“တနေ့တာ မြန်မာ”

“တနေ့တာ မြန်မာ”

ဓာတ်ပုံ- The Chin Journal/Data- ICNCC၊ RFA၊ ICJ

မေလ ၂၃ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

“ICJ ကို စစ်ကောင်စီထုချေလွှာတင်ရေး သုံးလရွှေ့ဆိုင်း”

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်အတွက် စစ်ကောင်စီဘက်က ထုချေလွှာတင်သွင်းရမယ့်နေ့ကို နိုင်ငံတကာတရားရုံး (ICJ) က နောက်ထပ်သုံးလ ရွှေ့ဆိုင်းလိုက်တယ်လို့ RFA သတင်းအရသိရပါတယ်။ ကနဦးက မနက်ဖြန် ၂၄ ရက်နေ့မှာ စစ်ကောင်စီဘက်က ထုချေလွှာအဆိုတင်သွင်းဖို့ ဆုံးဖြတ်ထားရာက ဩဂုတ်လ ၂၄ ရက်နေ့ကို ရွှေ့ဆိုင်းကြောင်း ICJ က အခုလ ၁၂ ရက်နေ့မှာ တွစ်တာကတစ်ဆင့် ဖော်ပြခဲ့တာပါ။ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ICJ က နောက်ထပ်အချိန်သုံးလထပ်ပေးတာက မလုံလောက်ဘူးလို့ RFA ကို ပြောပါတယ်။ ဒီအမှုအတွက် ထုချေလွှာတင်သွင်းမယ့်ရက်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ၁၀ လ ရွှေ့ဆိုင်းပေးဖို့ စစ်ကောင်စီဘက်က အခုနှစ် မတ်လ ၁၄ ရက်နေ့မှာ ပန်ကြားခဲ့ပေမဲ့ ICJ က မေလ ၂၄ ရက်နေ့အထိ အချိန်တစ်လတိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခု ဒုတိယအကြိမ်အနေနဲ့ နောက်ထပ် သုံးလ ထပ်မံရွှေ့ဆိုင်းခဲ့တာပါ။

“စစ်ကောင်စီကို လေယာဥ်ဆီပို့ဆောင်မှု အာမခံပေးထားတဲ့ ဗြိတိန်ကုမ္ပဏီငါးခုကို အမည်ပျက်စာရင်းသွင်း”

စစ်ကောင်စီကို လေယာဥ်ဆီပို့ဆောင်နေတာတွေအတွက် လုပ်ငန်းအာမခံပေးထားတဲ့ ဗြိတိန်အာမခံ ကုမ္ပဏီ ငါးခုကို နာမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးတွေကိုစောင့်ကြည့်နေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Burma Campaign UK က ဒီကနေ့ ထုတ်ပြန်ပါတယ်။ အဲဒီကုမ္ပဏီတွေကတော့ UK P&I, Steamship Mutual, Britannia P&I, North Standard and Shipowners’ Club တို့ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကို လေယာဥ်ဆီပို့နေတဲ့ ယာဥ်တွေကို အကာအကွယ်နဲ့ နစ်နာကြေး အာမခံပေးထားတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။

“နေရပ်ကို ပြန်သွားကြတဲ့ ကွတ်ခိုင် KBC 2 စစ်ရှောင်တွေရဲ့ မူလနေရပ်ရွာ ပျက်စီး‌နေ”

ရှမ်းမြောက် ကွတ်ခိုင်မြို့ပေါ် ကနေ ၇ နှစ်ကြာစစ်ရှောင်တိမ်းပြီးနောက် နေရပ်သို့ ပြန်သွားကြတဲ့ ကွတ်ခိုင် KBC 2 စစ်ရှောင်တွေရဲ့ မူလနေရပ်ဖြစ်တဲ့ မန်လုံရွာဟာ ခြုံနွယ်တွေနဲ့ပြည့်ပြီး ပျက်စီးနေတယ်လို့ ရွှေဖီမြေက သတင်းဖော်ပြပါတယ်။မူလနေရာဟောင်းရဲ့ ဘုရားရှိခိုးကျောင်းဟာ ခြုံတွေ ဖုံးလွှမ်းနေပြီး အခြေခံပညာမူလတန်းကျောင်းဟာလည်း လက်နက်ကြီးစတွေ ထိမှန်ပျက်စီးထားသလို အရင်က ကလေးတွေ ပြေးလွှားဆော့ကစားခဲ့ကြတဲ့ စာသင်ကျောင်းထဲမှာ နွား‌၊ နွားချေးနဲ့ ခြုံတွေသာ ပြည့်နှက်နေတာပါ။ ရွာဟောင်းဘက်မှာ စိုက်ပျိုးရးနဲ့ ဝက်မွေးမြူရေးတွေသာ လုပ်ကိုင်လို့ရသလို စစ်ရှောင်တွေလည်း စိုက်ပျိုးရေးအလုပ်တွေ လုပ်ပြီး ပြန်လည်ထူထောင်တဲ့ ရွာသစ်နေရာမှာ ပြန်အိပ်ကြပါတယ်။ ၎င်းတို့ဟာ လူဦးရေ (၁၈၅)ဦး၊ အိမ်ထောင်စု ၃၂ စုနဲ့ ကလေးငယ် ၆၀ ကျော် ရှိပါတယ်။

