ဌာနေတိုင်းရင်းသားလူမျိုးစုအခွင့်အရေးများအား အလေးထားသော မက္ကဆီကိုပြည်ထောင်စု လေ့လာချက် (၄)

ဌာနေတိုင်းရင်းသားလူမျိုးစုအခွင့်အရေးများအား အလေးထားသော မက္ကဆီကိုပြည်ထောင်စု လေ့လာချက် (၄)

◉လူမျိုးစုနှင့် ဘာသာစကား

မက္ကဆီကန်များသည် လူမျိုးရေးကွဲပြားခြင်းအခြေခံထက် ယဉ်ကျေးမှုအပေါ်အခြေခံ၍ ကျယ်ပြန့်သော အစု နှစ်ခုကို ခွဲခြားသတ်မှတ်ကြသည်။ Mestizos (မက်တီဇို့စ်) နှင့် Amerindians တို့ဖြစ်သည်။ အုပ်စု တစ်ခုစီတွင် ကွဲပြားသော ယဉ်ကျေးမှုအမြင်ရှိကြပြီး အခြားသူများနှင့် ကွဲပြားသည်ဟု သူတို့ကိုယ်သူတို့ ခံယူထားသည်။ သို့သော် တစ်ချိန်တည်းတွင်၊ အုပ်စုလိုက်သစ္စာခံမှုများသည် ပြောင်းလဲနိုင်ပြီး လူမျိုးစုဖွဲ့စည်းမှုကို တိုင်းတာရာတွင် ပြဿနာများ ဖြစ်တတ်ကြသည်။

သမိုင်းကြောင်းအရ Mestizo (မက်တီဇို) ဟူသောအသုံးအနှုန်းသည် ဥရောပနှင့် ဌာနေတိုင်းရင်းသားများရောနှောထားသော တစ်စုံ တစ်ဦးကို ဖော်ပြခဲ့သည်။ Mestizos (မက်တီဇို) သည် လူဖြူများနှင့် ဌာနေတိုင်းရင်းသားများကြားတွင် ကြားခံလူမှုရေးပုံစံကို ထိန်းသိမ်းထားသည်။ လူဖြူများကိုယ်တိုင်ကပင် သူတို့ကိုယ်သူတို့ criollo (ကမ္ဘာသစ်တွင်မွေး ဖွားသူများ) နှင့် ကျွန်းဆွယ် (စပိန်တွင် မွေးဖွားသူများ) အုပ်စုခွဲများအဖြစ်ခွဲခြားထားသည်။ သို့သော် ခေတ်ပြိုင်အသုံးအနှုံးတွင် Mestizo (မက်တီဇို) ဟူသောစကားလုံးသည် မက္ကဆီကန်ဟစ်စပန်းနစ်ယဉ်ကျေးမှုကို လက်ခံကျင့်သုံးသူတိုင်းကို ရည်ညွှန်းလေသည်။ ဥရောပမျိုးနွယ် နောက်ခံရှိသူများနှင့် ဥရောပ-ဌာနေမျိုးနွယ်နောက်ခံ ရောနှောထားသော နှစ်မျိုးလုံးကို Mestizos (မက်တီဇို) များဟု အလိုအလျောက် ရည်ညွှန်းသည်။ ထို့ကြောင့် Mestizo သည် ယဉ်ကျေးမှုအရ မက္ကဆီကန်အတွက် အဓိပ္ပါယ်တူတစ်ခုဖြစ်လာသည်။ ဌာနေတိုင်းရင်းသားအစုဝင်များကို ၎င်းတို့တွင် ဟစ်စပန်းနစ်လူမှုရေး-ယဉ်ကျေးမှုတန်ဖိုးများ လွှမ်းမိုးထားလျှင် (မိမိတို့ကိုယ်ကို) mestizos ဟုလည်း ခေါ်နိုင်သည်။

