လာမဲ့ အပတ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းတိုက်ခိုက်နိုင်တယ်လို့ မိုးဇလ သတိပေး

လာမဲ့ အပတ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းတိုက်ခိုက်နိုင်တယ်လို့ မိုးဇလ သတိပေး

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု မကြာခင်မှာ ဖြစ်လာနိုင်တဲ့အတွက် အခုလဒုတိယအပတ်မှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

အခုလ ၇ ရက်နေ့ကစပြီး ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ကာ အဲဒီကတဆင့် ကိုကိုးကျွန် အနောက်တောင်ဘက်ကိုဦးတည်ပြီး မုန်းတိုင်းငယ်အဆင့်ကို ကူးပြောင်းလာဖို့ရှိတယ်လို့ NUGရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားကို ဦးတည်တိုက်ခိုက်သွားဖို့ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

စစ်ကောင်စီ မိုးဇလကလည်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု လာမဲ့ ၇ရက်နေ့မှာ ဖြစ်လာနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ၈ ရက်နေ့မှာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ၎င်းမုန်တိုင်းငယ်ဟာ မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ မိုးဇလနဲ့ NUG ထုတ်ပြန်ချက်တွေအရ တနင်္သာရီတိုင်းမှာ ဒီတပတ်အတွင်း နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ မိုးလေဝသအခြေအနေတွေကို ဆိုရှယ်မီဒီယာကနေ ရေးသားတင်ပြပေးနေတဲ့ 𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕၊ 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓 တစ်ယောက်ဖြစ်တဲ့ ဒေါ်စုစုစံ(မင်းဂွတ်သီး)ကတော့ ” တနင်္သာရီကမ်းရိုးတန်းတလျှောက် မုန်တိုင်းအန္တရာယ် မရှိပါဘူး။ ၁၂ရက်နေ့ နောက်ပိုင်းမှာတော့ မုတ်သုန်လေ ဝင်ရောက်လာနိုင်ပြီး မိုးတွေ ဆက်ပါလိမ့်မယ်။” လို့ ပြောပါတယ်။

အခုလဆန်းပိုင်းမှာ မိုးသက်လေးပြင်းတွေ‌ကျရောက်ခဲ့တာကြောင့် မြိတ်ခရိုင်အတွင်းက နေအိမ်အချို့ ပြိုကျပျက်စီးခဲ့သလို သားအမိနှစ်ဦးလည်း မိုးကြိုးပစ်ခံရကာ သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာရှိနေနဲ့ စစ်ဘေးရှောင် သုံးသောင်းကျော်ကတော့ မိုးရာသီအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာအကူညီတွေအရေးတကြီး လိုအပ်နေတဲ့အကြောင်း သက်ဆိုင်ရာစစ်ဘေးရှောင်‌ကူညီရေးအဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားပါတယ်။

The Tanintharyi Times