ကံပေါက်က စာသင်ကျောင်းတွေမှာ ကျောင်းသားတွေ ထမင်းချိုင့် မဖြစ်မနေထည့်လာဖို့ ဖိအားပေး
ကံပေါက်က စာသင်ကျောင်းတွေမှာ ကျောင်းသားတွေ ထမင်းချိုင့် မဖြစ်မနေထည့်လာဖို့ ဖိအားပေး
ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို နေ့လယ်ဘက် အိမ်ပြန်ထမင်းစားခွင့်မပြုတော့ဘဲ ထမင်းချိုင့်မဖြစ်မနေထည့်လာဖို့ ဆရာတွေက ဖိအားပေးလုပ်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံပေါက်ဒေသထဲရှိ လှည်းကူးရွာက မူလတန်း(လွန်)စာသင်ကျောင်း ဆရာ၊ ဆရာမတွေက လာမဲ့ တနင်္လာနေ့၊ အခုလ ၁၂ ရက်နေ့ကစပြီး ထမင်းထုပ်လာဖို့ အတင်းအကြပ်အမိန့်ခဲ့တယ်လို့ ကျောင်းသားတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
အခုလို ကျောင်းကနေ နေအိမ်ကို နေ့ခင်းဘက် ထမင်းပြန်စားခွင့် ကန့်သတ်တာကို ကံပေါက် အထက ကျောင်းကလည်းအခုနှစ်ကျောင်းစဖွင့်ကတည်းက တင်းကြပ်ထားခဲ့တာလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
“ဖြစ်နိုင်ရင် ကလေးတွေကို အိမ်မှာပဲ ထမင်းပြန်စား စေချင်တယ်။ ထမင်းချိုင့်နဲ့ စားတာထက် ပိုလွတ်လပ်တယ်လေ။ အေးအေးဆေးဆေး အနားယူစေလို့လည်း ရတယ်။” လို့ လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားရဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ကျောင်းနဲ့ဝေးတဲ့ အိမ်တွေက ကျောင်းသားအများစုဟာ ထမင်းချိုင့်ယူသွားပေမဲ့ ကျောင်းနဲ့နီးတဲ့ ကျောင်းသားတွေကတော့ နေ့လယ်ဘက် အိမ်ပြန်ထမင်းစားကြတာပါ။
အခုလိုအမိန့်ပေးလိုက်တာဟာ ကျောင်းသားတွေ အိမ်ပြန်တဲ့အချိန် ဆရာမတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက လာရောက်ဒုက္ခပေးမှာကိုစိုးရိမ်တာကြောင့် ကလေးတွေကို အသုံးချတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်နေကြပါတယ်။
ဒီကိစ္စအပေါ် ဒေသခံနောက်တစ်ဦးကတော့ “ဆရာမတွေကိုယ်တိုင်က အမိန့်ပေးတယ်ဆိုတာထက် စစ်ကောင်စီက အနောက်ကနေဖိအားပေးထားလို့လည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် ကံပေါက်မှာ ပါးစပ်အမိန့်ကတော့ အတော်ကျယ်ပြန့်နေပြီ” လို့ ဆိုပါတယ်။
ကံပေါက်ဒေသရှိ ရပ်ကွက် ၁၁ ခုထဲက လှည့်ကူးရပ်ကွက်၊ မိကျောင်းအိုင်ရပ်ကွက်၊ ဂန့်ဂေါ်တောင်ရပ်ကွက်၊ ကံပေါက်၊ ဘုရားမည်းနဲ့ စစ်ကောင်စီတပ် ခလရ(၂၇၃) တပ်ရင်းအနီးမှာ စာသင်ကျောင်းတွေ ရှိတာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီထဲက စာသင်ကျောင်းသုံးကျောင်း ဖွင့်လှစ်သင်ကြားနေတယ်လို့ သိရပါတယ်။
ဆိုင်ကယ်စီးခွင့်ပိတ်ခံထားရတဲ့ ကံပေါက်ဒေသက ကျောင်းသားမိဘတွေဟာ ကလေးတွေကိုကျောင်းကြိုပို့လုပ်ရာမှာ ဘေးတွဲဆိုင်ကယ်တွေကိုသာ ငှားရမ်းအသုံးပြုနေရတာကြောင့် ကုန်ကျစရိတ်ပိုများနေပြီး အရင်လို ဆိုင်ကယ်စီးခွင့်ရဖို့ကိုလည်း ဒေသခံတွေက မျှော်လင့်နေကြပါတယ်။
The Tanintharyi Times