ဟစ်စ်ပန်းနစ်ခ် ဆိုသည်မှာ မက္ကဆီကို၊ စပိန်၊ ကျူးဘား၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ချီလီ၊ ကော်စတာရီကာစသည့် စပိန်ဘာသာစကားနှင့် ယဉ်ကျေးမှုမူလအစရှိသည့် လူမျိုးစုများကိုရည်ညွှန်းပါသည်။ အကွက်ဒီဇိုင်းများထင်ရှားသော အရောင်အသွေးအသုံးပြု တတ်ခြင်းများ၊ နွေးထွေးသော အသွင်အပြင်များ၊ စိတ်ဝင်စားစရာကောင်းသော အဝတ်အစားများ၊ တက်ကြွသော အကများနှင့် ဂီတတို့နှင့် ဆက်စပ်နေပါသည်။

ခေတ်သစ်မက္ကဆီကိုနိုင်ငံသည် ၁၈၁၀ မှစတင်ကာ လွတ်လပ်ရေးရရန် ဆယ်စုနှစ်ကြာစစ်ပွဲအပြီး ၁၈၂၁ ခုနှစ်တွင် စပိန်အင်ပါယာမှ လွတ်လပ်ရေးရရှိခဲ့သည်။ ထိုအချိန်မှစတင်ကာ စပိန်မျိုးနွယ်၊ ဒေသခံတိုင်း ရင်းသားများနှင့် ကိုလံဘီယာမတိုင်မီယဉ်ကျေးမှုဓလေ့များကိုပေါင်းစပ်ထားသော (နိုင်ငံတော်) ပြည်ထောင်စု၏ ဘုံလက္ခဏာရပ်တစ်ရပ်ကို ပုံဖော်ခြင်းလုပ်ငန်းစဉ်ကို စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ ယင်းကြောင့် “လူမျိုးပေါင်းစုံ-ဗဟုယဥ်ကျေးမှုဝါဒ” ကိုထူထောင်ဖြစ်ပေါ်စေခဲ့သည်။

ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်၊ လူမျိုးစုနှင့် အခြေချနေထိုင်မှု သမိုင်းများကွဲပြားမှုများကြောင့် မက္ကဆီကိုတွင် သီးခြား ယဉ်ကျေးမှုနယ်မြေများ ပေါ်ထွန်းတည်ရှိခဲ့သည်။ မက္ကဆီကိုသည် အစဉ်အလာအားဖြင့် စပိန်-မက်တီဇို မြောက်ဘက်နှင့် အိန္ဒိယန်း-မက်တီဇိုတောင်ဘက်အကြားပိုင်းခြားထားပြီး အကြမ်းဖျင်းအားဖြင့် မက္ကဆီကိုကို မြောက်၊ အရှေ့မြောက်၊ အနောက်မြောက်၊ Baja California ကျွန်းဆွယ်၊ အလယ်ပိုင်း၊ အနောက်၊ Balsas၊ ပင်လယ်ကွေ့ကမ်းခြေ၊ တောင်ပိုင်းကုန်းမြင့်နှင့် Yucatán ကျွန်းဆွယ်တို့တွင် ရိုးရာ ယဉ်ကျေးမှုနယ်မြေ ၁၀ ခုဖြင့် ထပ်မံခွဲခြားနိုင်သည်။

မက္ကဆီကန်လူမျိုးများ၏ အပြောအများဆုံးဘာသာစကားမှာ စပိန်ဖြစ်သည်၊ ပညာရှင်များသည် မတူညီသော မက္ကဆီကန်ဘာသာစကားဆိုင်ရာမိသားစု ၁၂ စု၊ အုပ်စုခွဲလေးဆယ်ကျော်နှင့် တစ်ဦးချင်းဘာသာစကား ကိုးဆယ်ကျော်တို့ရှိကြောင်း ဖော်ထုတ်ထားပါသည်။

