လက်ဖက်ရည်ဆိုင် ခဏ

လက်ဖက်ရည်ဆိုင် ခဏ

သင်္ကြန်ပြီးစ နွေလရဲ့ နံနက်ခင်းဟာ ကြည်ကြည်လင်လင်ပါပဲ။

သူ အိပ်ရာကနေ ထတယ်။ နံနက်ခင်းရဲ့ ကြည်လင်မှုနဲ့အတူ သူ့စိတ်ဟာလည်း ကြည်အေးချမ်းမြ ရှိနေတယ်။မျက်နှာသစ်ဖို့ ရေကန်(အုတ်ကန်)ဆီကို သွားတယ်။

လမ်းလျှောက်ရင်းပဲ ခြေချော်ကျသလား၊ ပြေးလွှားရင်းပဲ အရှိန်လွန်သလား၊ လေတိုက်လို့ပဲ လွင့်စင်ကျသလား မသိဘူး၊ ပုရွက်ဆိတ်လေးတစ်ကောင်ဟာ ရေကန်ထဲမှာ ယက်ကန်ယက်ကန်နဲ့ ဖြစ်နေတယ်။ မျက်နှာသစ်ရေကန်ဟာလူ့အတိုင်းအတာနဲ့ဆို မပြောပလောက်ပေမဲ့ ပုရွက်ဆိတ်တို့ရဲ့လောကအတွက်တော့ ပင်လယ်ကြီး ဖြစ်နေလိမ့်မယ်။အတိဒုက္ခရောက်နေတဲ့ တိရစ္ဆာန်လေးတွေကို ကူညီရတာမှာ သူ့ရဲ့စိတ်ချမ်းမြေ့မှုကို ရှာတွေ့ထားတာဟာ နှစ်တွေကြာနေပါပြီ။ လက်ညှိုးကလေးနဲ့ အသာအယာပဲ ပုရွက်ဆိတ်ကလေးကို ကော်ယူလိုက်ပြီး တစ်နေရာမှာ ခါချပေးလိုက်ပါတယ်။ ဘေးအန္တရာယ်ကနေ လွတ်မြောက်သွားတဲ့ ပုရွက်ဆိတ်ကလေးအတွက် သူ ကျေနပ်သွားပါတယ်။

အဝေးပြေးကားပေါ်မှာ လိုက်ပါရင်း လွန်ခဲ့တဲ့ နှစ်နှစ်တိတိက သူနိုးထခဲ့တဲ့ မနက်ခင်းကို ပြန်ပြီး ပုံဖော်ကြည့်နေတာဖြစ်ပါတယ်။ နှစ်နှစ်ကြာပြီးတဲ့ အခုမနက်ခင်းဟာလည်း ကြည်ကြည်လင်လင် ချမ်းချမ်းမြမြပါပဲ။ ခုနှစ်သက္ကရာဇ်နဲ့ နေရာဒေသကတော့ မတူတော့ဘူးပေါ့။

ဒီမနက်စောစောမှာတော့ သူဟာ ဇာတိမြေနဲ့ မိုင်ပေါင်း ထောင်ချီဝေးတဲ့ ဟိုတယ်တစ်ခုရဲ့ အိပ်ရာပေါ်ကနေ ထတယ်။ ရေချိုးခန်းဝင်တယ်။ ခဏနေတော့ အဝေးပြေးကားတစ်စီးပေါ်ကို သူရောက်နေပြီ။ တိုင်းတစ်ပါးရဲ့ အဝေးပြေးလမ်းမဟာ ကျယ်ပြောဖြောင့်ဖြူး၊ ချောမွေ့နုညက် ရှိလှပါတယ်။ သစ်ပင်တွေ၊ လမ်းမီးတိုင်တွေက တရိပ်ရိပ်နဲ့နောက်ဆီကို ပြေးထွက်သွား။ ပြီးခဲ့တဲ့အတိတ်ရဲ့ ပုံရိပ်တွေကတော့ ခေါင်းထဲကို ပြေးဝင်လာနေကြတယ်။

