“တနေ့တာ မြန်မာ”

“တနေ့တာ မြန်မာ”

ဓာတ်ပုံ- The 74 Media၊ BBC Media

ဇွန်လ ၁၇ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

“ကလေးဝ၊ စခန်းကြီးရွာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လက်နက်တွေသိမ်းဆည်းခဲ့တယ်လို့ NUG ပြော”

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ စခန်းကြီးရွာအနီးကို ဖြတ်သန်းသွားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ စစ်ကြောင်းကို PDF ဘက်က မနေ့က ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်တွေသိမ်းဆည်းရမိခဲ့တယ်လို့ NUG က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီစစ်ကြောင်းဟာ ကလေးဝမြို့နယ်ကနေ မင်းကင်းမြို့နယ်ကို ယာကြီးလမ်းအတိုင်း လူ၊ လက်နက်၊ ရိက္ခာပို့ဖို့ Faw ကား ၃ စီးအပါအဝင် ခမရ - ၃၆၂ (ကျီကုန်းအခြေစိုက်) ရဲနဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) အင်အား အယောက် ၁၃၀ ပါဝင်တယ်လို့ ပြောပါတယ်။ ဒီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF ကလေးခရိုင်၊ အမှတ် ၉ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။ တိုက်ပွဲအတွင်း Faw ကား ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့သလို MA 11 ၂ လက်၊ G 3 ၂ လက်အပါအဝင် တာဝေးစိန်ပြောင်း၊ လက်ပစ်ဗုံး၊ ကျည်ဆံနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တာလို့ NUG က ဖော်ပြပါတယ်။

“တရုတ်အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင်ငါးဦး ဖမ်းဆီးခံရ”

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Hosheng Myanmar အထည်ချုပ်စက်ရုံရဲ့ အလုပ်သမားခေါင်းဆောင် ငါးဦး မနေ့ကဖမ်းဆီးခံရပြီး ဒီနေ့ နေ့လယ်အထိ အဆက်အသွယ်မရသေးဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေက ပြောတယ်လို့ RFA က သတင်းဖော်ပြပါတယ်။ အလုပ်သမားခေါင်းဆောင်တွေဖြစ်တဲ့ မအေးသန္တာဌေး၊ မသန္တာအေး၊ မမေသူမင်း၊ ကိုအောင်အောင်နဲ့ ကိုရဲနိုင်တို့ ဖမ်းဆီးခံရပြီး နောက်ထပ် အလုပ်သမားခေါင်းဆောင် ကိုရဲသွေးလှိုင်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ Hosheng Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင် ခုနစ်ဦးကို စက်ရုံဆူပူအောင် သွေးထိုးလှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလ ၁၀ ရက်နေ့မှာ စက်ရုံဘက်က အလုပ်ထုတ်ခဲ့တာပါ။အဲဒီအထဲက မသူသူစံကတော့ မေလ ၁၄ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

“မအူပင်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ခြောက်ဦး တိုက်ပိတ်ခံထားရ”

ဧရာဝတီတိုင်း၊ မအူပင်အကျဉ်းထောင်က ကိုစိုင်းနောင်၊ ကိုမျိုးမင်းဦး၊ ကိုဝေဖြိုးအောင်၊ ကိုသူရဦး၊ ကိုငြိမ်းချမ်းနဲ့ ရဲဒုတပ်ကြပ် တာယာလင်းတို့ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးဟာ အခုလ ၁၂ ရက်နေ့ကတည်းက ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရတယ်လို့ RFA သတင်းအရသိရပါတယ်။ အခုလ ၁၁ ရက်နေ့က ဧရာဝတီတိုင်း အကျဉ်းထောင်ညွှန်ကြားရေးမှူး ဦးဇော်စစ်အောင်က မအူပင် အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသားတွေနဲ့ တွေ့ဆုံချိန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ငါးဦးဟာ စကားပြောဆိုမှု အဆင်မပြေဖြစ်ခဲ့တယ်ဆိုပြီး နောက်တစ်နေ့မှာပဲ မအူပင်ထောင်ပိုင်က ခေါ်ထုတ်ရိုက်နှက်ပြီး တိုက်ပိတ်ခဲ့တာပါ။ အလားတူပဲ မအူပင်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ခဲ့သူ ရဲဒုတပ်ကြပ် တာယာလင်းလည်း အကျဉ်းထောင်ထဲမှာ ရသင့်ရထိုင်တဲ့အခွင့်အရေးတွေကို တင်ပြတောင်းဆိုခဲ့တာကြောင့် သူ့ကိုပါတိုက်ပိတ်ခဲ့တာလို့ မအူပင်အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်ကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိ”