မိခင်ဘာသာစကားပြောသူအားလုံး၏ ၂၃ ရာခိုင်နှုန်းနီးပါးသည် Aztec လူမျိုးများ၏ဘာသာစကားနှင့် ပြည်နယ် ၁၅ ခုတွင်တွေ့ရသည့် တစ်ခု တည်းသောဌာနေဘာသာစကားဖြစ်သော Náhuatl ကို ပြောဆိုကြသည်။ အခြားသော အဓိကဌာနေ ဘာသာစကားများမှာ Maya (အိန္ဒိယန်းအားလုံး၏ ၁၄ ရာခိုင်နှုန်းခန့်က ပြောဆိုကြပြီး Yucatan Peninsula မှ Chiapas အထိ အရှေ့တောင်ဘက်တွင် အဓိကအသုံးပြုကြသည်)၊ Zapotec (အိန္ဒိယန်း အားလုံး၏ ၇ ရာခိုင်နှုန်းခန့်က ပြောဆိုကြပြီး Oaxaca ၏ အရှေ့ဘက်ခြမ်းတွင်အများအားဖြင့် အသုံးပြုကြသည်)။ Mixtec (အိန္ဒိယအားလုံး၏ ၇ ရာခိုင်နှုန်းခန့်က ပြောဆိုကြပြီး Oaxaca နှင့် Guerrero တို့တွင် အဓိကတွေ့ရှိရသည်)။ Otomí (အင်ဒီးယန်းအားလုံး၏ ၅ ရာခိုင်နှုန်းခန့်ကပြောဆိုကြပြီး မက္ကဆီကို အလယ်ပိုင်း၊ အထူးသဖြင့် Hidalgo နှင့် Querétaro ပြည်နယ်များ)၊ Tzeltal (အင်ဒီးယန်း အားလုံး၏ ၅ ရာခိုင်နှုန်းနီးပါးက ပြောဆိုကြပြီး Chiapas တွင်သုံးသည်။) နှင့် Tzotzil (အကြမ်းဖျင်းအားဖြင့် အိန္ဒိယန်း လူဦးရေ၏ ၄ ရာခိုင်နှုန်းက ပြောဆိုကြပြီး Chiapas တွင်လည်း အသုံးပြုကြသည်)။ မတူညီသောဌာနေ အိန္ဒိယန်းဘာသာစကား ၁၂ မျိုးဖြင့် Oaxaca သည် နိုင်ငံ၏ အကွဲပြားဆုံး ဘာသာစကားပုံစံရှိသည်။

လူဦးရေအများစုအုပ်စုအဖြစ် ဌာနေတိုင်းရင်းသားများ လွှမ်းမိုးထားဆဲ နေရာအများအပြား ရှိပါသည်။ Maya စကားပြောသူများသည် ကျေးလက် Yucatán နှင့် Chiapas ကုန်းမြင့်များတွင် အများစုဖြစ်သည်။ Oaxaca တောင်ကြားနှင့် Sierra Madre del Sur ၏ ဝေးလံသောနေရာများတွင် ဌာနေတိုင်းရင်းသားများ (အဓိကအားဖြင့် Zapotec) အသိုင်းအဝိုင်းများ များပြားစွာနေထိုင်ကြသည်။ အရေအတွက်များလျော့ကျလာသော်လည်း Mesa Central ၏ အရှေ့ဘက်စွန်းရှိ သီးခြားတောင်ပေါ်ဒေသများတွင်လည်း အမေရိကန်-အိန္ဒိယန်းလူမျိုးများ၏ နယ်မြေများ သိသာထင်ရှားစွာရှိနေသေးသည်။

အခြားသော လက်တင်အမေရိကနိုင်ငံများကဲ့သို့ပင် မက္ကဆီကိုပြည်ထောင်စုတွင်လည်း ဥရောပနွယ်ဖွားများနှင့် အသားအရေဖျော့သော (ကပြား) မက္ကဆီကန်လူမျိုးများသည် လူမျိုးရေးခွဲခြားမှုနှင့် ချမ်းသာကြွယ်ဝမှုကို ဦးစားပေးသည့် ရာစုနှစ်ပေါင်းများစွာ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးမူဝါဒများကြောင့် မက္ကဆီကိုလူ့အဖွဲ့အစည်း၏ အချမ်းသာဆုံးသူများအဖြစ် လွှမ်းမိုးထားသည်။ အခြားတဖက်တွင်မက်တီဇိုများသည် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာရာထူးများစွာကို သိမ်းပိုက်ထားကြသည်။ ဌာနေအိန္ဒိယန်း လူမျိုးများသည် ဆင်းရဲနွမ်းပါးပြီး အလုပ်သမားလူတန်းစားအများစုဖြစ်ကာ ကျေးလက်ဒေသရှိ မြို့ကြီး များနှင့် တောင်သူလယ်သမားများ ဖြစ်ကြသည်။ စက်မှုနှင့် ဝန်ဆောင်မှုလုပ်သားများအဖြစ်လည်း အလုပ်အကိုင်လုပ်ကိုင်ကြရပါသည်။ ထိုသို့သောယေဘုယျအခြေအနေများရှိသော်လည်း အချို့သော ဌာနေအိန္ဒိယန်းများသည် ပညာရေး၊ နိုင်ငံရေးလုပ်ဆောင်မှု သို့မဟုတ် စွန့်ဦးတီထွင်မှုမှတစ်ဆင့် ၎င်းတို့၏ အခန်းကဏ္ဍကို မြှင့်တင်ရန်စီမံနိုင်ကြသည်ကိုလည်း တွေ့ရပါသည်။

