သူတို့ကမ္ဘာ
သူတို့ကမ္ဘာ
သူ အချုပ်ခန်းထဲကို ဝင်ပေါက်ကနေ ခေါင်းလေးငုံ့ပြီး ဝင်သွားလိုက်တယ်။ ဖိနပ်ကိုတော့ အပြင်ဘက်မှာပဲ ချွတ်ထားခဲ့ရတယ်။ ညိုညစ်ပေရေနေတဲ့ ဖိနပ်တွေဟာ ဘယ်သူဘယ်ဝါ့ဟာရယ်လို့ ခွဲခြားလို့ မရနိုင်တော့အောင်ကိုပဲ ပုံလို့ နေပါတယ်။ သူ့ဖိနပ်လေးလည်း သိပ်မကြာခင်မှာ အဲဒီထဲက တစ်ရံ ဖြစ်သွားတော့မှာပါပဲ။
လူသစ်ဝင်လာတယ်ဆိုတော့ အထဲမှာရှိနေကြတဲ့သူတွေဟာ ဆူညံပွက်လောရိုက်နေတဲ့ သူတို့ရဲ့အသံတွေကို ရုတ်ခြည်းပဲ ရပ်တန့်လိုက်ပြီး စိတ်ဝင်တစား စူးစမ်းကြတယ်။ သူ့မှာ ကျီးကြည့် ကြောင်ကြည့်။
အခန်းထဲမှာက လူတွေအပြည့်ပဲ။ အချုပ်ခန်းက ပေ ၅၀၊ ပေ ၃၀ အကျယ်လောက်ပဲ ရှိပြီး နှစ်ခန်းတွဲ ဖြစ်ပါတယ်။ တစ်ဖက်ခန်းမှာက အမျိုးသမီးတွေကို ထားပါတယ်။ ကြားထဲမှာ အုတ်နံရံနဲ့ အလုံပိတ်ကာထားပြီး ကျန်တဲ့ မျက်နှာစာသုံးဘက်ကိုတော့ သစ်သားချောင်းတွေထောင်ပြီး ကာထားတာပါ။
သစ်သားချောင်းတွေက လက်တစ်ဝါးစာလောက် ဗြက်ရှိပြီး လက်သီးဆုပ်လောက် ထူတဲ့ (၅x၄ လက်မ) သစ်သားချောင်းတွေကို လက်တစ်နှိုက်စာ ခြားထားပါတယ်။ ပြီးတော့ သံနန်းကြိုးခပ်တုပ်တုပ်တွေကိုလည်း လေးထောင့်ကွက် ဖော်ပြီး ထပ်ကပ်ထားပါသေးတယ်။ ပြီးတော့မှ ကြားထဲမှာ လျှောက်လမ်းခြားပြီး အုတ်နံရံတစ်ခု ထပ်ပိတ်ထားတယ်။ မြန်မာရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ တွေ့ရလေ့ရှိတဲ့ ပုံစံတွေနဲ့တော့ တော်တော်ခြားနားပါတယ်။
နွေရာသီမို့ ပူအိုက်လှတာကြောင့် အများစုဟာ ဘောင်းဘီတို ဒါမှမဟုတ် ပုဆိုးလောက်ပဲ ဝတ်ထားကြတယ်။ အိပ်ရာထဲမှာ လှဲနေသူတွေ၊ ဟိုနားတစ်စု၊ ဒီနားတစ်စု ထိုင်နေကြသူတွေ၊ ကျားကစားနေသူတွေနဲ့ ငြင်းခုံနေသူတွေဟာလည်း သူ့ကို လှမ်းပြီး အကဲခတ်ကြတယ်။
စစ်ဆေး၊ မေးမြန်းတာနဲ့ အမှုတည်ဆောက်တာက တစ်နေကုန်ကြာသွားတာမို့ သူလည်း တော်တော်နွမ်းနယ်နေပါပြီ။ တစ်နေကုန်လည်း ဘာမှမစားရသေးပါဘူး။
