စောရတို့ရဲ့ စားကျက်သစ် သို့မဟုတ် လန်ပိ အာဆီယံအမွေအနှစ်

စောရတို့ရဲ့ စားကျက်သစ် သို့မဟုတ် လန်ပိ အာဆီယံအမွေအနှစ်

မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အဏ္ဏဝါဥယျာဥ်ဖြစ်တဲ့ လန်ပိကျွန်းဟာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ရွှေဖောင်တွေ၊ သဲစုပ်စက်တွေ တရုန်းရုန်းနဲ့ ရွှေတူးသူတွေရဲ့ စုဝေးရာ အရပ်ဖြစ်နေပါပြီ။

နိုင်ငံတကာမှာ အာဆီယံ သဘာဝအမွေအနှစ်ဥယျာဥ်အဖြစ် ထင်ရှားတဲ့ လန်ပိကျွန်းပေါ်ကို ရွှေတူးသူတွေရဲ့ ရွှေဖောင်အများအပြားဟာ အာဏာသိမ်းပြီး လပိုင်း လောက်မှာပဲ ရောက်လာခဲ့ကြတာပါ။

အာဏာသိမ်းပြီး သုံးလလောက်မှာပဲ သန္တာဖြူကျွန်း(ခ) ကျွန်းခါးပြတ်မှာ ဖောင်တွေနဲ့ သဲစုပ်စက်တွေနဲ့ ရွှေစုပ်ကြနေကြပြီလို့ လန်ပိကျွန်း ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ကိုယ်တိုင်၊ ကိုယ်ကျ ပါဝင်ခဲ့ဖူးတဲ့ ဒေသခံ ဦးအောင်သူ(အမည်လွဲ) က ပြောပါတယ်။

သူပြောတဲ့ သန္တာဖြူကျွန်း ဆိုတာက လန်ပိအဏ္ဏဝါဥယျာဥ်ထိန်းသိမ်းရေးဧရိယာထဲမှာပါတဲ့ ကျွန်း ဖြစ်ပါတယ်။

လန်ပိကျွန်းဟာ မြန်မာနိုင်ငံတောင်ပိုင်းက မြိတ်ကျွန်းစုမှာရှိတဲ့ ကျွန်းကြီးတစ်ခုပါ။ ကျွန်းရဲ့အကျယ်က စတုရန်းမိုင် ၈၀ နီးပါး ရှိပါတယ်။ ၁၉၉၆ ခုနှစ်မှာ လန်ပိကျွန်းနဲ့ အရန်ကျွန်းငယ်တွေကို အဏ္ဏဝါအမျိုးသားဥယျာဥ် အဖြစ် စတင်သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ အာဆီယံ သဘာဝအမွေအနှစ်ဥယျာဥ် (ASEAN Heritage Park AHP) အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

အာဆီယံအဆင့် သတ်မှတ်ပြီးနောက်တစ်နှစ်၊၂၀၀၄ ခုနှစ်မှာတော့ ငှက်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေအတွက် အရေးပါတဲ့ နေရာအဖြစ် ထပ်မံသတ်မှတ်ခံခဲ့ရတဲ့ လန်ပိကျွန်းဟာ အခုတော့ ရွှေခိုးတူးသူတွေ၊ သစ်ခိုးထုတ်သူတွေနဲ့ စည်းကမ်းမဲ့ ငါးခိုးဖမ်းသူတွေရဲ့ စားကျက်နေရာကြီး တစ်ခု ဖြစ်နေပါပြီ။

“အဲဒီနေရာတွေက အရမ်းလှတယ်။ ပင်လယ်မြက်တွေဆို အရမ်းလှတာ။ ပင်လယ်လိပ်တွေ ကျက်စားတဲ့ နေရာတွေ။ သဲကိုစုပ်ပြီး ရွှေမျောလိုက်တာဆိုတော့ သန္တာကျောက်တန်းတွေမှာ နုန်းတွေပုံ၊ ပင်လယ်မြက်တွေပေါ်မှာ နုန်းတွေပုံ၊ ပြဒါးတွေ ပင်လယ်ထဲစွန့် နောက်ဆက်တွဲ သက်ရောက်မှုတွေက အများကြီးရှိနိုင်တယ်” လို့ ဦးအောင်သူကပြောပါတယ်။

