တော်လှန်ပန်းလေးတွေ တောလုံးမြေအနှံ့ ပွင့်ဝေနေကြပြီ
တော်လှန်ပန်းလေးတွေ တောလုံးမြေအနှံ့ ပွင့်ဝေနေကြပြီ
လူသားပီသတဲ့ စိတ်ခံစားမှုရှိသူတိုင်း အလှတရားကို မြတ်နိုးတန်ဖိုးထားကြတာ ဓမ္မတာပါ။ သဘာဝအလှတရားဆိုတာ လူသားတွေရဲ့ စိတ်နှလုံးကို နူးညံ့ပျော့ပျောင်းလာအောင် ကြည်နူးနှစ်သိမ့်လာအောင် စွမ်းဆောင်နိုင်ကြတယ်။ တောင်တောင်ရေမြေ သစ်ပင်တောတန်း ပန်ပွင့်လိပ်ပြာ စတဲ့ သဘာဝအလှတွေကို တွေ့မြင်ရတိုင်း ကြည်နူးချမ်းမြေ့ခြင်းနဲ့ အေးချမ်းငြိမ်သက်ခြင်းကို ခံစားမိစေတာ အမှန်ပါပဲ။
အနုပညာနဲ့ အလှတရားကို ချစ်ခင်မြတ်နိုးတဲ့စိတ်ဟာ လူသားတွေရဲ့ သဘာဝဗီဇစိတ်မို့ လူတိုင်းရင်ထဲမှာ ကိန်းအောင်းနေမှာပဲလို့ ထင်ပါတယ်။ ဒါပေမယ့် ဒီလောကမှာ ဥစ္စာနဲ့အာဏာကလွဲရင် ဘယ်လိုအလှတရားကိုမှ မြင်နိုင်စွမ်းမရှိတဲ့ လူ့မိစ္ဆာတွေလည်း ရှိနေပြန်ပါရောလား။ သူတို့တွေကိုတော့ ဥစ္စာရူး၊ အာဏာရူးလို့ပဲ ခေါ်စမှတ်ပြုကြပါတယ်။
ရူးသွက်လောက်အောင် အာဏာကို ငမ်းငမ်းတက် ဖက်တွယ်ထားချင်သူတွေအတွက် အလှတရားရဲ့ အနက်အဓိပ္ပာယ်နဲ့ သဘောသဘာဝကို ခံစားနိုင်ဖို့နေနေသာသာ ကြောက်ရွံ့စိတ်တွေကပဲ တချိန်လုံး သူတို့ကို လွှမ်းမိုးနေတော့တယ်။
အာဏာဆုံးရှုံးမှာစိုးတဲ့ ကြောက်စိတ်ရဲ့ ခြောက်လှန့်မှုတွေကို တချိန်လုံးခေါင်းငုံ့ခံရင်း စိတ်နှလုံးပူပန်နေရတဲ့ ဘဝတွေ၊ ရှင်လျက်နဲ့ သေဆုံးနေရတဲ့ ဘဝတွေပေါ့။ လောဘနဲ့ အကြောက်တရားက သူတို့ကို စုံလုံးကန်းသွားစေတယ်။
သူတို့ စည်းစိမ်နဲ့ အာဏာကို ထိပါးတယ်လို့ ယူဆတဲ့ ဘယ်လိုအရာမျိုးကိုဖြစ်ဖြစ် ရန်သူလိုသဘောထားဖို့ ဘယ်တော့မှ ဝန်မလေးခဲ့ဘူး။ မှန်သလား မှားသလား မခွဲခြားနိုင်တော့ပဲ မြင်မြင်သမျှ ဖမ်းကိုက်တတ်တဲ့ ခွေးရူးဘဝကို အရှင်လတ်လတ် ရောက်သွားကြတော့တယ်။
ဒီလို အာဏာရူးတွေ ကြီးစိုးတဲ့နေရာမှာ ပန်းလေးတစ်ပွင့်တောင် လွတ်လပ်စွာ ပွင့်ခွင့်မရ။ ပန်းလေးတစ်ပွင့်တောင် လွတ်လပ်စွာ ပန်ခွင့်မရ။ ပန်းပန်သူတွေ ရာဇဝတ်သင့်ကြရ။ ပန်းဝေသူတွေ အချုပ်အနှောင်ခံကြရ။ အလှတရားတွေ ဆိတ်သုဉ်း၊ တရားမျှတမှုတွေ အမှောင်ချခံနေကြရှာလေရဲ့။