အခန်းထဲရောက်ရောက်ချင်း အေးဆေး နားရမယ်ထင်ခဲ့တာ။ တန်းစီးဆိုတဲ့သူဆီကို သွားပြီး သတင်းပို့ရသေးပါတယ်။ တန်းစီးက အသားညိုညို၊ ဝဝဖိုင့်ဖိုင့်။ သဘောကောင်းပုံ၊ ပျူငှာပုံ ရှိတာကိုတွေ့တော့ သူ့မှာ စိတ်သက်သာရာ ရပါသေးတယ်။ ဘာအမှုနဲ့ ဒီထဲကို ရောက်လာတာလဲဆိုတာက ဒီထဲကလူတွေရဲ့ အရင်ဆုံး သိချင်တဲ့ အဖြေပါပဲ။ သူ့အမှုက နိုင်ငံရေးမှုဖြစ်တာကြောင့် သူတို့တွေဟာ ပိုပြီး လိုလိုချင်ချင်ရှိကြပါတယ်။ သူ့ကို လာပြီး နှုတ်ဆက်ကြ၊ မိတ်ဆက်ကြတယ်။ သူတို့မှာ ပြင်ပကအခြေအနေတွေကိုလည်း သိလိုနေကြတာပါ။
အာဏာသိမ်းလိုက်တယ်ဆိုတဲ့သတင်းတွေကိုလည်း သူတို့ အထဲကနေ ကြားနေရပါတယ်။ လမ်းမတွေထက်က ဆန္ဒတွေပြသံ၊ ကြွေးကြော်ကြသံတွေကလည်း တစ်ခါတစ်ခါ အချုပ်ခန်းထဲအထိ လွင့်ပျံ့လာတတ်တာမို့ သူတို့ သိကြပါတယ်တဲ့။ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာ တစ်ကြိမ်၊ နောက် လပိုင်းအကြာ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့မှာ တစ်ကြိမ် အကျဉ်းသားတွေကို လွှတ်ပေးလိုက်တဲ့သတင်းတွေကိုလည်း သူတို့ သိကြရပါတယ်။ သူတို့ကိုရော တစ်နေ့နေ့မှာ လွှတ်များ လွှတ်ပေးလေမလားလို့ မျှော်လင့်ချက်တွေ ရှိနေကြတယ်။
တချို့တွေက ဒီထဲမှာ တစ်နှစ်ကျော်၊ နှစ်နှစ်နီးနီး ရှိနေကြပြီလို့ သိရတော့ သူ့မှာ ထိတ်လန့်သွားပါတယ်။ ဘာလို့ အဲဒီလောက်ကြာကြာ ဒီအထဲမှာ ရှိနေကြတာလဲဆိုပြီးပေါ့။
ကိုဗစ်ကိုအကြောင်းပြပြီး ရုံးမထုတ်ဘဲထားတာမို့ အပြင်လောကနဲ့ မထိတွေ့ရဘဲ ရှိနေကြတယ်။ တရားခွင်ရှည်ကြာလေ့ရှိတဲ့ လူသတ်မှုတို့၊ မုဒိန်းမှုတို့တွေက ချုပ်ရက်အရှည်ဆုံးပါပဲ။
အမှုတွေက မပြတ်၊ အမိန့်လည်း မချနိုင်နဲ့။
တကယ်လို့ အပြစ်မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့မယ်ဆိုရင်တော့ သူတို့အတွက် နစ်နာမှုဟာ တိုင်းတာပြနိုင်ဖွယ် မရှိတော့ပါဘူး။ တချို့ကကျတော့လည်း အပြစ်ရှိရင် အပြစ်အတိုင်းပဲ ပြစ်ဒဏ်ကို မြန်မြန်ချလိုက်စေချင်ကြပြီ။ အဲဒါဆိုရင် ထောင်ကို ပြောင်းရလိမ့်မယ်။ ထောင်မှာက အခုထက် အများကြီး ကျယ်ဝန်းပြီး အနေအထိုင်သက်သာတယ်လို့ ဆိုပါတယ်။ သူ့အချိန်နဲ့ သူ အခန်းအပြင်ဘက် ထွက်ခွင့်ပေးပြီး လမ်းလျှောက်လို့ရမယ်၊ ကိုယ်လက်လှုပ်ရှားလို့ရမယ်၊ ကောင်းကင်ကို မြင်နိုင်တယ်၊ ကျယ်ပြောတဲ့ ပတ်ဝန်းကျင်ရဲ့ လေကို တဝကြီး ရှူလို့ ရနိုင်မယ်။
