ဦးနှောက်ရေဝင်နေ့ရက်များ အလွန်

ဦးနှောက်ရေဝင်နေ့ရက်များ အလွန်

“ကျော်ထွေး ထထ၊ ဒီမှာလာကြည့်”

တန်းစီး(အခန်းလူကြီး)က တိုးတိုးလေး လက်ကုတ်ပြီး လာနှိုးတယ်။

အချိန်က နေ့ခင်းအခန်းပိတ်၊ အိပ်ချိန်။

ထောင်မှာက နံနက် ၁၁ နာရီကနေ မွန်းလွဲ ၂ နာရီထိက အခန်းတွေပိတ်ပြီး နားကြ၊ တစ်ရေးတစ်မော အိပ်ကြရတာကိုး။

တန်းစီး လာနိုးချိန်က နေ့လည် ၁ နာရီကျော်ကျော်ဆိုတော့ နှပ်လို့ကောင်းတုန်းအချိန်။

ဆိုပေမယ့် တန်းစီးက အရေးမကြီးဘဲ လာမနှိုးလောက်ဘူးဆိုတာသိလို့ ထကြည့်လိုက်တယ်။

သူညွှန်ပြတာက အကျဆောင်ဝင်းဘက်။

အကျဆောင်ဝင်းထဲက ၅၀၅ အကျဉ်းသားတွေ အထုတ်ကိုယ်စီနဲ့ အခန်း အပြင်ဘက် ထွက်လာတာ တွေ့ရတယ်။

“အခန်း ပြောင်းဖို့ ဖြစ်မယ်”

ကျနော့်မှတ်ချက်ကို တန်းစီးက ငြင်းတယ်။

“မဖြစ်နိုင်ဘူး။ အခန်းပြောင်းတာက ညနေပိုင်း အဆောင်ပိတ်ခါနီးမှ ပြောင်းလေ့ရှိတာလေ”

ဟုတ်ပါ့။

ကိုယ်တွေယခုနေသည့် အချုပ်ဆောင် အပေါ်ထပ်ကို ပြောင်းတုန်းကလည်း ညနေ အတန်းပိတ်ခါနီးမှ ပြောင်းခဲ့တာ။

ဒါဆိုရင်..။

ကျနော့်ရင် ထိတ်ခနဲ ခုန်သွားတယ်။ သေချာအောင် ပြန်ကြည့်တယ်။

ကိုယ့်အခန်းက မြင်ရသလောက်တော့

၅၀၅ နိုင်ကျဉ်း သီးသန့် ထုတ်လာတာ။ လက်ထဲမှာလည်း အထုတ်ကလေးတွေနဲ့။ အခန်းပြောင်းဆို အထုတ်ကြီးအထုတ်ငယ်၊ အိပ်ယာလိပ်ရှိသူတွေဆို အိပ်ယာလိပ်တွေ ပါလာရမှာ။ ခုက ဒါတွေ မပါ။ အချို့ဆို လက်ဆွဲအိပ်သေးသေးတစ်လုံးသာ။

ဘယ်နေရာ ခေါ်ထုတ်သွား‌လဲကြည့်တော့ ထောင်ရုံးခန်းလို့ ခေါ်တဲ့ မိန်းဂျေးဘက်။

ထူးတော့ နေပြီ။ ရင် ပိုခုန်လာတယ်။

“လွှတ်ပေးဖို့များလား”လို့ မရဲတရဲ တွေးမိ။

အင်း။

လွှတ်ပေးဖို့ကလည်း ဒီနေ့က အကျဉ်းသားတွေ လွှတ်ပေးလေ့ရှိတဲ့ နေ့ထူးနေ့မြတ်၊ အမှတ်တရနေ့တွေထဲက နေ့မျိုး မဟုတ်။

လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာလည်း အကျဉ်းသားလွှတ်မယ်လို့ သတင်းတစွန်းတစ ကြားရတာမျိုးလည်း လုံးဝမရှိခဲ့။

ကြုံတုန်း ပြောရရင်..

“ထောင်ထဲမှာက ဘယ်နေ့မှာ ဘယ်လိုအမှုတွေ လွတ်ဖို့ ရှိတယ်”ဆိုတာမျိုးက တစ်လမှာ အနည်းဆုံး နှစ်ကြိမ်လောက် ကြား‌နေရတတ်တာ။

ကြားရတာကလည်း သောက်ရမ်းကို ခိုင်လုံတယ် ဆိုတာချည်းပဲ။

“၅၀၅ တွေကို ရုံးခန်းမှာ စာရင်းလုပ်နေပြီ။ ဆေးမှုက အလုံး ၁၀၀အောက်တွေ ပါတယ်”

“အာဇာနည်နေ့ကတော့ သေချာပေါက်ပဲဟေ့၊ နေပြည်တော်က ဖုန်းဆက်လာတာတဲ့”

စသဖြင့်..အထင်ကရနေ့ဆို တစ်မျိုး၊ ထောင်ဝင်စာသတင်းတစ်သွယ်၊ ရေဒီယိုသတင်းဆိုပြီးတစ်ဖုံ၊ ထောင်အရာရှိတွေ ခင်လို့ပြောတာ ဆိုတာက တနည်း။

ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ သူတို့ ညွှန်းတဲ့နေ့ရောက်ခါနီးရင် ရင်ခုန်နေကြတာပါပဲ။