◉မက္ကဆီကိပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဌာနေတိုင်းရင်းသားအခွင့်အရေးများ

မက္ကဆီကိုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဌာနေတိုင်းရင်းသားအခွင့်အရေးများကို အခိုင်အမာပြဋ္ဌာန်းထားပြီး ဌာနေမြေယာအခွင့်အရေးများသည် မက္ကဆီကိုပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိက အချက်ဖြစ်သည်ဟု ဆိုနိုင်သည်။ တော်လှန်ရေးအခြေအနေ (၁၉၁၀-၁၉၂၁) တွင် တိုင်းပြည်၏ မြေယာပိုင်ဆိုင်ခွင့်စနစ်ကို ထူထောင်ခဲ့သည်။ ဤစနစ်ကို ၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲခဲ့သည်။ သို့သော်လည်း ပြုပြင်ပြောင်းလဲမှုတွင် မြေယာဈေးကွက်ကို လှုံ့ဆော်ပေးခြင်း သို့မဟုတ် လူမှုရေးဆိုင်ရာပိုင်ဆိုင်မှုများကို ပုဂ္ဂလိကပိုင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးရန် ပျက်ကွက်ခဲ့သည်။

မက္ကဆီကိုနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၇ အရ နိုင်ငံတော် (ပြည်ထောင်စု) သည် ပြည်ထောင်စု ပိုင်နက်အတွင်း မြေယာနှင့် ရေအားလုံးအား မူလပိုင်ဆိုင်ပြီးသည်။ ဤပိုင်ဆိုင်မှုကို သီးခြားနေရာများသို့ လွှဲပြောင်းပိုင်ခွင့်ရှိသည်။ သို့ရာတွင် သင့်လျော်သည့် လျော်ကြေးပေးချေမှုအပေါ် သိမ်းယူခံရသူ ပြည်သူလူထုက ကျေနပ်မှသာ သိမ်းယူခြင်းပြုနိုင်ပေသည်။ နိုင်ငံတော် (ပြည်ထောင်စု) သည် ပြည်သူလူထုအကျိုးစီးပွားအတွက် ပုဂ္ဂလိကပိုင်ပစ္စည်းများ အပေါ် အခွန်စည်းကြပ်ရန်အပြင် လူမှုရေးဆိုင်ရာအကျိုးဖြစ်ထွန်းမှုအတွက်ရည်ရွယ်ပြီး သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရန်၊ ပြည်သူ့အများအတွက် ဓနဥစ္စာဥစ္စာ မျှမျှတတခွဲဝေရရှိစေရန် ထိန်း သိမ်းစောင့်ရှောက်နိုင်စေရန်၊ မျှတသောဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရန်စည်းမျဥ်းများချမှတ်နိုင်ခွင့်ရှိသည်။

ပုဒ်မ ၁၈ နှင့် ၁၁၅ တို့သည် ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းများနှင့် လူမျိုးများအတွက်လည်း သက်ဆိုင်ပါသည်။ မြေယာလုပ်ပိုင်ခွင့်အပြင် ဌာနေတိုင်းရင်းသားအခွင့်အရေးများအား လူ့အခွင့်အရေးရှုထောင့်မှ ရှုမြင်လျက် အာမခံချက်များအခိုင်အမာထားရှီသည်ကိုလည်း တွေ့ရပါသည်။