အာဏာရူးတွေဟာ ဘယ်လိုအနုရသ ခံစားမှုကိုမှ နားလည်ခံစားနိုင်စွမ်း မရှိကြဘူး။ အလင်းရောင်ကို ရင်မဆိုင်ရဲတဲ့ မိစ္ဆာတွေလို ဉာဏ်ပညာအလင်းနဲ့ အလှတရားကို အစဉ်အဆက် ကြောက်ရွံ့ခဲ့ကြတယ်။ အလှတရားဟာ အမှန်တရားလည်း ဖြစ်တယ်၊ တရားမျှတမှုရဲ့ ပြယုဂ်လည်းဖြစ်တယ်။ ဒါ့ကြောင့် မတရားတဲ့လုပ်ရပ်မျိုးစုံ ကျူးလွန်ထားတဲ့ လူ့မိစ္ဆာတွေဟာ အလှတရားကို ကြောက်ရွံ့ကြတာ မဆန်းပါဘူး။
အာဏာရှင် “ပိုပေါ့” ဟာ စာတတ်တဲ့ပြည်သူတွေကို သတ်ပစ်ခဲ့သလို အာဏာရှင် “ဟစ်တလာ” ကလည်း စာအုပ်တွေကို လမ်းမအလယ်ကောင်မှာ မီးပုံရှို့ခဲ့တာပဲ မဟုတ်လား။ အခုလည်း ရွှေပြည်ကြီးက အာဏာရူးတစ်စုဟာ ပန်းပွင့်တွေကို ကြောက်လွန်းလို့ ပန်းပန်သူကို လိုက်လံဖမ်းဆီးကြသတဲ့။
မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူမျိုးစုအသီးသီးတွေအတွက် ပန်းပန်တယ်ဆိုတာ ဓလေ့ထုံးစံတစ်ခုလိုလည်းဖြစ်သလို ဂုဏ်ကျက်သရေတစ်ခုအနေနဲ့လည်း မှတ်ယူခဲ့ကြတာပါ။ အထူးသဖြင့် အမျိုးသမီးတွေအတွက် ပန်းပန်တာက ဂုဏ်ကျက်သရေ တိုးစေတဲ့ အလှဆင်နည်းတစ်ခုအဖြစ် အစဉ်အဆက် လက်ခံထားကြပါတယ်။
ပန်းပွင့်တွေကို ကြိုက်လှသူ ကျွန်မရဲ့ အဖွားကတော့ သူ့ခေါင်းပေါ်မှာ ရာသီအလိုက်ပွင့်တဲ့ပန်းတွေ အမြဲဝေဆာနေတတ်တာပါပဲ။ အဖွားရဲ့လက်သုံးစကားက “မိန်းကလေးဆိုတာ ပန်းပန်ထားရင် ကျက်သရေပိုရှိတယ်” တဲ့။ အခုပန်းပန်ရင်ဖမ်းတယ်ဆိုတဲ့သတင်းကြားတော့ အဖွားခေါင်းပေါ်မှာ ဝေနေတတ်တဲ့ အရောင်အဆင်း ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပန်းပွင့်တွေကိုပဲ ပြေးမြင်မိတော့တယ်။
မိစ္ဆာတွေဟာ ပန်းတွေကို ကြောက်ခဲ့တာ အခုမှ မဟုတ်ပါဘူး အဖွားရေ…။ ပန်းပန်သူ ဇွဲသတ္တိရှင် အမျိုးသမီးကြီးကို နှစ်ပေါင်းများစွာ ချုပ်နှောင်ထားခဲ့တာကိုသာ ကြည့်ပါတော့။ အခုလည်း ပန်းပန်တတ်တဲ့ အမယ်အိုကြီးကို ထောင်သွင်းအကျဉ်းချထားပြန်တယ်။
