မိုးဦးကျ ဝေဒနာတွေနဲ့ နည်းနာနိဿယများ

မိုးဦးကျ ဝေဒနာတွေနဲ့ နည်းနာနိဿယများ

ဆရာဝန်တစ်ဦး

မိုးရိပ်၊ လေရိပ်ဆင်လို့ မိုးစက်ကလေးတွေ တဖွဲဖွဲလာပြီဆိုမှဖြင့် တစ်နွေလုံးက ညည်းညူခဲ့ရတဲ့ အပူဒဏ်တွေ၊နေရောင်ခြည်တွေ လျော့ပါးချေရော့မယ် ဆိုပြီး စိတ်သက်သာရာရကြတာ ဓမ္မတာပါ။ အပူလျော့ပါးတာနဲ့ကိုပဲ မိုးက စိတ်ကြည်လင်စေတယ်မဟုတ်လား။

ဒါပေမဲ့လည်း သဘာဝတရားဆိုတာက ငယ်စဉ်ဘဝ သမဝါယမ ဆိုင်မှာ ဆပ်ပြာတစ်တုံး လိုချင်ရင် အပ်ချည်လုံးအဆွေးတွဲယူရသလိုမျိုး အဆိုးလေးကလည်းပါလာတာပေါ့။ မိုးမိတာ၊ လမ်းတွေရေမြုပ်တာ ကအစ သွားလာလုပ်ကိုင်ရာမှာ ခက်ခဲတာမျိုးတွေ တွေ့ကြုံရင်ဆိုင်လာရတာသာမက ကျန်းမာရေးမှာလည်း ဆိုးကျိုးလေးတွေလက်ဆောင်ပေးတတ်ပါတယ်။

မိုးဦးကျပြီဆိုတာနဲ့ အာဂန္တုရောဂါမျိုးစုံပါ မုတ်သုန်လေနဲ့အတူ သယ်ဆောင်လာခဲ့တာပါပဲ။ တကယ်တော့ မိုးရာသီဆိုတာကလည်း အိမ်ထဲက အင်းဆက်ပေါင်းစုံ၊ ဘက်တီးရီးယား နဲ့ မှိုလို ရောဂါပိုးစုံ ပေါက်ဖွားဖို့ အခြေအနေကောင်းတစ်ခုဖြစ်နေလို့ပါ။အဲဒါကြောင့်လည်း ရောဂါပေါင်းစုံကူးစက်ပျံ့ပွားဖို့ အနေအထားကိုရောက်ရတာပါပဲ။

လူတိုင်းသတိပြု ဂရုစိုက်ဖို့လိုတာကိုတော့ သိကြမှာပါ။ မိုးဦးကျမှာ ရောဂါဝေဒနာခံစားရတဲ့ သူတွေကြည့်ရင်အသက်အရွယ်မရွေး မဟုတ်ပါလား။ တတ်နိုင်သမျှ နေထိုင်စားသောက်မှုဆင်ခြင်ရင်တော့ ရောဂါတွေကာကွယ်နိုင်မှာပါ။ မိုးဦးကျမှာ အဖြစ်များတဲ့ရောဂါတွေကြည့်ရင်၊

◉ နှာစေးချောင်းဆိုးနဲ့ ဗိုင်းရပ်စ်အဖျား

ဒါကတော့ မိုးဦးကျမှာ တွေ့ရအများဆုံးနဲ့ လူတိုင်းအနည်းနဲ့အများ ခံစားရတဲ့ဝေဒနာပါပဲ။ လူ တွေမှာ ပူအိုက်စွတ်စိုတဲ့ ရာသီဥတုကို ထိတွေ့ရာကနေ နှာစေးချောင်းဆိုး ဖြစ်လာကြလို့ပါပဲ။ရာသီကြောင့်ဖြစ်တဲ့ နှာစေးချောင်းဆိုးကနေ ဗိုင်းရပ်စ်ဖျားပါ သယ်ဆောင်လာပါတော့တယ်။မိုးရေစိုလိုက်၊ အသေအချာခြောက်သွေ့အောင် မလုပ်နိုင်ဘဲ နေလိုက်တာက အအေးမိနှာစေးခြင်းကို ဖိတ်ခေါ်လာခဲ့တာပေါ့။