ပုဒ်မ ၁ တွင် ‘လူတစ်ဦးချင်းစီတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသော လူ့အခွင့်အရေးများနှင့် မက္ကဆီကိုနိုင်ငံမှ လက်မှတ်ရေးထိုးထားသော နိုင်ငံတကာသဘောတူစာချုပ်များအပြင် အဆိုပါအခွင့်အရေးများကို အကာအကွယ်ပေးရန် အာမခံချက်များအတွက်ပါ ခံစားခွင့်ရှိစေရမည်’ ဟုဖော်ပြထားပေသည်။

ထို့အပြင် အပိုဒ် ၂ တွင်လည်း အခွင့်အရေးများကို အသိအမှတ်ပြုပါသည်။ ဌာနေတိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဌာနေတိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသများရှိ သဘာဝသယံဇာတများအား ဦးစားပေးထုတ်ယူအသုံးပြူခွင့် ချမှတ်ပေးထားသည်ကို တွေ့ရသည်။ အခွင့်အရေးများအပေါ် အာရုံစိုက်ဆောင်ရွက်မှုသည် တရားစီရင်ရေးဆိုင်ရာအပြောင်း အလဲနှင့် ယှဉ်တွဲနေပါသည်။

မက္ကဆီကိုပြည်ထောင်စု၏ တရားရုံးချုပ် (Suprema Corte de Justicia de la Nación – SCJN) သည် ဌာနေတိုင်းရင်းသားလူမျိုးများနှင့် နယ်မြေများ၏ တရားစီရင်ရေးဆိုင်ရာစွမ်း ဆောင်ရည်ကိုအသိအမှတ်ပြုခြင်းတို့အား ပိုမိုဆောင်ရွက်နိုင်ရန်လို အပ်မှုများတော့ ရှိနေပါသေးသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂ (ILO) ၏ စည်းမျဥ်းများအားလိုက်နာခြင်း၊ ဌာနေတိုင်းရင်းသားများနှင့် လူမျိုးစုများကွန်ဗင်းရှင်းတွင် ပါ၀င်ထားခြင်း၊ လူမျိုးရေးခွဲခြားဆက်ဆံမှုပုံစံအား လုံးပပျောက်ရေး အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း၊ လူ့အခွင့်အရေးဆိုင်ရာ အမေရိကကွန်ဗင်းရှင်း၊ ဌာနေတိုင်းရင်းသားများအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်းစသည့် နိုင်ငံတကာ နှုန်းစံများ၊ ဥပဒေများ၊ သဘောတူညီမှုများသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ ထိုအပြည်ပြည်ဆိုင်ရာသဘောတူမူဘောင်များအား အထူးလိုက်နာရန် အစီအမံများချမှတ်ထားရမည်။

ဌာနေတိုင်းရင်းသားများ၏မြေယာအခွင့်အရေးများ ကိုအသိအမှတ်ပြုရန်အတွက် ဌာနေတိုင်းရင်းသားများအခွင့်အရေးအတွက် မက္ကဆီကိုကကတိကဝတ်ပြုထားသော်လည်း၊ ဌာနေမြေယာအခွင့်အရေးနှင့် ပတ်သက်သည့် ၎င်း၏ ဥပဒေပါပြဋ္ဌာန်းချက်များကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရန်နှင့် ‘စိုက်ပျိုးရေးဥပဒေဆိုင်ရာ အုပ်ချုပ်မှုစနစ်’ ကို ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်ရန် လိုအပ်နေသေး သည်ကိုတွေ့ရသည်။

◉သဘာဝအရင်းအမြစ်များကို အသုံးချခြင်း၊ စွမ်းအင်ထုတ်လုပ်ခြင်းနှင့် အခြားလက်ရှိစိန်ခေါ်မှုများ