အာဏာရှင်တွေ ကြောက်တတ်လိုက်ပုံများ တခါတခါ ရယ်ပွဲဖွဲ့ချင်စရာ ကောင်းလှတယ်။ သူနေတဲ့နိုင်ငံနဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ အကျဉ်းထောင်ထဲက သူ့အမေမွေးနေ့အတွက် အမှတ်တရ ပန်းစည်းပို့ပေးချင်တဲ့ သားဖြစ်သူကို သံရုံးဝန်းထမ်းဆိုသူတွေက တံခါးဖွင့်မပေးရဲကြဘူးတဲ့။ အဲဒီ ဗီဒီယိုဖိုင်ကို တွေ့ရတော့ အော်… ပန်းစည်းကိုဒီလောက်ကြောက်နေမှတော့ ကျည်ဆံဆို ဘယ်လိုများနေမလဲလို့ တွေးမိပါရဲ့။
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မီးကုန်ယမ်းကုန်ဖျက်ဆီးနေတဲ့ မိစ္ဆာတွေဟာ သူတို့အလှည့်ကျပန်းလေးတစ်ပွင့်ကို ကြောက်နေလိုက်ကြတာ။ သူတို့လက်ခုပ်ထဲကရေလို ဖြစ်နေတဲ့ ထောင်သွင်းအကျဉ်းချခံထားရသူတွေက လုပ်ထားကြတဲ့ စက္ကူ၊ ပလပ်စတစ် နှင်းဆီပွင့်တွေကိုတောင် သူတို့မကြည့်ဝံ့ မမြင်ဝံ့ ကြဘူးတဲ့။
ကောက်ကျစ်ယုတ်မာသူတွေဟာ ပန်းပွင့်ကိုတောင် ကြောက်ရွံ့နေကြသလောက် ရိုးသားဖြောင့်မတ်သူတွေဟာ ကျဉ်ဆံကိုတောင် မကြောက်မရွံ့ရင်ဆိုင်နေကြတယ်။ ဗုံးမိုးတွေရွာနေတဲ့ကြားက တရားမျှတမှုအတွက် တိုက်ပွဲဝင်နေကြတယ်။ အမှန်တရားဘက်မှာ ရပ်တည်နေသူတွေအတွက် အကြောက်တရားဟာ မြူမှုန်တစ်စလို လွင့်ပါးသွားရစမြဲ မဟုတ်လား။
မေတ္တာတရားကြီးမားသူတွေအတွက် ထောင်သွင်းအကျဉ်းချခံထားရရင်တောင် အများရဲ့ချစ်ခင်မှု၊ သတိရတမ်းတမှုတွေက ဘယ်တော့မှလျော့မသွားပါဘူး။ သူ့ရဲ့ကောင်းသတင်းတွေဟာ ပန်းရနံ့လေးတွေလိုပဲ အရပ်ဆယ်မျက်နှာကို ထာဝရမွှေးပျံ့သင်းကြိုင်နေတာပါ။ သူ့ရုပ်ခန္ဓာကို အကျဉ်းချလို့ရချင်ရမယ်။ သူ့ဂုဏ်သတင်းပျံ့နှံ့စီးဆင်းရာကို ဘယ်အရာနဲ့မှ တားဆီးလို့မရနိုင်ပါဘူး။ တရားမျှတမှုအတွက် ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်ခဲ့ကြသူတွေရဲ့ သမိုင်းစာမျက်နှာဟာ သက်ရှိပန်းပွင့်လေးတွေအဖြစ် ကမ္ဘာမြေကို ထာဝရအလှဆင်နေကြမှာပါ။
အာဏာရှင်တို့ရဲ့ လားရာကတော့ သမိုင်းအဆက်ဆက် ဘဝအဆုံးသတ်ကောင်းတဲ့ အာဏာရှင်ရယ်လို့ တစ်ခါမှမရှိခဲ့ပါဘူး။ “ဟစ်တလာ” က အရှုံးရဲ့ဒဏ်ကို မခံနိုင်လို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တယ်။ “မူဆိုလီနီ” က လမ်းဆုံလမ်းခွမှာ ဇောက်ထိုးချိတ်ဆွဲခံရပြီး တိုင်းသူပြည်သားတွေရဲ့ ရက်ရက်စက်စက် သတ်ပစ်တာကို ခံလိုက်ရတယ်။ “ပိုပေါ့” ကတော့ လူသူမနီးတဲ့ တောတွင်းတစ်နေရာမှာ ရုပ်ပျက်ဆင်းပျက် သေဆုံးနေရှာလေရဲ့။