အဲဒီမနက်က အရင်နေ့တွေလိုပါပဲ၊ လက်ဖက်ရည်ဆိုင်သွားဖို့ သူပြင်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ ဝိုင်ဖိုင်သုံးမယ်၊ သတင်းတွေ ကြည့်မယ်။ ပြီးရင် သူသိရသမျှတွေကို စုစည်းအကျဉ်းချုပ်ပြီး အင်တာနက်သုံးနိုင်ခွင့် ရမနေတဲ့(ဖုန်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ တစ်လကျော်သွားပြီ။) သူ့သူငယ်ချင်းမိတ်ဆွေတွေဆီကို ဖုန်းမက်ဆေ့ကနေ ဖြန့်ပေး။ ဒီလိုမျိုး နေ့စဉ်လိုလို သူ လုပ်နေခဲ့တာ။ ဆန္ဒပြပွဲတွေရှိတဲ့အခါ ကြုံရင်ကြုံသလို ဝင်နွှဲပေါ့။

အမေက တစ်ခုခုကို သိနေသလားပဲ။ အိမ်အပြင်ထွက်တော့မယ့်သူ့သားကို စိုးရိမ်မျက်နှာနဲ့ လှမ်းကြည့်တယ်။ ဒီနေ့တစ်ရက်တော့ မသွားပါနဲ့လားလို့ အမေက ပြောလေရဲ့။ ခဏပါပဲ အမေလို့ သူ ပြန်ပြောပြီး လက်ဖက်ရည်ဆိုင်ကိုထွက်လာခဲ့တယ်။

နှစ်နှစ်တောင် ပြည့်သွားပြီပဲလို့ သူ တွေးမိတယ်။ အဲဒီကစပြီး သူ အိမ်ကို ပြန်မရောက်နိုင်တော့ဘူး။

လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတချို့နဲ့ ထိုင်လို့ကောင်းနေတုန်း ဆိုင်ထဲကို ရဲတွေ ရောက်လာကြတယ်။ ၁၅ယောက်၊ ၂၀ လောက်များ ရှိမလားပဲ။ ရဲတွေရဲ့လုပ်နေကျအတိုင်းပါပဲ၊ စစ်မေးစရာရှိလို့ စခန်းကို လိုက်ခဲ့ပါဦးဆိုပြီး သူကို့ ခေါ်သွားကြလေရဲ့။ သူ ငြိမ်ငြိမ်သက်သက်ပဲ လိုက်ပါသွားခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ရဲတွေကိုဒေါသမထွက်စေ၊ သူ့ကို ရန်မမူစေဖို့ပါပဲ။

စခန်းကို သွားနေတဲ့ လမ်းတလျှောက်မှာ ရဲကားပေါ်ကနေ သူ၊ လူတွေ ဥဒဟိုသွားလာနေကြတာကို မြင်နေရတယ်။ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို မသိနိုင်တာမို့ စိတ်ဟာ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်သွားတာကြောင့် လမ်းပေါ်ကလူတွေကို လှမ်းကြည့်ရတာဟာ ရွံ့တွန့်တွန့်နိုင်ပါတယ်။ ဒီကိစ္စဟာ ရှက်စရာမဟုတ်ပါဘူးလို့ ကိုယ့်ဘာသာ နှလုံးသွင်းနိုင်ပေမဲ့ အန္တရာယ်ကောင်တစ်ကောင်လိုမျိုး ရဲတွေ ဝန်းပတ်ရံစောင့်ကြပ်ခံထားရတာကတော့ အနေခက်စိတ်ကျပ်ဖြစ်ရပါတယ်။