ဦးအောင်သူပြောပြချက်အရ ရွှေဖောင် ၁၀ ဖောင်လောက်ဟာ အာဏာသိမ်းခါစ ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် နှစ်ဆန်း ပိုင်းမှာပဲ ရောက်ရှိလာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ရွှေဖောင် ၇၀ ကျော်အထိ ရှိလာခဲ့ပါတယ်။ အဲဒီရွှေဖောင် တွေဟာ တစ်နှစ်ကျော်ကျော်လောက် ရွှေထုတ်ခဲ့ကြတယ်။ အများစုကတော့ နောက်တစ်နှစ် ၂၀၂၂ ခုနှစ် အကုန်ပိုင်းလောက်မှာမှ ရပ်နားသွားကြပြီး ကျွန်းမကြီးပေါ်က ရွှေထွက်နိုင်တဲ့ နေရာတွေကို ထပ်ပြီး လိုက်လံ၊ စမ်းသပ်နေခဲ့ကြပါတယ်။

အခုလက်ရှိမှာတော့ ဒေသခံလုပ်ငန်းရှင်တွေရဲ့ ရွှေဖောင် ၁၀ ဖောင်လောက်က ကျွန်းပေါ်မှာ ရွှေတူးဖော်နေကြတုန်း ပါပဲ။ ရွှေဖောင် ၇၀ ကျော်က တစ်နှစ်ကျော်ရွှေတူးခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်၊ ပျက်စီးမှု အများအပြား ရှိနိုင်တယ်လို့ ဒေသခံတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူ တွေက ခန့်မှန်းထားကြပါတယ်။

ခန့်မှန်းတယ်လို့ ပြောရတဲ့အကြောင်းအရင်းကတော့ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကျွန်းပေါ်က ရွှေလုပ်ကွက်နေရာတွေကို သာမန်ဒေသခံတွေဝင်ရောက်ခွင့် မပေးတော့ဘဲ ပိတ်ပင်ခဲ့တာကြောင့်ပါ။ ဒါကြောင့် ကျွန်းပေါ်ကို ရွှေဖောင်တွေ ဝင်ရောက်ပြီး လုပ်ကိုင်နေတာကိုသာသိပြီး နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ ဒေသခံတွေ မျက်မြင်တွေ့ခွင့် မရတော့တာကြောင့်ပါပဲ။

ဒေသခံတွေ ပြောဆိုချက်အရ သိရတာကတော့ ရွှေတူးဖော်နေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ တန်းကေးလို့ ခေါ်တဲ့ အာဏာသိမ်းစစ်ကောင်စီရေတပ်ပိုင် ရေယာဥ်တစ်စီးကျောက်ချထားလေ့ရှိပါတယ်။ ဒီရေယာဉ်က ကန့်သတ်နယ်မြေဖြစ်တဲ့ ကျွန်းပေါ်က ရွှေစုပ်လုပ်ကွက်တွေကို တားမြစ်ဖို့ထက် ဒေသခံတွေကို သွားလာခွင့် ကန့်သတ်ဖို့ စောင့်ကြည့်နေခဲ့တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)ရဲ့ ဖော်ပြချက်အရ လန်ပိကျွန်းမှာ သတ္ထုတရားဝင်တူးဖော်ခွင့် ပေးထားတဲ့ကုမ္ပဏီစာရင်း တစ်ခုမှ မရှိပါဘူး။ ဒါကြောင့် လန်ပိကျွန်းပေါ်က ‌ရွှေလုပ်ကွက်တွေက အာဏာသိမ်းစစ်ကောင်စီရဲ့ တရားဝင်လုပ်ငန်းတွေ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။

နိုင်ငံအဆင့်၊ အာဆီယံအဆင့်၊ အပြည်ပြည်ဆိုင်ရာအဆင့် အသီးသီးက ထိန်းသိမ်းရေးဧရိယာလို့ သတ်မှတ်ထားတဲ့ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်ဟာ စစ်အာဏာသိမ်းမှုနောက်က ဥပဒေမဲ့မှုအောက်မှာ ဖျက်ဆီးခံ နေရတာကို သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက အထူးစိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ လန်ပိဟာ အချိန်တိုအတွင်း စိုးရိမ်ရတဲ့ အခြေအနေကို ရောက်လာနေပြီလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေက ပြောဆိုနေကြပါပြီ။

