လာမဲ့နှစ်ရက်အတွင်း တနင်္သာရီမှာမိုးပိုများနိုင်

လာမဲ့နှစ်ရက်အတွင်း တနင်္သာရီမှာမိုးပိုများနိုင်

ပုံစာ - မိုးထဲရေထဲ စစ်ရှောင်နေရတဲ့ သရက်ချောင်းမြို့နယ်ထဲက ပြည်သူတွေ။

တနင်္သာရီတိုင်းမှာ အခုရက်ကစပြီး နောက်နှစ်ရက်အတွင်း မိုးပိုလာနိုင်တယ်လို့ စစ်ကောင်စီရဲ့မိုးဇလက ဒီကနေ့ထုတ်ပြန်ပါတယ်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၆ ပေကနေ ၈ ပေခန့်အထိရှိနိုင်တယ်လို့ ဆိုထားပါတယ်။

အခုလ ၂၀ ရက်နေ့အထိ တနင်္သာရီအပါအဝင် ရန်ကုန်၊ ဧရာဝတီ၊ ကရင်နှင့် မွန်တို့မှာ မိုးပိုလာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလရဲ့ထုတ်ပြန်ချက်ထဲမှာ အသိပေးထားပါတယ်။

တနင်္သာရီတိုင်းထဲမှာ မိုးပိုများလာနိုင်လို့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ အခက်အခဲတွေ ရှိနိုင်တယ်လို့ စစ်ဖြစ်ရာဒေသတွေက ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်းထဲက တနင်္သာရီမြို့နယ်၊ သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က ရွာထဲစစ်ကြောင်းထိုးဝင်ရောက်နေပြီး နေအိမ်တွေကိုမီးရှို့တာ၊ အရပ်သားတွေကိုဖမ်းဆီး၊ သတ်ဖြတ်တာတွေလုပ်ဆောင်နေတာကြောင့် မြို့နယ် ၃ ခုစလုံးက ဒေသခံသောင်းနဲ့ချီထွက်ပြေးနေကြရပါတယ်။

ရငဲကျေးရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “မိုးပြင်ထဲစစ်ရှောင်နေရတာ။ စိုစိုရွှဲရွှဲနဲ့ ဟင်းတခွက်ရဖို့ တွေ့သမျှဟင်းရွက်တွေ လိုက်ခူးလိုက်ရှာနေရတာပဲ။ ဒီရာသီဥတုနဲ့အိမ်ပြန်ပြီးလုံလုံခြုံခြုံပဲနေချင်တော့တယ်။” လို့ ပြောပါတယ်။

ဒေသအသီးသီးက စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ စစ်ဘေးရှာင်ပြည်သူကိုယ်တိုင်က တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။

The Tanintharyi Times