ဂဏန်းပုံပြင်
ဂဏန်းပုံပြင်
လူတစ်ယောက်ပင်လယ်ကမ်းခြေမှာလမ်းလျှောက်လာတယ်။ တစ်နေရာရောက်တော့ ပင် လယ်ထဲကဏန်းတွေ ဖမ်းနေသူတစ်ယောက်ကိုတွေ့တာပေါ့။
ကဏန်းဖမ်းသူက ဖမ်းဆီးရတဲ့ကဏန်းတွေကို တောင်းတစ်လုံးထဲ စုထည့်ထားတယ်။ တောင်းကို ဖုံးအုပ်ပြီးလည်း မထားပါလား။
ကဏန်းဖမ်းနေသူကို လမ်းလျှောက်လာသူက“ ဒီပုံအတိုင်းဆိုရင် အိတ်ပေါက်နဲ့ဖားကောက်သလိုပဲ ကဏန်းတွေ လွတ်ကုန်တော့မှာပေါ့”လို့ ပြောလိုက်တယ်။
ကဏန်းဖမ်းသူက “ ဆရာက ကဏန်းတွေရဲ့သဘာဝကိုမသိသေးလို့ပါ”ဆိုပြီး ပြန်ပြော တယ်။
“ကဏန်းဆိုတာ တစ်ကောင်ကောင်က ကြိုးစားပြီး အမြင့်ကိုတက်ရင်ကျန်တဲ့အကောင်က အောက်က ဆွဲချတာပဲ။ သူတို့ခြင်း ဆွဲချနေတာကြောင့်ဘာမျှ ဖုံးထားဖို့ မလိုပါဘူး” လို့ ဆက်ပြော တယ်။
ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်လာတဲ့လူက ကဏန်းတွေ ဖမ်းထည့် ထားတဲ့တောင်းထဲကို ကြည့်လိုက်တော့လည်း ကဏန်းဖမ်းသူ ပြောတာ အဟုတ်သား။
ကဏန်းတစ်ကောင်က သူ့လွတ်မြောက်မှုအတွက် တောင်းနံရံကို တွယ်ကပ်ပြီး ကြိုးစားတက်နေရင် အောက်မှာ ရှိတဲ့ က ရဏန်းတွေက သူ့ကို ပြန်ပြန်ဆွဲချလို့ အောက်ပြန်ပြုတ်ကျတယ်။
ကြည့်ရင်းကြည့်ရင်း သူတို့ ရုံးကို ပြန်သတိရတယ်။ တစ်ယောက်ယောက်က တိုးတက်ရာ တိုးတက်ကြောင်းကြိုးစားရင် ချောက်ချ ချင်သူတွေလည်း ရှိနေတယ်။
ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်လာသူက ကဏန်းတွေကိုကြည့်ပြီး ဆင်ခြင်မိသတဲ့။
လူ့လောကမှာလည်းကဏန်းယုတ်လိုစိတ်ဓာတ်နဲ့ လူတွေလည်းရှိတယ်။ ကိုယ်က ကဏန်းယုတ် မဖြစ်ဖို့လိုတယ်။
လူ့လောကမှာ ဒီလိုသဘာဝရှိနေတာကိုသိလျက်နဲ့ တဝဲလည်လည်လုပ်မနေနဲ့။ ကြိုးစားတက်လှမ်းရမယ်။ အောက်က ဆွဲချမယ့်ကောင်တွေက ဆွဲချဖို့မမီတော့ရင် သူတို့ချင်းပဲ လုံးထွေးကျန်ရစ်ကြလိမ့်မယ်။
(စာဖတ်သူတို့အတွက် ကျော်ရင်မြင့် ရေးပြီး စိတ်ကူးချိုချို စာအုပ်တိုက်က ထုတ်ဝေတဲ့ ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကောက်နှုတ်၊ ဖော်ပြထားခြင်းဖြစ်ပါတယ်။)
The Tanintharyi Times