သဘာဝအရင်းအမြစ်များကို အသုံးပြုခြင်းသည် ကျေးလက်နေနွမ်းပါးသည့် ပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်းရင်းမြစ်တစ်ခုဖြစ်ပြီး အစိုးရအဆက်ဆက်က အဆိုပါအရင်းအမြစ်များကို အသုံးချရန် ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်ရန် လုပ်ဆောင်ကြသည်။ သို့သော်လည်း ပညာရပ်ဆိုင်ရာသုတေ သနပြုချက်များအရ ဌာနေတိုင်းရင်းသားများ ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများသည် သဘာဝသယံဇာတများထုတ်ယူခြင်းဆိုင်ရာအစိုးရ၊ ပုဂ္ဂလိကမူဝါဒများ၊ စီမံကိန်းများနှင့် ပတ်သက်နေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

စွမ်းအင်ထုတ်လုပ်ရေးပရောဂျက်များသည်လည်း ဌာနေတိုင်းရင်းသားနယ်မြေများအပေါ် သိသိသာ သာသက်ရောက်မှု ဖြစ်ပေါ်စေပါသည်။ မက္ကဆီကိုနိုင်ငံ၏ ၂၀၁၃ ခုနှစ် စွမ်းအင်ကဏ္ဍပြုပြင်ပြောင်းလဲမှုသည် လေစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ထိုဆောင်ရွက်မှုများသည် Oaxaca ပြည်နယ်ကဲ့သို့သောနေရာများတွင် ပဋိပက္ခများဖြစ်ပေါ်လာခဲ့သည်။ ဥပမာအားဖြင့်၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် ပညာရှင်များသည် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများမှ အများပိုင်မြေများတွင် လေအားလျှပ်စစ်ထုတ်လုပ်ရေးတာဝါတိုင်များ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ဆန့်ကျင်ကြခြင်းဖြစ်သည်။

ထို့အပြင် အခြေခံအဆောက်အအုံစီမံကိန်းများ လုပ်ဆောင်ခြင်းသည် အသက်မွေးဝမ်းကျောင်းမှု၊ ရှုခင်းများ၊ အရင်းအမြစ်များ၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုတို့ကို တိုက်ရိုက်ထိခိုက်စေသည့်အတွက် ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းများမှ အတိုက်အခံများ၏ ဆန့်ကျင်မှုကိုရင်ဆိုင်ခဲ့ရသည်။

အလားတူ သတ္တုတူးဖော်ရေး လုပ်ငန်းများသည် ဌာနေတိုင်းရင်းသားနယ်မြေများကို သက်ရောက်မှုရှိသဖြင့် ကြီးမားသောသတ္တုတူးဖော်ရေး စီမံကိန်းများသည် ဒေသန္တရအဆင့်တွင် အတိုက်အခံနှင့် ဆန့်ကျင်မှုကို ရင်ဆိုင်ရသည်။

သို့သော်လည်း ၎င်းသည် အရင်းအမြစ်များကို ဓာတ်အားထုတ်လုပ်ခြင်း၊ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း သို့မဟုတ် သတ္တုတူးဖော်ခြင်းများကြောင့် ဌာနေတိုင်းရင်းသားများအတွက် ပြဿနာများဖြစ်စေသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြည်သူ့ရေးရာ မူဝါဒများရေးဆွဲရာတွင်လည်း ပြဿနာဖြစ်နေသည်။

ခေတ်မီနည်းပညာများ အသုံးပြုမှုနောက်တွင်လည်း အငြင်းပွားမှုများဖြစ်ပွားခဲ့သည်။ စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာဆွေးနွေးငြင်းခုံမှုများတွင် နည်းပညာအသစ်များသည် ဌာနေတိုင်းရင်းသားများ၏ လူနေမှု ပုံစံများ၊ နေထိုင်ရာများနှင့် နယ်မြေများကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပုံတို့ကို ဖော်ပြကြသည်။

ဆင်လက်ဖော်ပြပါမည်…။

ဌာနေတိုင်းရင်းသားလူမျိုးစုအခွင့်အရေးများအား အလေးထားသော မက္ကဆီကိုပြည်ထောင်စု လေ့လာချက် (၂) >>> https://www.tntynews.com/2023/06/14/19143/

The Tanintharyi Times