ဒီပွဲမှာ သားပါမှ ဖြစ်မယ်အမေ
ဒီပွဲမှာ သားပါမှ ဖြစ်မယ်အမေ
အမေပြောခဲ့ဖူးတယ်
ခေါင်းပေါ်မှာ တဝီဝီပျံနေတဲ့ ပုဇဉ်းကောင်တွေက
သိပ်ကြောက်စရာကောင်းတာပဲတဲ့
အိုးအိမ်တွေကို ပြာကျစေတယ်
အသွေးအသားတွေကို တစ်စစီဖြစ်စေတယ်တဲ့
သိပ်မှတ်မိတာပေါ့အမေရယ်
တဝီဝီသံကြားရင် အမေ့ခါးကိုဖက်
အိမ်အောက်က ဗုံးခိုကျင်းထဲ တစ်နေကုန်ဝပ်နေရတာတွေ
အမေ့လက်ကိုဆွဲ ပြေးလွှားခဲ့ရတဲ့ မြင်ကွင်းတွေ
အကြောက်တရားတွေနဲ့ ရှင်သန်ခဲ့ကြ
အကြောက်တရားတွေနဲ့ သေဆုံးခဲ့ကြ
ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပေါ့။
ဗမာမဟုတ်လို့များ အနှိပ်စက်ခံရတာလားလို့ တွေးထင်နေတဲ့ အမေ
ဗမာမဟုတ်လို့ တစ်သက်လုံး အားငယ်ကြောက်ရွံ့နေတဲ့ အမေ
အာဏာရူး ဖက်ဆစ်ဘီလူးဟာ
ဘာအမျိုးအမည်မှ မခွဲခြားဘူး အမေ
အာဏာသာမြဲမယ်ဆိုရင် ဇာတ်တူသားစားဖို့ရာလည်း ဝန်မလေးရှာဘူး
မိစ္ဆာတွေဟာ…
လူမမည်ကလေးတွေရဲ့ အသွေးအသားကို
ကိုက်စားဝါးမြို
အမှောင်ကမ္ဘာထဲမှာ သားတို့အနာဂတ်ကို အကြိမ်ကြိမ် သတ်ပစ်လေရဲ့။
အခုလည်း တောထဲတောင်ထဲမှာ အမေ့သား ပြေးလွှားနေရပြန်ပြီပေါ့
ဒါပေမယ့် ငယ်ငယ်တုန်းကလို အကြောက်တရားကို ထွေးပွေ့မထားတော့ဘူး အမေ
နှစ်ရှည်လများ အနှိပ်စက်ခံထားရတဲ့ နှလုံးသားမှာ
သတ္တိသွေးတွေ ပွက်ပွက်ဆူဝေခဲ့ပြီလေ
ကောင်းကင်ထက်က ဗုံးမိုးတွေ ဘယ်လောက်ရွာချပါစေ
တောတောင်ထဲမှာ ဘယ်လောက် ပြေးလွှားရပါစေ
မိစ္ဆာဘီလူးတွေ မောင်းထုတ်မယ့်ပွဲမှာ သားပါမှဖြစ်မယ် အမေ။
အမေ့မြေးရဲ့ ကောင်းကင်ယံဟာ
လတွေကြယ်တွေနဲ့ လင်းလက်တောက်ပဖို့
ဗုံးမိုးအစား ပန်းမျိုးတစ်ရာ ကြဲဖြန့်ထားတဲ့
ချစ်ခြင်းမေတ္တာမိုးတွေ ရွာသွန်းဖြိုးဖို့
ဒီပွဲမှာ သားပါမှ ဖြစ်မယ် အမေ…။ ။
ငြိမ်းပန်
The Tanintharyi Times