အာဏာရူးတွေဟာ ရှင်သန်နေချိန်မှာလည်း စိတ်အေးလက်အေး နေထိုင်ကြရတာ မဟုတ်ပါဘူး။ လောဘကြောင့် မြင်မြင်သမျှ ရန်သူထင်နေပြီး ကိုယ့်အရိပ်ကိုယ်တောင် ပြန်ကြောက်နေရတဲ့ဘဝဟာ ရှင်လျက်သေနေတာနဲ့ အတူတူပါပဲ။ “သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်ဖို့ မဟုတ်ဘူး” လို့ ကြွေးကြော်ပြီး ပြည်သူတွေကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့ မြန်မာပြည်ရဲ့ စစ်အာဏာရှင် ဦးနေဝင်းဟာ စိတ်ဝေဒနာသည်ဘဝနဲ့ ကမ္ဘာအနှံ့ဆေးသွားကုခဲ့ရသတဲ့။
သေတဲ့အချိန်မှာလည်း တိုးတိုးတိတ်တိတ် မြှုပ်နှံသင်္ဂြိုလ်လိုက်ရတဲ့ လူအများ နှာခေါင်းရှုံ့စရာ မသာအဖြစ် ဘဝဇာတ်သိမ်းသွားရရှာတယ်။
အခုအကြမ်းဖက်ခေါင်းဆောင်ကြီးကလည်း စိတ်ရောဂါတွေ ခံစားနေရတယ်ဆိုလား။ သတင်းသဲ့သဲ့ ကြားမိပါရဲ့။ လူသူရှေ့မှာ ဟိတ်ဟန်ကြီးတခွဲသားနဲ့ ဟန်လုပ်ပြုံးနေရပေမယ့် ရင်ထဲက အပူမီးတွေ ရောင်ပြန်ဟပ်နေတယ်ဆိုတာ မျက်နှာကိုမြင်တာနဲ့ သိနိုင်ပါတယ်။
အာဏာရှင်တွေ အထွတ်အထိပ်ရောက်တဲ့အချိန်ဟာ “ခွေးရူးကောင်းစား တစ်မွန်းတည့်” ပါပဲ။
အိန္ဒိယနိုင်ငံရဲ့ ဖခင် မဟတ္တမဂန္ဓီ ပြောခဲ့သလိုပေါ့။ “ဒီကမ္ဘာမှာ လူဆိုး သူခိုး ဓါးပြတွေ ဘယ်လိုရှိရှိ အဆုံးသတ်တစ်နေ့မှာ ချစ်ခြင်းမေတ္တာနဲ့ အမှန်တရားကပဲ အနိုင်ရရှိမှာပါ” တဲ့။ ဓမ္မဘက်တော်သားတွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားနိုင်စွမ်းကြောင့် မိစ္ဆာအာဏာရှင်တွေရဲ့ နေဝင်ချိန်ဟာ သိပ်ကိုနီးကပ်လာပါပြီ။
တော်လှန်ပန်းလေးတွေကို ချွေချဖို့ ဘယ်လိုကြိုးစားကြိုးစား “ထာဝရမနွမ်း၊ တော်လှန်ပန်းတွေ တစ်တောလုံးဝေလို့၊ နွေဦးအလှ ထုဆစ်ပြလျက်” ဆိုတဲ့ ကဗျာရှင်တစ်ဦးရဲ့ ကဗျာလေးလိုပဲ တော်လှန်ပန်းလေးတွေရဲ့ သတ္တိသွေးဟာ စွေးစွေးနီလို့ တောလုံးမြေအနှံ့ ဖူးပွင့်နေမြဲ၊ ဝေဆာနေဆဲပါပဲ။
ငြိမ်းပန်
ကိုးကား
• General Strike Coordination Body- GSCB လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ ကဗျာရှင် NT ရဲ့ ကဗျာ။
The Tanintharyi Times