လန်ပိကျွန်း‌ပေါ်မှာ တရားမဝင်လုပ်‌ဆောင်နေတာက ရွှေဖောင်လုပ်ငန်းတွေအပြင် သစ်ခိုးတာတွေလည်း ပေါ်ပေါ် ထင်ထင် ရှိနေတယ်လို့ ဒေသခံတွေက ထပ်ပြောပါတယ်။ သူတို့ပြောပြချက်အရ သစ်ခိုးခုတ်သူတွေက ကျွန်းကမ်းနားဘေးက သစ်ပင်တွေကို ခုတ်ယူနေကြတာလို့ သိရပါတယ်။

ရွှေခိုးထုတ်သူ၊ သစ်ခိုးသူတွေနည်းတူ သဘာဝ ပတ်ဝန်းကျင်ကို အဓိက ခြိမ်း‌ခြောက်နေသူတွေလည်း ရှိနေပါသေးတယ်။ သူတို့တွေက တရားမဝင် ငါးဖမ်းလှေတွေ၊ ရှပ်(ခရု)ဆွဲတဲ့လှေတွေပါ။ ရှပ်ခရုဖမ်းတဲ့‌လှေတွေက ရေအောက်ကြမ်းပြင်အထိ Air Compressor နဲ့ ကြုံးယူဖမ်းဆီးတဲ့အတွက် ‌ရေအောက်သယံဇာတတွေ ထိခိုက်မှု ရှိမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။

“ငါးတွေ၊ ကင်းမွန်တွေရဲ့ရေစားကျက်တွေဖြစ်တဲ့ သန္တာကျောက်တန်းတွေ ပျက်စီးစေတယ်။ သန္တာကျောက်တန်းက ၂၀ ရာနှုန်းလောက်တော့ ပျက်စီးသွားလောက်ပြီ။ သန္တာကျောက်တန်းတွေ ပျက်စီးသွားရင် အကောင်းတိုင်းပြန်မရနိုင်တော့ဘူး” လို့ ဦးအောင်သူက ထောက်ပြပါတယ်။

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် ဧရိယာထဲမှာ မကြုံဂလက်၊ ဝါးကျွန်း၊ စစ်တပ်ဂလက်၊ ကိုဖော့ စတဲ့ကျေးရွာတွေတည်ရှိပါတယ်။ ဒီကျေးရွာတွေမှာ မော်ကင်း(ဆလုံ)လူမျိုးတွေ နေထိုင်ကြတာပါ။ တရားမဝင်လုပ်ငန်း တွေ လုပ်ဆောင်လာလို့ ရေစားကျက်တွေ ပျက်စီးလာတာက ဆလုံတိုင်းရင်းသားတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကိုပါ ထိခိုက်မှုတွေ ရှိလာပါတယ်။

ဒေသခံ ဦးအောင်သူကတော့ “ဆလုံတွေ ကင်းမွန်မျှားတာ သိပ်မရတော့ဘူး။ သန္တာကျောက် တန်းပျက်၊ စားကျက်ပျက်လို့ ကင်းမွန်လည်းမရတော့ဘူး။ သူတို့လုပ်နေတဲ့ နေရာတွေက ဆလုံတွေ ကင်းမွန်မျှားတဲ့ နေရာတွေ” လို့ ပြောပါတယ်။

အခုလိုမျိုး အာဆီယံအမွေနှစ်ထိန်းသိမ်းရေးဧရိယာမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းတွေအင်တိုက်အားတိုက်လုပ်ဆောင်ခွင့်ရနေတာဟာ ရေတပ်ရဲ့ ပယောဂ မကင်းဘူးလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့သူတွေက ရှုမြင်ပါတယ်။

“ရေတပ်က အရင်ကတည်းက ငါးခိုးဖမ်းလှေတွေနဲ့ ပတ်သက်နေတာလေ။ အခုကပိုဆိုးတာပေါ့။ ရေတပ်ကအဓိက ပါပဲ” လို့ လန်ပိကျွန်းကို ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် သွားရောက်ခဲ့ဖူးတဲ့ မြိတ်‌ဒေသခံ ပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ဦးစိုးလွင်(အမည်လွှဲ) က ပြောပါတယ်။