“ချင်းပြည်နယ်မှာ မုန်တိုင်းကြောင့် နေအိမ် ၃ ထောင်နီးပါးနဲ့ စာသင်ကျောင်းအပါအဝင် ဘာသာရေး အဆောက်အဦ ၃၀၀ ကျော် ပျက်စီး”

မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ နေအိမ်ပေါင်း ၃ ထာင်နီးပါး (၂,၇၇၄ အိမ်)၊ စာသင်ကျောင်း (၁၈၅)ကျောင်းနဲ့ ဘာသာရေး အဆောက်အဦပေါင်း (၁၂)ခု ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)က ဒိကနေ့ ထုတ်ပြန်ပါတယ်။ အဆောက်အဦတွေအပြင် စပါးကျီပေါင်း (၂၅၉)ခုနဲ့ ခန်းမဆောင်အပါအဝင် အိမ်မွေးတိရိစ္ဆာန်တွေလည်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ စာရင်းတွေက ချင်းပြည်နယ်အတွင်းရှိ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ ဖလမ်း၊ ဟားခါး၊ တီးတိန်၊ ထန်တလန်နဲ့ တွန်းဇံ စတဲ့မြို့နယ်တွေမှာ ကောက်ယူထားတဲ့စာရင်းတွေ​ ဖြစ်တယ်လို့ သိရပါတယ်။

“အင်းတော်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေ”

စစ်ကောင်စီတပ်နဲ့ ABSDF တို့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွါးနေတယ်လို့ The 74 Media ရဲ့ သတင်းအရ သိရပါတယ်။ အင်အား ၂၀၀ ဝန်းကျင်ခန့်ပါရှိတဲ့ တပ်မ (၈၈) လက်အောက်ခံ ခမရ (၄၁၆) ၊ တပ်မ (၇၇) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတို့နဲ့ ဒီကနေ့ မနက် ၆ နာရီက ၊ ရွာသာယာကျေးရွာအနီး တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် အင်းတော်စစ်တပ်ကုန်းမှ တိုက်ပွဲဖြစ်ပွါးတဲ့နေရာ ပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

“ဒီးမော့ဆိုမှာ တစ်ပတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းကျဆုံး”

စစ်ကောင်စီတပ်နဲ့ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တစ်ပါတ်တာအတွင်း ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်လေးဦးနဲ့ ကရင်နီတပ်မတော် (KA) တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ပိုင်းရှိ တနီးလာလဲကျေးရွာအနီး ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့ခြင်းဖြစ်တယ်လို့ The 74 Media ကဖော်ပြထားပါတယ်။

“နိုင်ငံတစ်ဝန်း ချိပ်ပိတ်ခံရတဲ့အဆောက်အအုံ တစ်ထောင်နီးပါးရှိလာ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှတ်တမ်းကောက်ယူရေးအဖွဲ့ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက NLD ကိုယ်စားလှယ်၊ ပါတီဝင်တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၈၄၉ ဦးရဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေ စုစုပေါင်း ၉၇၁ လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ RFA သတင်းအရ သိရပါတယ်။ ဒီစာရင်းထဲမှာ စီးပွားရေးလုပ်ငန်း၊ အဆောက်အအုံ၊ စားသောက်ဆိုင်၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ တည်းခိုခန်းနဲ့ ဟိုတယ်တွေလည်း ပါဝင်ပါတယ်။ ချိပ်ပိတ်ခံထားရသူတွေထဲမှာ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်၊ ပါတီဝင်နဲ့ ပါတီကိုထောက်ခံအားပေးသူ ထက်ဝက်ကျော်ပါဝင်ပေမယ့် ကျန်တာကတော့ နိုင်ငံရေးနဲ့မသက်ဆိုင်သူတွေ ဖြစ်တယ်လို့ဆိုပါတယ်။

The Tanintharyi Times