အဲဒီလိုမဖြစ်အောင် ကာကွယ်လို့ရနိုင်တာလေးတွေတော့ရှိပါတယ်။

• ခြောက်သွေ့တဲ့ အဝတ်တွေ ဝတ်ဆင်တာ၊ စိုနေရင် အကြာကြီးမထားဘဲ အဝတ်ခြောက်နဲ့ လဲလှယ်ပေးတာ၊

• နှာစေးချောင်းဆိုး လက္ခဏာရှိနေသူနဲ့ ထိတွေ့မိတဲ့အခါမျိုးမှာ လက်ကိုစင်ကြယ်အောင်ဆေးကြောတာ (ဘယ်အချိန်မဆိုလက်ဆေးတာကတော့ အကောင်းဆုံးပါ)၊

• ချဉ်တဲ့ သစ်သီးဝလံတွေ စားပေးတာကလည်း ကိုယ်ခံအားမြှင့်တင်ပေးပြီး အအေးမိတဲ့ဝေဒနာမျိုးကိုကာကွယ်ပေးနိုင်ပါတယ်။

◉ သွေးလွန်တုပ်ကွေး

မိုးဦးနဲ့ မိုးတွင်းမှာ အမြဲရင်ထိတ်နေရတာက ဒီရောဂါပါပဲ။ ရေဝပ်တာ၊ ရေစီးရေလာမကောင်းတာတွေနဲ့ ခြုံတွေထူထပ်လာရာက ခြင်တွေပေါက်ပွားပြီး နေ့လည်ပိုင်းကိုက်တဲ့ ခြင်တွေကနေ ကူးစက်ပျံ့ပွားစေတာပါ။ သာမန်ဖျားနာသလောက်နဲ့ သက်သာနိုင်သလို၊ အသက်အန္တရာယ်လည်းရှိတာမို့ အထူးဂရုပြုကြရပါတယ်။

ဖျားတာ၊ အနီအစက်ကလေးတွေ ပေါ်လာတာ၊ ကော်ဖီရောင်တွေ အန်တာ၊ အလိုအလျောက် သွေးယိုစိမ့်တာ စတဲ့လက္ခဏာတွေကနေ သွေးလန့်တဲ့ ရှော့ခ်အထိ ဖြစ်ပြိး အသက်ဆုံးရှုံးနိုင်တာပါ။ အသေးစိတ်ကို နောက်မှတင်ပြပါမယ်။

အရေးကြီးတာက နေ့လည်၊ နေ့ခင်းမှာလည်း ခြင်ကိုက်မခံရအောင်ရုစိုက်ဖို့၊ ခြင်မပေါက်ပွားအောင် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေမဝပ်ရေး၊ သိုလှောင်ထားတဲ့ ရေတွေ မှန်မှန် အနည်းဆုံး ၂ ရက် တစ်ကြိမ်လောက် လဲလှယ်ပေးဖို့တွေကို တခုတ်တရ လုပ်ဆောင်ကြရမှာပါ။

◉ ငှက်ဖျား

ခြင်ကြောင့်ဖြစ်တဲ့ ဒီအဖျားကလည်း မိုးတွင်းမှာ ပိုဖြစ်လာတာ တွေ့ရတတ်ပါတယ်။ငှက်ဖျားကတော့ ညဖက်ကိုက်တဲ့ ခြင်ကြောင့် ဖြစ်ရတာမို့ ညဖက်မှာလည်း ခြင်ကိုက်မခံရအောင်ဂရုစိုက်ရမှာပါပဲ။ ငှက်ဖျားက အားသာချက်အဖြစ် ဆေးပတ်လည်အောင်သောက်ရင် အမှန်တကယ်ပျောက်ကင်းတဲ့ ရောဂါမို့ ချမ်းတုန်ဖျားလိုမျိုး ဖျားတာနဲ့သွေးစစ်ပြီး ဆေးကုသမှုခံယူနိုင်ရင် စိုးရိမ်စရာ မရှိလှပါဘူး။

