ဆိုင်ကလုန်းမုန်တိုင်း မန်းဒပ်(စ်) အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးမှာ နောက် ၃ရက်အတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်

ဆိုင်ကလုန်းမုန်တိုင်း မန်းဒပ်(စ်) အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးမှာ နောက် ၃ရက်အတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်

အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရဲ့ အရှေ့တောင်ဘက် ပင်လယ်ပြင်ကို ဗဟိုပြုနေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မန်းဒပ်(စ်)(MANDOUS)”အရှိန်ကြောင့် ဒီကနေ့ကစပြီး နောက် ၃ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီးမှာ လေပြင်းတိုက်ခတ်ခြင်းနဲ့အတူ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဒီကနေ့ ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းအပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း လှိုင်းကြီးနိုင်ပြီး တခါတလေ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ဆိုပါတယ်။ မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေဟာ တစ်နာရီမှာ ၃၅ မိုင်ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေကနေ ၁၀ ပေခန့်အထိ ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလား‌ပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်တစ်ခုကနေ ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ကူပြောင်းလာတာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်တိုက်ခတ်မဲ့ အနေအထား မရှိဘူးလို့ ဆိုပါတယ်။

၎င်းဆိုင်ကလုန်းမုန်တိုင်းရဲ့အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ ပြည်တွင်းလေကြောင်းလိုင်းတွေအနေနဲ့ ကြိုတင်သတိပြုပြင်ဆင်ထားဖို့ သတိပေးထားပါတယ်။