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) က မနေ့ကဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ The 74 Mediaက သတင်းဖော်ပြပါတယ်။ မနေ့က မွန်းလွှဲ ၂ နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားခဲ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။အင်အား ၁၀၀ ခန့်ပါရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို သွားရောက်ပစ်ခတ်ရာမှ KIA တပ်မဟာ ၅ တပ်ရင်း (၁) နေရာမှာ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ပါတယ်။ တိုက်ပွဲမှာ နာရီဝက်ခန့်ကြာမြင့်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MA1 ကျည်ဆန် ၇၃၈ တောက်၊ MG42 ကျည် ၄၇၇တောင့်၊ RPG ဗုံးသီး ၄ လုံး၊ ပို့ကျည် ၅ လုံး၊ ၆၀ mm ၇ လုံး၊ EY အမြောက်ဆန် ၇ လုံး၊ လက်တောက်သေနက် ၁၄ လက်နဲ့ လက်ပစ်ဗုံး ၂ လုံးတို့ကိုသိမ်းယူရရှိခဲ့ပါတယ်။

“အိန္ဒိယနိုင်ငံအတွင်းက နိုင်ငံရေးရာတွေမှာ စစ်ရှောင်မြန်မာနိုင်ငံသားတွေ မပါဝင်ဖို့ NUG အသိပေး”

အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ယာယီခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် မြန်မာ့လူမှုအဖွဲ့အစည်းတွေအနေနဲ့ လေးစားလိုက်နာရမယ့် အချက် ၅ ချက်ကို NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ အသိပေးထုတ်ပြန်လာတယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။အိန္ဒိယရဲ့ အချက်အခြာအာဏာနဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို ထိပါးစေမယ့် အပြုအမူတွေကို ရှောင်ကြဉ်ဖို့၊ မိမိတို့ခိုလှုံနေတဲ့ ပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ အရေးတွေမှာ မလိုအပ်ဘဲ ငြိစွန်းရောယှက်မှုတွေ မရှိစေဖို့၊ မူးယစ်ဆေးနဲ့ တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ရောင်းဝယ်သယ်တာအပြင် အဲဒီ ကိစ္စတွေမှာ မပါဝင်ဖို့၊ မိမိနေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာတွေက ဒေသခံတွေနဲ့ သင့်တင့်အောင်နေပြီး ထုတ်ပြန်ထားတဲ့ လူမှုရေး၊ ဘာသာရေးစည်းကမ်းတွေကို လိုက်နာပေးကြဖို့ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံထဲကို ချင်း၊ စစ်ကိုင်းနဲ့ မကွေးဘက်က စစ်ဘေးရှောင် သောင်းနဲ့ချီ စစ်ရှောင်ခိုလှုံနေကြတယ်လို့လည်း ကူညီပေးသူတွေဆီက သိရပါတယ်။

“နေပြည်တော်မှာ လက်ပစ်ဗုံး ပစ်ခတ်ခဲ့သူတွေကို နာရီပိုင်းအတွင်း ဖမ်းမိတယ်လို့ စစ်ကောင်စီပြော”

အခုလ ၁၂ ရက်နေ့ ညနေပိုင်းမှာဖြစ်ခဲ့တဲ့ နေပြည်တော်၊ လယ်ဝေးမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့သူတွေအပါအဝင် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဉာဏအောင်မြေလမ်းက MCC II ဂိတ်ဝင်ပေါက်ကို ပစ်ခတ်ခဲ့သူတွေကို ၁၀ နာရီအတွင်း ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ကြောင်း ဘီဘီစီကဖော်ပြပါတယ်။ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေထဲက ကိုသက်နိုင်နဲ့ အငှားယာဉ်မောင်း ကိုရန်နိုင်ထွန်း တို့ကို ဇွန်လ ၁၃ ရက်‌နေ့မှာပဲ ပျဉ်းမနားမြို့နယ်ထဲက လက်ဖက်ရည်ဆိုင်မှာ ဖမ်းဆီးပြီးနောက် လိပ်သိုမြို့အဝင်စစ်ဆေးရေးဂိတ်မှာ ကိုရဲနိုင်နဲ့ အငှားယာဉ်မောင်း အိုင်ဖော့ (ခ) ရန်နိုင်ဦးတို့ကို ထပ်မံဖမ်းဆီးခဲ့တာလို့ ဖော်ပြပါတယ်။နေပြည်တော်မှာ စစ်ကောင်စီက ဖောက်ခွဲသူတွေကို ဖမ်းမိဖို့ ကြိုးစားနေတာကြောင့်ကယားပြည်နယ်ထဲကို ထွက်ပြေးဖို့ လုပ်နေချိန် ဖမ်းဆီးဖော်ထုတ်ခဲ့တာလို့လည်း ‌ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ နေပြည်တော်မှာ ကြုံရာကျပန်းလုပ်သူတွေဖြစ်ပြီး စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ကနေ ဖောက်ခွဲမှုတွေလုပ်ဖို့ ငွေကြေးထောက်ပံ့ပေးခဲ့တာလို့ ပြောပါတယ်။

The Tanintharyi Times