◉ အခြားအဖျားရောဂါအချို့

နေ့လည်ကိုက်တဲ့ ခြင်ကြောင့်ပဲဖြစ်ပြီး အဆစ်အမြစ်တွေ ကိုက်ခဲနာကျင်ပြီး ကိုယ်ပေါ်မှာ အင်ပြင်တွေလို ပေါ်လာတတ်တဲ့ အဖျား ( Chikungunya) လိုမျိုးတွေလည်း မိုးဥတုမှာ ဖြစ်လာတတ်ပါတယ်။ခြင်ကိုက်မခံရဖို့ အရေးကြီးတာပါ။

ဒဏ်ရာတွေ၊ အနာတွေကို ဝင်ရောက်တတ်တဲ့ရောဂါပိုးကတဆင့် ဖြစ်လာတတ်တဲ့ Leptospirosis လိုရောဂါအတွက်လည်း ကာကွယ်နိုင်အောင် ဒဏ်ရာ၊ အနာတွေကို လမ်းပေါ်က ညစ်ထေးတဲ့ရေတွေ မဝင်အောင် ကာကွယ်ထားဖို့လိုအပ်ပြန်ပါတယ်။

◉ ဝမ်းပျက်ဝမ်းလျှောနဲ့ သန်ကောင်ရောဂါများ

မသန့်ရှင်းတဲ့အစားအစာနဲ့ ရေတွေကနေဖြစ်တတ်တဲ့ ရောဂါတွေပါပဲ။ မိုးဦးကျမှာ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ပေါက်ပွားမှုများလာတဲ့ ယင်ကောင်တွေက တဆင့် ပေါပေါများများ ရတတ်တဲ့ရာသီစာ အမှည့်လွန်သစ်သီးတွေ၊ အသုတ်စုံတွေ၊ အညှီနံ့ရှိတဲ့ အစားအသောက်တွေကနေ ရောဂါပိုးကူးစက် စေတာပါ။

ဝမ်းအရည်တွေသွားတာ၊ အော့အန်တာတွေ ဖြစ်စေပြီး ဂရုတစိုက်မကုသရင် ခန္ဓာကိုယ်မှာ အရည်ဓာတ်ခြောက်ခန်းပြီး အသက်သေစေပါတယ်။ သန်ကောင်စွဲရောဂါ ဆိုတာလည်း မသန့်ရှင်းတဲ့ လက်ကနေ ကူးစက်တာ၊ဖိနပ်မပါတဲ့ ခြေထောက်တွေနဲ့ ရွှံ့ထဲ၊ ရေထဲသွားတာတွေကနေရရှိတတ်တာမျိုးဆိုတော့ မိုးအခါမှာ ပိုအဖြစ် များတတ်တာပါပဲ။ ဝမ်းပျက်တာ၊ ဗိုက်အောင့်၊ ဗိုက်နာတာတွေက သူ့လက္ခဏာတွေပေါ့။ ကာကွယ်လို့ရသလိုအစွမ်းထက်တဲ့ ဆေးတွေလည်းပေါ်နေပြီမို့ ကုသဖို့တော့ လွယ်ပါတယ်။

