာတာမျိုး လုပ်လေ့ရှိလား။ ဘာတွေ မှာဖြစ်လဲ။

ဖြေ - ကျောင်းမှာတခုခုဖြစ်ရင်ဘယ်လိုနေဘယ်လိုသွားဆိုတာ‌တော့မမှာထားဖြစ်ဘူး။ လမ်းဖြတ်ကူးရင် ရှေ့နောက်ကြည့်ပြီးမှကူးဖို့ ဒါတွေပဲမှာဖြစ်တယ်။ တခြားအကြောင်းအရာတွေကတော့မမှာဖြစ်ဘူး။ ဘာလို့ဆို PDF တွေက ကလေးတွေရှိတဲ့ကျောင်းတွေမှာ ဗုံးတွေ ပေါက်ကွဲရေးပစ္စည်းတွေ လာမလုပ်‌လောက်ဘူးလို့ ယုံကြည်ထားတယ်။ စစ်ကောင်စီဘက်ကလုပ်ကြံရင်တော့မပြောတတ်ဘူး။ PDF တွေကိုတော့ယုံကြည်ထားတယ်။

မေး - ဒီလိုမျိုး စိုးရိမ်စိတ်နဲ့ ဆက်ထားနေရမယ်ဆိုရင် နောက်နှစ်တွေကော ဆက်ထားဦးမှာလား။

ဖြေ - နောက်နှစ်မှာဆက်ထားမယ်မထားဘူးဆိုတာက စစ်ရေးအခြေအနေပေါ်အများကြီးမူတည်ပါတယ်။ အခုလက်ရှိ ….. ရဲ့အခြေအနေက ဘာမှမဖြစ်နေဘူးလေ။ တခြားဒေသတွေနဲ့စာရင် တည်ငြိမ်တဲ့အဆင့်မှာရှိနေတယ်။ ဒါကြောင့် အသေအချာတော့မပြောနိုင်ဘူး။

မေး - စစ်ကောင်စီလက်အောက်က ကျောင်းကို ထားခွင့်မရရင် ကလေးပညာရေးကို ဘယ်လို လုပ်ပေးဖို့ စဉ်းစားဖူးလဲ။ စဉ်းစားထားတာမျိုးရှိလား။

ဖြေ - အိမ်မှာ အားတဲ့အချိန်ပဲ တတပ်တအားသင်ပေးဖြစ်မယ်။ ပြင်ပကျူရှင်ထားမယ်။ ကိုယ်ပိုင်ကျောင်းလည်းမထားနိုင်ဘူး။ အွန်လိုင်းလည်းထားဖြစ်မှာမဟုတ်ဘူး။ အခုကျောင်းမထားခင်ကလည်း သူ့အသက်အရွယ်အလိုက် အတန်းပညာသင်ရိုးအတိုင်း မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာရပ်တွေကို အားတဲ့အချိန်လေးသင်ပေးဖြစ်တယ်။ မြန်မာစာကတော့တတ်မှဖြစ်မှာမို့ အင်္ဂလိပ်စာကလည်း မတတ်လို့မဖြစ်ဘူး အနည်းဆုံးဖုန်းနှိပ်တတ်ဖို့ ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်တတ်ဖို့ ဒါမှပဲ အွန်လိုင်းပညာရေးတွေကိုလှမ်းနိုင်မယ်။ မိဘတွေနဲ့ အင်တာနက်ပေါ်ကနေဆက်သွယ်လို့ တတ်လာအောင်နားလည်လာအောင်ရည်ရွယ်ပြီးသင်ပေးဖြစ်တယ်။ မြန်မာစာနဲ့ အင်္ဂလိပ်စာကို တွဲသင်တာပေါ့။ သင်္ချာကတော့ အနည်းဆုံးပေါင်းနုတ်မြှောက်စားလေး ရအောင်သင်ပေးဖြစ်တယ်။ အခုဆို သူ့ဟာနဲ့သူမုန့်ဝယ်စားတတ်နေပြီလေ။

The Tanintharyi Times