ထမင်းစားမလားလို့ တစ်ယောက်က သူ့ကို လာပြောတယ်။ စားချင်ရင် ထမင်းရှိတယ်တဲ့။ ဒီအထဲမှာကတော့ ညနေ လေးနာရီခွဲလောက်ဆို ထမင်းဟင်းတွေ လာပို့ပေးပြီး အများစုကတော့ အဲဒီအချိန်မှာပဲ တစ်ခါတည်း စားပြီးသွားကြပြီ။ မဆာသေးတဲ့ သူတွေကတော့ ပန်းကန်(တကယ်တော့ ပန်းကန်လို့တောင် မခေါ်နိုင်ပါဘူး။ ပလပ်စတစ်ရေချိုးခွက်တွေ ဖြစ်ပါတယ်။)လေးတွေနဲ့ ခူးယူထားပြီး ညကျမှ စားကြတယ်လို့ ဆိုပါတယ်။ သူ ငြင်းလိုက်ပါတယ်။
ခဏနေတော့ အပြင်ဘက်က အချုပ်ခန်းစောင့် ရဲဝန်ထမ်းက သူ့နာမည်ကို ခေါ်လို့ နံရံနားကို သူ ထသွားရပါတယ်။ သူ့အတွက် အိမ်က အိပ်ရာခင်းနဲ့ စောင်၊ အစားအသောက်တွေ လာပို့ထားတယ်လို့ ဆိုပြီး နံရံအပေါက်ကလေးထဲကနေ တစ်ခုချင်းကို ထိုးထည့်ပေးပါတယ်။
အချုပ်ခန်းနံရံက အပေါ်မှာ ပြောခဲ့သလိုပါပဲ။ သစ်သားချောင်းတွေကို လေးလက်မလောက် ခြားပြီး ဒေါင်လိုက် စိုက်ထားတာ။ ပြီးတော့မှ အပြင်ဘက်ကနေ သံနန်းကြိုးတွေကို လေးထောင့်ကွက်ဖော်ပြီး ထပ်ပတ်ထားသေးတယ်။ ဆိုတော့ လက်တစ်နှိုက်စာ အပေါက်ကလေးတွေပဲ ကျန်ပါတယ်။ ပစ္စည်းအသွင်းအထုတ်လုပ်တဲ့ အပေါက်ကတော့ သံနန်းကြိုးတစ်ချောင်းကို ချိုးဖြတ်ထားတာမို့ ရှည်မျောမျောလေးဖြစ်နေပြီး အားလုံးထဲမှာ အကျယ်ဆုံးပါပဲ။ ဆေးတွေကိုတော့ သွင်းမပေးပါဘူး။ သောက်ချင်တဲ့အခါကျမှ သူ့ဆီကို လှမ်းတောင်းပါလို့ အစောင့်တာဝန်ကျသူက ပြောပါတယ်။
အိမ်ကပေးလိုက်တဲ့ ပစ္စည်းတွေကို ကြည့်ပြီး သူ ဝမ်းနည်းရပြန်ပါတယ်။ အဖေ၊ အမေနဲ့ ညီအစ်ကိုမောင်နှမတွေရော အဆင်ပြေကြရဲ့လား။ သောကတွေနဲ့ ဆောက်တည်ရာမရ ဖြစ်နေကြမလား။ ဘာမှ မသိနိုင်တော့။
အိမ်ကပေးလိုက်တဲ့ အထုပ်ကို ဖွင့်လို့ သူ ထမင်းစားတယ်။ စားပြီးတဲ့အခါ ပန်းကန်ဆေးဖို့၊ လက်ဆေးဖို့အတွက် ရေကန်ဆီကို သွားရတယ်။
အခန်းရဲ့ထောင့်တစ်ခုမှာ နှစ်ပေသာသာလောက်အမြင့်ရှိတဲ့ အုတ်စီနံရံတွေကန့်ပြီး အိမ်သာအဖြစ် လုပ်ပေးထားပါတယ်။ ထိုင်နေတဲအခါမှာတောင် ခေါင်းကို အပြင်ကနေ မြင်နေရတာ။ အိမ်သာရဲ့ကပ်လျက်မှာ ရေကန်ကို တွဲပေးထားပါတယ်။
ပန်းကန်ဆေးလက်ဆေးလည်း အဲဒီကန်၊ အိမ်သာတက်တော့လည်း အဲဒီကန်၊ ရေချိုးမျက်နှာသစ်တော့လည်း အဲဒီကန်ပါပဲ။
