လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ ဖွဲ့စည်း
လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ ဖွဲ့စည်း
ဒီမိုကရေစီအရေးသပိတ်လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့အခြေခံပညာကျောင်းသားတွေနဲ့ လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ ဖွဲ့စည်းကြောင်း မနေ့ကထုတ်ပြန်ကြေညာပါတယ်။
“အရင်က လောင်းလုံးမြို့နယ် အကသသပိတ်ကော်မတီဆိုတာရှိတယ်။အဲ့အဖွဲ့မြေပြင်မှာ မရှိတော့တာကြောင့် လက်ရှိမြေပြင်မှာလှုပ်ရှားနေတဲ့ အခြေခံပညာကျောင်းသားတွေက အသစ်ဖွဲ့စည်းလိုက်တာပါ” လို့ အခြေခံပညာကျောင်းသားများသပိတ်ကော်မတီရဲ့ တာဝန်ရှိသူကပြောပါတယ်။
သူတို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုရရှိဖို့အတွက် အကြမ်းမဖက်လက်နက်မဲ့လူထုသပိတ်တိုက်ပွဲကို တော်လှန်ရေးတိုက်ပွဲနည်းနာတစ်ရပ်အဖြစ်ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်၊ စစ်အုပ်စုနဲ့ စစ်ဗျူရိုကရက်ယန္တရားကို ဆန့်ကျင်တော်လှန်သွားမယ် ဆိုပါတယ်။
ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီရဲ့ အဖွဲ့ဝင်အင်အားစုတစ်ရပ်အဖြစ်ရပ်တည်ပြီး လူထုသပိတ်တိုက်ပွဲတွေမှာဦးဆောင်ပါဝင်သွားမယ်လို့လည်း အသိပေးကြေညာထားပါတယ်။
The Tanintharyi Times