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ် ထိန်းသိမ်းရေးနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာစီမံကိန်းကို မြန်မာနိုင်ငံက သစ်တောဦးစီးဌာနနဲ့ အီတလီနိုင်ငံအခြေစိုက် INGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Institute Oikos တို့ နားလည်မှု လက်မှတ်ရေးထိုး ပြီး ဇီဝမျိုးစုံမျိုးကွဲတွေ ဆန်းစစ်လေ့လာမှတ်တမ်းတင်တာတွေ၊ သဘာဝအခြေခံခရီးသွား စီမံချက်တွေ အကောင် အထည်ဖော်ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

လန်ပိကျွန်းမကြီးနဲ့ အရံကျွန်းတွေမှာ ငှက်မျိုးစိတ်တွေ၊ နို့တိုက်သတ္တဝါမျိုးစိတ်တွေကို ၂၀၁၅ ခုနှစ်က ကွင်းဆင်းလေ့လာ ဆန်းစစ်တဲ့ လုပ်ငန်းကို ဆောင်ရွက်တဲ့အခါမှာ ငှက်မျိုးစိတ် (၁၂၀)နဲ့ နို့တိုက် သတ္တဝါမျိုးစိတ် (၁၉)မျိုးရှိကြောင်း မျိုးစိတ်စာရင်းကောက်ယူ မှတ်တမ်းတင်ခဲ့ပါတယ်။ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဥ်မှာ အဓိက ထိန်းသိမ်းထားတဲ့ မျိုးစိတ်တွေက ဆင်၊ သင်းခွေချပ်၊ မျောက်၊ သန္တာကျောက်တန်း၊ ရေငှက်၊ ဂျီလောင်နဲ့ ပင်လယ်နေ သက်ရှိတွေပဲ ဖြစ်ပါတယ်။

Institute Oikos အဖွဲ့အနေနဲ့ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ် ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် ငွေကြေးနဲ့ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုတွေ လုပ်ဆောင်ခဲ့ပြီး စစ်တပ်အာဏာမသိမ်းခင်အချိန်အထိ တရားမဝင်ရွှေတူးသူ၊ သစ်ခိုးသူတွေရဲ့ အန္တရာယ်ကို သစ်တောဦးစီးဌာနဝန်ထမ်းတွေနဲ့ ဒေသခံတွေပူးပေါင်းကာကွယ်ခဲ့ကြတယ်လို့ ဦးအောင်သူက ပြောပါတယ်။

“အရင်က သစ်တော ဝန်ထမ်း ၁၂ ယောက်လောက်ရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ၁၀ ယောက်လောက် ကCDM လုပ်တော့ ဝန်ထမ်းက မရှိတော့ဘူး။ Non CDM တွေကို အစားထိုး ပို့တယ်။ ဒါပေမယ့် သစ်ထုတ်၊ ရွှေတူးတာ တွေကို သူတို့က သွားပြီး ကန့်သတ်တာတွေ လုပ်ရင် အန္တရာယ်ရှိလို့ ခွဲတမ်းယူကြတာဆိုတော့ ကျွန်းက ပိုပြီးပျက်စီးတာပေါ့” လို့ ဦးအောင်သူက ဝေဖန်ပါတယ်။

လန်ပိကျွန်းထိန်းသိမ်းရေးဆိုင်ရာကိစ္စတွေကို သစ်တောဌာနနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ Institute Oikos အဖွဲ့အနေနဲ့ အခုလိုမျိုး တရားမဝင်‌ရွှေထုတ်၊ သစ်ခိုးတာတွေ လုပ်နေတာနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ တနင်္သာရီတိုင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူ တွေက ထောက်ပြကြပါတယ်။

“NGO တွေက ဘာမှ ထဲထဲဝင်ဝင်မလုပ်နိုင်ဘူး။ သူတို့က အစီရင်ခံစာရေးဖို့ပဲ တာဝန်ရှိတာလေ” လို့ ဦးအောင်သူကပြောပါတယ်။