ရဲစခန်းကို ရောက်တဲ့အခါ သူ့ကို စစ်မေးပါတော့တယ်။ ဒါပေမဲ့လည်း သူ့မှာ ဖြေစရာ အများကြီးလည်း ရှိမနေပါဘူး။ ဆန္ဒပြပွဲတွေမှာ ပါခဲ့သလား၊ ပါခဲ့တယ်ပေါ့။ နိုင်ငံသားတိုင်းမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတာပဲ မဟုတ်လား။ သူတို့ရဲ့ ခြေဥဆိုတဲ့ ၂၀၀၈ ထဲမှာလည်း အဲဒါပါနေတာပဲ။ ဒါဟာ အပြစ်တစ်ခုမဟုတ်ဘူး။ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်၊ ဘယ်နေရာတွေမှာ ပါခဲ့တယ်ဆိုတာတွေ ထပ်မေးကြပြန်တယ်။ အဲဒါတွေကိုတော့ တိတိကျကျသူ ဘယ်လို မှတ်မိနိုင်တော့မလဲ။ မမှတ်မိတော့ပါဘူးလို့ ပြန်ဖြေတော့ အဲဒီလိုပြောလို့ မရဘူးလို့ အမှုစစ်တဲ့ ဒုရဲအုပ်က ဆိုပါတယ်။

သူ့ဘေးနားမှာက တပည့်ကျော် ရဲပေါက်စတစ်ယောက်လည်း ထိုင်နေပါတယ်။ အဲဒီရဲပေါက်စက ဘာပြောလဲဆိုတော့ မေးခွန်းတွေကို မသိဘူးလို့ တစ်ခါဖြေရင် တစ်ချက်ရိုက်ပါမယ်တဲ့။ သူ ဖြေနိုင်တာတွေကို ဖြေပေးလိုက်တယ်။ မမှတ်မိတာတွေကိုလည်း ရမ်းဆလိုက်တော့တယ်။

အမှုစစ် ဒုရဲအုပ်ဟာ ဒီအမှုကို ဘယ်လို တည်ဆောက်ရမလဲဆိုတဲ့ ကိစ္စတွေနဲ့ အလုပ်များနေပုံပါပဲ။ စားပွဲကနေ ထသွားလိုက်၊ ပြန်ဝင်လာလိုက်၊ တစ်ခါတရံ စခန်းမှူးကိုယ်တိုင် အခန်းထဲကို ဝင်လာလိုက်၊ အခြေအနေကို မေးလိုက်နဲ့ပါပဲ။ သူကတော့ ထိုင်ခုံမှာ ငြိမ်ငြိမ်သက်သက်။ ခေါင်းထဲမှာတော့ အတွေးပေါင်းများစွာနဲ့ အုံ့ပျလို့နေပါတယ်။ သူအနေနဲ့ သူ့ကိုယ်သူ သိတယ်။ သူဟာ ဘယ်ရာဇဝတ်မှုကို ကျူးလွန်ထားခြင်း မရှိဘူးဆိုတာပဲ။ ဒါပေမဲ့ ဘယ်ပြောနိုင်မလဲ။ ဥပဒေဆိုတာ သူတို့လက်ထဲမှာ ရှိနေတဲ့အရာပဲ။ လိုသလို အဓိပ္ပာယ်ဖွင့်လို့ ရနေတာပဲကို။

ညနေစောင်းတော့ လူသုံးယောက် ရောက်လာတယ်။ သူတို့ဟာ နှစ်ယောက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဖြစ်ပြီးကျန်တစ်ယောက်ကတော့ ရပ်မိရပ်ဖဖြစ်ပြီး ဒီအမှုမှာ အသိသက်သေအဖြစ် ဝင်ပါမယ့်သူတွေဖြစ်တယ်လို့ ဆိုတယ်။

နေ့ခင်းက သူ ထွက်ဆိုထားတဲ့ ထွက်ဆိုချက်တွေကို ကွန်ပျူတာစာစီ၊ ပရင့်ထုတ်ပြီး လက်မှတ်ထိုးစေပါတယ်။ခုနက သုံးယောက်ကလည်း လက်မှတ်ထိုးကြပါတယ်။ သူတို့တွေ လုပ်စရာတွေ လုပ်ပြီးသွားတဲ့အခါ သူ့ကို နေရာကနေ ထခိုင်းပါတော့တယ်။ ရဲတစ်ယောက်က အချုပ်ခန်းရှိရာကို သူ့ကို ခေါ်သွားပါတော့တယ်။

