မောင်းမကန်ရွာက အမျိုးသားတစ်ဦးကိုစစ်ကောင်စီတပ်ပစ်သတ်

မောင်းမကန်ရွာက အမျိုးသားတစ်ဦးကိုစစ်ကောင်စီတပ်ပစ်သတ်

ပုံစာ - သေနတ်ပစ်ခံရတဲ့ အမျိုးသားကို ဆေးရုံမပို့မီ တွေ့ရချိန်။

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာက ကင်းလှည့်လာတဲ့စစ်ကောင်စီတပ်သားတွေက ရွာခံအမျိုးသားတစ်ဦးကိုသေနတ်နဲ့ပစ်ခတ်လို့ ကျည်ထိမှန်သေဆုံးသွားတယ်လို့ ​ဒေသခံတွေကဆိုပါတယ်။

မနေ့ကညနေ ၅ နာရီဝန်းကျင်လောက်မှာ မောင်းမကန်ရွာအတွင်း စစ်ကောင်စီတပ်သားတွေကင်းလှည့်သွားလာနေချိန် လမ်းမှာရှိနေတဲ့ အသက် ၃၀ ကျော်အရွယ်မောင်းမကန်ရွာသားကိုပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“ပစ်ခံရတဲ့သူနဲ့ နောက်ထပ်နှစ်ယောက်လောက်က လမ်းထဲမှာ ထိုင်နေကြတယ်တဲ့။ စစ်သားတွေက အရပ်ဝတ်တွေနဲ့သွားနေကြတာဆိုတော့ သူတို့လည်းမသိဘူးလို့ပြောတယ်။ အဲမှာသူတို့ကိုတွေ့ပြီးစစ်ဖို့လှမ်းခေါ်တယ်။ လှည့်ထွက်တဲ့တယောက်ကို ပစ်လိုက်တာလို့ကြားတယ်” လို့မောင်းမကန်ရွာကဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်ခံရတဲ့အမျိုးသားကတော့ ဝမ်းပိုက်နဲ့နောက်ကျောမှာ ကျည်ဆံဖောက်ထွက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် ညပိုင်းရောက်မှ ထားဝယ်ဘက်ကအရေးပေါ်ကားရောက်ရှိလာပြီး ထားဝယ်ဆေးရုံကို တင်ဆောင်သွားတာလို့သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ ပစ်ခတ်ခံရတဲ့အမျိုးသားသေဆုံးသွားပြီလို့ ဒေသခံတွေကအတည်ပြုပြောဆိုပါတယ်။

“ဆေးရုံရောက်ကတည်းကသွေးထွက်လွန်ပြီး အ​ခြေအနေမကောင်းတော့ဘူး” လို့​ဒေသခံကဆက်ပြောပါတယ်။

မနေ့ကမနက်ပိုင်းမှာတော့ မောင်းမကန်နယ်မြေရဲစခန်းက ရဲကားတစ်စီး ရဲစခန်းအနီးမှာကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခံရလို့ ဂတ်စာရေး တပ်ကြပ်ကြီးရဲညွန့်သေဆုံးပြီး ၃ ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်သားတွေက မောင်းမကန်ရွာဘက်ကိုအင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး မောင်းမကန်တောင်တက်လမ်းကိုပိတ်ဆို့စစ်ဆေးတာနဲ့ ရွာထဲမှာစစ်ဆေးသွားလာတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အခုလ ၁၆ရက်နေ့ကလည်း တနင်္သာရီမြို့နယ်မှာ ဥယျာဥ်ခြံကပြန်လာတဲ့ လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းစကနေ မနေ့ကအထိ ရက်ပေါင်းရှစ်ရာကျော်အတွင်း စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေလက်ချက်နဲ့ သေဆုံးသူအရပ်သား ၃၆၀၀ ကျော်အထိရှိပြီလို့လည်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့အချက်အလက်တွေအရသိရပါတယ်။

The Tanintharyi Times