တနင်္သာရီတိုင်းက သယံဇာတတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေကို စောင့်ကြည့်လေ့လာနေသူ တစ်ဦးကတော့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဥ် အခုလိုယိုယွင်းပျက်စီးတော့မဲ့ အနေအထား ဖြစ်လာတာဟာ “စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တစ်ခုဖြစ်တယ်” လို့ ပြောပါတယ်။

“လန်ပိဥယျာဉ် မပျက်စီးအောင် သက်ဆိုင်တဲ့ အဖွဲ့အစည်း ဌာနတွေက တားမြစ် အရေးယူဖို့ လိုတယ်။ အုပ်ချုပ်ရေး ယိုယွင်းပျက်စီးနေတဲ့ အချိန်ကာလ ဆိုတော့လည်း လန်ပိ မဟုတ်ဘူး၊ တခြားဒေသတွေမှာလည်း သဘာဝပတ်ဝန်းကျင်အတွက် စိန်ခေါ်မှု အကြီးအကျယ်ရှိနေတယ်” လို့ သူက ထောက်ပြပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လတ်တလောအခြေအနေမှာ ရရာနည်းနဲ့ထိန်းကျောင်းထားနိုင်ဖို့လိုပြီး နောင်တချိန် အရေးယူနိုင်ဖို့အတွက် လန်ပိ ဧရိယာမှာ သယံဇာတထုတ်ယူနေတဲ့၊ ပါဝင်ပတ်သက်သူတွေကို စနစ်တကျမှတ်တမ်းတင်ထားဖို့တော့ လိုတယ်လို့ စောင့်ကြည့်လေ့လာနေသူ က ဆက်ပြောပါတယ်။

အခုကာလလိုမျိုး တရားဥပဒေသက်ရောက်မှုမရှိ၊ အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုမရှိတဲ့အပြင် စောင့်ကြည့် ထိန်းကျောင်းသူမရှိတဲ့ အခြေအနေတွေနဲ့ လာဘ်ပေး၊ လာဘ်ယူကိစ္စတွေက လန်ပိလို တန်ဖိုးမဖြတ်နိုင်တဲ့ ဒေသတွေကို ဥပဒေမဲ့ လုပ်လိုသူတွေရဲ့ စားကျက်သစ်အဖြစ် တွန်းပို့ခဲ့ပါပြီ။

ပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေကလည်း မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အဏ္ဏဝါဥယျာဥ်ဖြစ်တဲ့ လန်ပိ အာဆီယံအမွေနှစ်ဥယျာဥ်မှာ တရားမဝင် သယံဇာတတူးဖော်တာတွေ ဆက်လုပ်နေရင် ဂေဟစနစ်ပျက်စီးမှု အကြီးအကျယ်ဖြစ်ပေါ် လာနိုင်ပြီး ရေရှည်မှာ ဒေသခံ တွေရဲ့ လူမှုဘဝကို ထိခိုက်လိမ့်မယ်လို့ သတိပေးကြပါတယ်။

“ဆင်းရဲတဲ့ လူထုတွေက သဘာဝပတ်ဝန်းကျင်မှာပဲ တိုက်ရိုက်မှီခိုနေရတယ်။ သူဌေးတွေက အဆီအနှစ်တွေ ထုတ်သွားရင် ဒေသခံတွေ ဒုက္ခရောက်ကြတော့မှာပဲ။ ဆလုံတွေကင်းမွန်ထုတ်တာက အစဥ်ဆက်မပြတ်ထုတ်ယူနည်းတွေနဲ့ ထုတ်တာ။ အဓိကနစ်နာတာက ဒေသခံတွေပါပဲ” လို့ ဦးအောင်သူက ပြောပါတယ်။

ဒေသခံလည်းဖြစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အရင်က ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ဖူးတဲ့ ဦးအောင်သူတစ်ယောက်ကတော့ ကျွန်းပေါ်မှာ တရားမဝင်လုပ်ငန်းတွေ ဆက်ရှိနေသရွေ့ ဒေသခံတွေရဲ့နောင်ရေးနဲ့ လန်ပိအနာဂတ်အရေးကိုတွေးပြီး ရတက်မအေးနိုင် ဖြစ်နေရဦးမှာပဲ ဖြစ်ပါတယ်။

The Tanintharyi Times