◉ အသည်းရောင်အသားဝါ အေ ရောဂါ

ဒါကလည်း မုတ်သုန်ကာလမှာ တွေ့ရများတတ်ပြီး မသန့်ရှင်းတဲ့ အစာတွေ၊ ရေတွေကနေ ကူးစက်တာပါပဲ။ ဖျားမယ်၊ အဆစ်အမြစ်တွေကိုက်မယ်၊ အော့အန်မယ် ဆိုတာတွေ ဖြစ်တတ်ပါတယ်။ သိပ်ပြီး ဒုက္ခပေးတတ်တာမဟုတ်ပေမဲ့ ပေါ့ဆလို့တော့ မဖြစ်ဘူးဆိုတာ သိထားစေချင်ပါတယ်။

◉ အရေပြားရောဂါများ

မုတ်သုန်ရာသီက အရေပြားရောဂါနဲ့ ဆက်စပ်မှုအများဆုံးလို့ ဆိုရမလိုပါပဲ။ အရေပြားမှာ ပူအိုက်စွတ်စိုမှုကနေရောဂါပိုးပေါင်းများစွာ မွေးဖွားလာစေတာပါ။ နှင်းခူလိုရောဂါက ထကြွလာတတ်သလို သဲဝဲစွဲတာ၊ ဝဲရောဂါနဲ့တခြားယားနာတွေလည်းဖြစ်ပွားစေပါတယ်။

အထက်မှာ အကြမ်းဖျဉ်း ဖော်ပြခဲ့တာလေးတွေ ကြည့်ရင် မိုးဦးကျ ရာသီဆိုတာ အေးချမ်း စိုစွတ်မှုနဲ့ အတူရောဂါဘယတွေ သယ်ဆောင်လာတတ်တဲ့ ရာသီဆိုတာ မြင်သာမှာပါ။အဲဒီတော့လည်း ကာကွယ်လို့ရမဲ့အတိုင်းအတာကို ကာကွယ်ဖို့ကတော့ ကိုယ့်တာဝန်လို့ ခံယူထားသင့်ကြပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတွေကို ပုံမှန်လုပ်ရုံနဲ့ကိုပဲ တော်တော်များများ ကာကွယ်ပြီးဖြစ်မှာပါ။

ကိုယ့်ရဲ့အိမ်ကို သန့်ရှင်းခြောက်သွေ့နေအောင်ထားပါ၊ နေ့ရောညပါ ခြင်ကိုက်မခံရဖို့ အထူးဂရုစိုက်ပါ။ မသန့်ရှင်းတဲ့၊ အသေအချာချက်ပြုတ်မထားတဲ့ အစားအသောက်တွေ ရှောင်ကျဉ်ပါ၊ သန့်ရှင်းခြောက်သွေ့တဲ့ အဝတ်တွေသာဝတ်ပါ၊ ရေသန့် ဒါမှမဟုတ် ကျိုချက်ထားတဲ့ရေကိုသာ သောက်ပါ။ အိမ်ပတ်ဝန်းကျင်ကိုလည်း သန့်ရှင်းအောင်ထားပါ။

ဒီလိုကာကွယ်ထားရင်းနဲ့မှ ရောဂါဘယ တစ်ခုခု ခံစားရပြီဆိုရင်ဖြင့် ကျွမ်းကျင်တဲ့ဆရာဝန် နဲ့ ဆေးခန်းမှာ ပြသပြီးကုသမှုခံယူတာက စိတ်ချရဆုံးဖြစ်မှာပါ။

မိုးဦးကျ ဖြစ်တတ်တဲ့ရောဂါအများစုက ဂရုတစိုက်ကုသရင် ရက်အနည်းငယ်နဲ့ သက်သာပျောက်ကင်းမှာပါ။ ကိုယ့်ဖက်က ကာကွယ်နိုင်တဲ့နည်းလမ်းတွေ အပန်းမကြီးတာကို မလုပ်မိလို့ ဆေးရုံဆေးခန်းရောက်ရင် ရောဂါ သက်သာပေမဲ့ ဆေးကုသစရိတ်ကတော့ သိပ်မသက်သာတတ်တာ ထပ်လောင်း သတိပြုစေချင်ကြပါရဲ့… ။ ။

The Tanintharyi Times