အချုပ်ခန်းက အဆောင်သီးခြားဖြစ်ပြီး ရဲစခန်းရဲ့ ပင်မအဆောက်အအုံနဲ့ မလှမ်းမကမ်းပါပဲ။ ညနေ နေဝင်ချိန်ဟာမှိုင်းမှိုင်းညို့ညို့ ဖြစ်လို့ နေပါတယ်။ ဘဝမှာ တစ်ခါမှ မလိုချင်ခဲ့တဲ့ အဖြစ်တွေကို သူ ကြုံရတော့မယ်။ ဒီခံစားမှုဟာ သူ့ကို လေးလံသွားစေပါတယ်။

သူ အဖမ်းခံရတဲ့အကြောင်း လက်ဖက်ရည်ဆိုင်က သူငယ်ချင်းတွေကတဆင့် အိမ်ကမိသားစုတွေ၊ မိတ်ဆွေ၊အပေါင်းအသင်းတွေလည်း သိကြရောပေါ့။ အခုဆို စခန်းရှေ့မှာတောင် ရောက်နေကြပါလိမ့်မယ်။ စခန်းထဲကိုတော့ ဝင်ခွင့်ပြုမယ်မထင်ပါဘူး။ ထုံးစံအတိုင်း ကိုဗစ်-၁၉ အကြောင်းပြ၊ လုံခြုံရေးအကြောင်းပြပြီး တားနေမှာပါပဲ။ သူ အဖေနဲ့ အမေကို စိတ်ပူနေမိတယ်။ အမေဟာ ငိုနေမှာ သေချာပါတယ်။ သူ့စကားကို နားမထောင်ခဲ့တဲ့ သူ့သားကို မချိတင်ကဲနဲ့ စိတ်လည်း ဆိုးနေမလား မသိပါဘူး။

ဒီလိုနဲ့ သူ ထောင်ထဲ ရောက်သွားခဲ့ပြီး နှစ်နှစ်နီးပါးလောက် ကြာသွားခဲ့ပါတယ်။ “ခဏပါပဲ အမေ” လို့ သူ အမေ့ကိုပြောခဲ့တာကို မကြာခဏ သတိရနေခဲ့တယ်။

သူလွတ်တဲ့ရက်တုန်းက အမေဟာ ထောင်ဝမှာ လာစောင့်ကြိုနေခဲ့တယ်။ အဲဒီတစ်ကြိမ်လေးပဲ အမေဟာ သူ့သားကို တွေ့ခွင့်ရခဲ့တာ။ ညနေစောင်းတော့ လုံခြုံရာနေရာတစ်ခုမှာ သူ့သားကို ထားခဲ့ပြီး အိမ်ကို ပြန်သွားလေရဲ့။ အခုတော့ တခြားနိုင်ငံတစ်ခုကို သူရောက်နေခဲ့ပြီ။

ဒီနေ့ဟာ လက်ဖက်ရည်ဆိုင်ခဏဆိုပြီး အိမ်ကထွက်လာခဲ့တာ နှစ်နှစ်တိတိပြည့်တဲ့နေပဲ။

ဘယ်တော့ အိမ်ပြန်ရောက်မလဲဆိုတာ သူ တွေးကြည့်ပေမဲ့ အဖြေမရဘူး။ “မကြာလောက်ပါဘူး” လို့ သူ စိတ်ထဲကနေ ပြောဖြစ်ပြန်တယ်။

အိမ်ကို ပြန်ရောက်မလာဘဲ ပိုပြီးဝေးတဲ့နေရာကို ရောက်လာခဲ့ပေမဲ့ ငါ့သား ဘေးကင်း၊ ရန်ကင်း ရှိနေတာကိုပဲဝမ်းသာပါတယ်လို့ ဖုန်းပြောဖြစ်တော့ အမေကပြောလေရဲ့။

နောင်များမှ ထောင်နဲ့ပတ်သက်တာတွေကို ဆက်ရေးပါဦးမယ်။

ရင့်ပြည့်

The Tanintharyi Times