အဲဒီနေ့မျိုးရောက်ရင် ထူးခြားမှု ရှိ၊ မရှိ တထိတ်ထိတ် စောင့်ကြည့်ကြတာပါပဲ။(ကိုယ်တွေလည်း လူအသိမခံဘဲ စိတ်ထဲက တိတ်တိတ် မျှော်ခဲ့တာပါပဲ)။

“အောင်စိုး၊ ဘ ဦးမင်းအောင်”

မျှော်နေမှန်း သိသူကို အကျဉ်းသားအချင်းချင်း လွတ်သူကို လာခေါ်တဲ့ လေသံနဲ့ အဲလိုစကြ၊ နောက်ကြနဲ့ နောက်ဆုံးတော့ နေဝင်တန်းပိတ်။

အချို့ဆို အဲလို “လွတ်မယ်” လို့ ကိုယ်ရထားတဲ့ သတင်းကို အဟုတ်ထင် အပိုင်တွက်ပြီး လွတ်ရင်လုပ်ရမယ့်ကိစ္စတွေ သေချာကြိုပြင်၊ အခြားအကျဉ်းသားတွေနဲ့ သေချာတိုင်ပင်တာတွေ လုပ်တတ်ပါတယ်။

လွတ်ကြောင်၊ ကြောင်တယ်ပေါ့ဗျာ။

ထားဝယ်ထောင်မှာတော့ “ဦးနှောက် ရေဝင်တယ်” လို့ ခေါ်ကြပါတယ်။

အဲလိုလူတွေက အဲဒီနေ့လွန်သွားရင် စိတ်ခွန်အားတွေ ကျဆင်းပြီး ခွေခွေလေးနဲ့ သနားစဖွယ် ဖြစ်နေတတ်ပါတယ်။

‌ဒီလို သတင်းတွေသွင်းတာကို ဦးနှောက် ရေသွင်းတယ်လို့ ခေါ်ကြပါတယ်။

ဖြစ်နိုင်တာက အကျဉ်းသားတွေ ဆူပူမှု မဖြစ်အောင်၊ စိတ်ဓာတ်တွေ ကျဆင်းပြီး တစ်စုံတစ်ရာကို တစ်ဇွတ်ထိုးလုပ်ကြမှာကို ထိန်းလိုတဲ့အတွက် ထောင်အာဏာပိုင်တွေက အချက်အလက်တွေကို အခြေခံပြီး သတင်းတုတွေ ဖန်တီး၊ ပြန့်လွယ်၊ ယုံလွယ်တဲ့ လမ်းကြောင်းက သွတ်သွင်းကြတာပါပဲ။

ဘာကြောင့်ဆို နှစ် ၅၀ ကျော်ကျသူ၊ တစ်သက်တစ်ကျွန်းကျသူတွေကို သွားစနည်းနာကြည့်ရင် အားလုံးက နှစ်မစေ့ခင် လွတ်မယ်၊ ဘာကြောင့် လွတ်မယ်ဆိုတဲ့ ကိုယ့်အချက်အလက်၊ ကိုယ့်ယုံကြည်ချက်ကိုယ်စီနဲ့ ချည်းပါပဲ။

ပြန်ဆက်ရင်…

ခုနေ့က အဲလို လွတ်နိုင်ခြေနေ့မျိုးလည်း မဟုတ်။ ဒီနေ့နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား သတင်းတစ်စုံတစ်ရာ ထွက်ထားတာလည်း မရှိ။

ဒီလိုနဲ့ အဆောင်ပြောင်းတာပဲ ဖြစ်မှာပါလေဆိုပြီး ကိုယ့်အိပ်ယာ ကိုယ်ပြန်အိပ်နေလိုက်တယ်။

“ကျော်ထွေး.. ဘ ဦးဘထွန်း”

“‌ကျော်မျိုး.. ဘ ဦး……”

အခန်းရှေ့က အသံကြားလိုက်တယ်။

မျက်လုံးဖွင့်ကြည့်လိုက်တော့ မိန်းဂျေးတာဝန်ကျ အကျဉ်းသား။ သူ့လက်ထဲမှာလည်း အကျဉ်းသားစာရင်းစာအုပ်နဲ့။

သူ‌အော်ခေါ်တဲ့ နှစ်ယောက်က အခန်းထဲက ကျနော်နဲ့ အခြားတစ်ယောက်။ ၅၀၅ အကျအကျဉ်းသားက ကျနော်တို့အခန်းထဲမှာ ၂ ယောက်ပဲ ရှိတယ်။

ကျော်မျိုး..ကို ကြည့်လိုက်တော့ ကျော်မျိုး ..ကလည်း ကျနော့်ကို ကြည့်နေတယ်။ ဘာလဲ ဆိုတဲ့ အကြည့်နဲ့။

“အဝတ်အစား လဲ၊ ယူစရာရှိတာယူပြီး ထွက်ခဲ့ပါ”

ဟင်..

တာဝန်ကျအကျဉ်းသား စကားနဲ့ ခုနက မြင်ရတဲ့ မြင်ကွင်း ပေါင်းလိုက်ရင်..။

(ဆက်လက် ဖော်ပြပါမယ်။)

မင်းခန့်

The Tanintharyi Times