သောက်ရေအတွက် ရေသန့်ဘူးကြီးတွေ(အကျဉ်းသားတွေက ရေဖိုးအတွက် မျှခံကြရတယ်။ လှူနိုင်တဲ့သူက လှူပေါ့။)ကိုတော့ အိမ်သာဘောင်ပေါ်မှာ စီတင်ပေးထားတယ်။ ဒီတော့ ရေသောက်ချင်တဲ့သူကလည်း အဲဒီကို သွားပေါ့။
တစ်ယောက်က အိမ်သာသုံးနေချိန်၊ မျက်နှာသစ်သူ၊ ရေချိုးသူ၊ လက်ဆေးသူ၊ ပန်းကန်ဆေးသူ ရေသောက်သူ စသဖြင့် တပြိုင်နက်တည်း အသုံးပြုကြရတာဟာ အချုပ်ထဲမှာ နောက်ထပ်ထပ်ပြီး အကျဉ်းကျသလိုမျိုးပါပဲ။ မမြင်ချင်တာတွေ မျက်လုံးထဲကို ဝင်မလာအောင် ကိုယ့်ဘာသာကိုယ် သတိထားနေရ။ အနေကျပ်၊ အထိုင်ကျပ်။ ဒါဟာ အချုပ်ခန်းထဲမှာ စိတ်ညစ်စရာအကောင်းဆုံးကိစ္စတွေထဲက တစ်ခု ဖြစ်လေမလားပါပဲ။
လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာဆိုတဲ့ စကားလုံးတွေကို သူ တွေးကြည့်မိပါတယ်။ ဒါပေမဲ့လည်း အသာယာပဲ သူ့အတွေးကို ပြန်သိမ်းထားလိုက်ပါတယ်။ အထဲကလူတွေကို ကြည့်ရတာတော့ အဲဒီကိစ္စဟာ ပြဿနာတစ်ခုလို့တောင် မြင်ကြပုံ မပေါ်တာကို သူ သတိထားမိပါတယ်။
တစ်ယောက်က ရေသောက်လာရင်း အိမ်သာထိုင်နေတဲ့သူနဲ့ စကားစမြည် ပြောတတ်သလို အိမ်သာထဲကလူကလည်း ခေါင်းလေးပြူပြီး အိပ်ရာထဲကလူတွေနဲ့ လှမ်းပြီး လေကန်နေတတ်ကြပါတယ်။ ထည့်ထားတဲ့ လူဦးရေနဲ့ ထားပေးတဲ့ အိမ်သာက မမျှတလို့ တစ်ယောက်ထွက်လာမယ့်အချိန်ကို အဝနားမှာ တန်းစီနေတာကလည်း နာရီတိုင်းမှာ ရှိနေပါလိမ့်မယ်။ ဒီလိုနဲ့ပဲ ဒီအထဲမှာ နှစ်လရက်ရှည် နေသားကျနေကြပြီမဟုတ်လား။ သူ့အနေနဲ့တော့ ဒီဟာတွေနဲ့ ကျင့်သားရဖို့ ဘယ်လောက်ကြာကြာ အချိန်ယူရမလဲဆိုတာကို တွေးကြည့်မိလို အဲသလို နေသားကျ ယဉ်ပါးသွားမယ့်အရေးကိုလည်း စိုးထိတ်လှပါတယ်။
သိပ်မကြာခင်မှာပဲ ဘုရားဝတ်တက်ကြရပြီး အိပ်ဖို့ ပြင်ကြရတယ်။ သူ့အတွက် တစ်နေရာကို နံရံနဲ့ကပ်လျက်အတန်းမှာ ချထားပေးတယ်။ ဒါက ဒီတစ်ညအတွက်ပဲလို့ တန်းစီးက ပြောလေရဲ့။ အိပ်ရာဝင်ချိန်ဟာ အကျဉ်းစံတွေအတွက် မွန်းကျပ်မှု အပေးဆုံး အချိန် ဖြစ်ပါလိမ့်မယ်။ အမိုးမျက်နှာကြက်ကို ကြည့်ရင်း မျက်လုံးလေးတွေ ကြောင်စီစီနဲ့။ အထူးသဖြင့် ပထမဆုံးညဟာ ကျော်ဖြတ်ဖို့ အခက်ခဲဆုံး ဖြစ်ပါလိမ့်မယ်။ အပြင်ကမ္ဘာကို မြင်ယောင်တမ်းတတဲ့ စိတ်ဟာ ရင်ထဲမှာ ပြည့်တင်းနေပြီး ရုန်းကန်လူးလွန့်လို့နေပါတယ်။
ရင့်ပြည့်
The Tanintharyi Times
