မုန်တိုင်းငယ် မြန်မာဘက်ကိုဦးတည်ရွေ့လျားမယ့်အခြေအနေမရှိဟု မိုးဇလဆို
မုန်တိုင်းငယ် မြန်မာဘက်ကိုဦးတည်ရွေ့လျားမယ့်အခြေအနေမရှိဟု မိုးဇလဆို
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက်ကိုဦးတည်ရွေ့လျားမယ့်အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်သတ်မှတ်တယ်လို့ စစ်ကောင်စီရဲ့မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
အဲဒီမုန်တိုင်းငယ်ဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရဲ့ အနောက်ဘက် ရေမိုင်၂၀၀မိုင်ခန့် အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၈၅မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတာဖြစ်ပါတယ်။
မုန်တိုင်းငယ်ဟာ နောက် ၆နာရီအတွင်း အားကောင်းတဲ့မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ နောက် ၁၈နာရီအတွင်းမှာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဩရိဿပြည်နယ်ကမ်းခြေ ကိုဘလာဆောမြို့နဲ့ ဆါဂါကျွန်း တို့အကြားမှ ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ယနေ့ညနေကနေ မနက်ဖြန်အထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းအပါအဝင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီးမိုးကြီးတာနဲ့အတူလေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။
မုတ္တမကွေ့၊မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းကျရောက်တာနဲ့လှိုင်းကြီးတာဖြစ်ပေါ်နိုင်ပြီး မိုးသက်လေပြင်းကျချိန် တစ်နာရီကို မိုင် ၄၀အထိတိုက်ခတ်နိုင်တဲ့အပြင် လှိုင်းအမြင့်ဟာ ၉ပေကနေ ၁၃ပေခန့်အထိရှိနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
