“တနေ့တာ မြန်မာ”
“တနေ့တာ မြန်မာ”
ဇွန်လ ၂၃ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
“ကန်တစ်ဒေါ်လာ ကျပ် ၂၉၀၀ ကျော်နဲ့ ဗဟိုဘဏ်အရောင်းအဝယ်လုပ်”
AD လိုင်စင်ရ ဘဏ်တွေကို ကန်တစ်ဒေါ်လာကို ကျပ် ၂၉၂၀ -၂၉၂၂ ကျပ်နှုန်းနဲ့ ရောင်းဝယ် ပေးခဲ့တယ်လို့ ဗဟိုဘဏ်က မနေ့က ထုတ်ပြန်ပါတယ်။ အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်က ကန်တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ်ထားခဲ့ရာက အခုအခါ ကျပ် ၂၉၀၀ ကျော်နဲ့ ရောင်းဝယ်မှုကို ပထမဆုံးအကြိမ် လုပ်ခဲ့တာပါ။ AD လိုင်စင်ရ ဘဏ် ခြောက်ခုကို ကန်ဒေါ်လာ ၆ ဒသမ ၈၆ သန်း အရောင်းအဝယ် လုပ်ခဲ့တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ပေမဲ့ ဘယ်ဘဏ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။ ကန်ဒေါ်လာဈေးကွက်မှာတော့ ကန်တစ်ဒေါ်တာ ၃၂၀၀ လောက် ပေါက်ဈေးရှိနေပြီး လတ်တလောမှာတော့ အရောင်းအဝယ် ပိတ်ထားကြပါတယ်။ အမေရိကန်အစိုးရက စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူမယ်လို့ အခုလ ၂၁ ရက်နေ့က ထုတ်ပြန်ပြိးနောက်မှာ အခုလိုအခြေအနေတွေ ဖြစ်ပေါ်လာတာပါ။
“၆ လအတွင်း ဒေါ်လာ ၅ သန်းကျော်ဖိုး လက်နက်ခဲယမ်းတွေ စစ်ကောင်စီထံအိန္ဒိယရောင်းချ”
အိန္ဒိယဟာ စစ်ကောင်စီထံ လွန်ခဲ့တဲ့ ၆ လအတွင်း အမေရိကန်ဒေါ်လာ ၅ သန်း ဖိုး တန်ကြေးရှိတဲ့ လက်နက်ခဲယမ်းတွေ တင်ပို့ခဲ့တယ်လို့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ထုတ်နေတဲ့ Justice For Myanmar (JFM) ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဧပြီလအထိ ၆ လတာအတွင်း အိန္ဒိယနိုင်ငံပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီက စစ်ဘက်သုံးနည်းပညာနဲ့ ဆက်နွယ်ပစ္စည်းတွေရောင်းချတာဖြစ်ပါတယ်။
အဲဒီ ကုမ္ပဏီက တင်ပို့တဲ့ စစ်သုံးပစ္စည်းတွေ ထဲမှာ ရေဒီယိုလှိုင်းစက်နဲ့ ရေဒါဆိုင်ရာ ပစ္စည်းတွေ ၊ စစ်မြေပြင်သုံး ဆက်သွယ်ရေးစက်တွေပါဝင်တယ်လို့ JFM က ဆိုပါတယ်။ ဒါအပြင် မြန်မာရေတပ်ရဲ့ ရေငုပ်သင်္ဘော ၊ တိုက်သင်္ဘောတွေအတွက် အထောက်အကူဖြစ်မဲ့ စာရွက်စာတမ်းတွေပို့ပေးတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ထံ အိန္ဒိယကုမ္ပဏီက လက်နက်တင်ပို့မှု ၇ ကြိမ် ရှိခဲ့ပြီး ၃ ကြိမ် က စစ်တပ်ထံ တိုက်ရိုက်တင်ပို့ပြီး ကျန်တဲ့အကြိမ်တွေမှာတော့ စစ်တပ်နဲ့ဆက်နွယ်တဲ့ကုမ္ပဏီတွေကတဆင့် တင်ပို့တာလို့သိရပါတယ်။
“KNU တပ်မဟာ ၆ နယ်မြေမှာ စစ်ကောင်စီ ပစ်ခတ်မှုကြောင့် အရပ်သား သုံးဦးသေ၊ ၁၇ ဦးဒဏ်ရာရ”
ပြီးခဲ့တဲ့ မေလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် KNU တပ်မဟာ (၆) နယ်မြေမှာ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား သုံးဦး သေဆုံးခဲ့ရသလို နောက်ထပ် ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့လမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု (၁၀၂) ကြိမ်နဲ့ လေကြောင်းတိုက်ခိုက်မှု ကိုးကြိမ်ရှိခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်း၊ နေအိမ် (၂၂) လုံး အပါအဝင် ပါတယ်။ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း ၃၀ အထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၆ ဦးသေဆုံးကာ ၄၀ ဦး ဒဏ်ရာရခဲ့သလို KNU နဲ့ ပူးပေါင်းတပ်တွေဘက်ကလည်း တစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ်။KNU တပ်မဟာ (၆) နယ်မြေမှာ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်တို့ ပါဝင်ပါတယ်။
“အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေလိင်အကြမ်းဖက်မှု ၁၁၇ ကြိမ်ဖြစ်ပွားခဲ့”
စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၁၇ ကြိမ်ဖြစ်ပွါးခဲ့တယ်လို့ NUGရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အခုလ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်သားတွေက ကျူးလွန်မှု ၁၀၈ ကြိမ်အထိရှိခဲ့ပြီး နောက်ထပ် ကိုးကြိမ်ကိုတော့ အရပ်သားအချင်းချင်း ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။ ဒီလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ဆီ တိုင်ကြားထားသလို NUG တရားရေးဝန်ကြီးဌာနကိုလည်း မှတ်တမ်းပို့ထားတယ်လို့ NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုးက RFA ကို ပြောထားပါတယ်။
“ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးလို့ ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန်”
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တစ်မိုင်ကုန်းကျေးရွာရှိ စစ်ကောင်စီရဲ့ ရေကူးကန် တပ်စခန်းကို KNU/KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ရှစ်ဦး သေဆုံးပြီး အများပြားဒဏ်ရာရရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး People’s Spring ကဖော်ပြပါတယ်။ အခုလ ၂၁ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ရေကူးကန်စစ်ကောင်စီတပ်စခန်းကုန်းကို KNU/KNLA တပ်ရင်း(၁၈)၊ ကျားသစ်နက်စစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနဲ့ ကျားဖြူစစ်ကြောင်းတို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။အဆိုပါတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
“စစ်ဘေးရှောင်တွေအတွက် ရေတွင်းတူးရာမှာ ကူဖို့သွားတဲ့ S&C အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထား”
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်နဲ့ ရွှေဘိုမြို့နယ်အတွင်းက စစ်ရှောင်နဲ့မီးဘေးသင့် ပြည်သူတွေကို အကူအညီပေးနေတဲ့ S&C အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးထားတယ်လို့ မြေလတ်အသံက ဖော်ပြပါတယ်။ အခုလ ၂၁ ရက် နေ့လယ်ပိုင်းက ယင်းမာပင်မြို့နယ်ဘက်ကို ရေတွင်းတူးရာမှာ ကူညီပေးဖို့သွားတဲ့ S&C ပရဟိတအဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာလို့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံကပြောပါတယ်။S&C အဖွဲ့အနေနဲ့ ဖမ်းဆီးခံထားရသူနဲ့ အဆက်အသွယ် မရသေးသလို မည်သည့်နေရာမှာ ဖမ်းထားတယ်ဆိုတာလဲ မသိရသေးပါဘူး။

The Tanintharyi Times
