“မြန်မာ့အရေး နောက်ကွယ်ကနေ တိတ်တဆိတ် ကူညီနေကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား”

“မြန်မာ့အရေး နောက်ကွယ်ကနေ တိတ်တဆိတ် ကူညီနေကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ပြောကြား”

ဒီနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားက မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေကို ကူညီဖြေရှင်းပေးဖို့အတွက် သက်ဆိုင်ရာ အစုအဖွဲ့အားလုံးနဲ့ တိတ်တဆိတ် ချိတ်ဆက်ဆောင်ရွက် နေတာ အချိန်အတော်ကြာပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ အသိပေး ပြောကြားလိုက်ပါတယ်။

မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာတာနဲ့ အမျှ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို စတင်နိုင်ဖို့ ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားနေတဲ့ NUG၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေ အပြင် လက်ရှိအာဏာရှင် စစ်တပ်နဲ့ပါ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားအနေနဲ့ မြန်မာ့ အကျပ်အတည်းကို အရှိန်လျော့သွားစေဖို့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေမှာ အရေးပါတဲ့ အခန်းက အပြင်းအထန် ပါဝင်ကူညီနေကြောင်း ပထမဆုံးအကြိမ် ဖွင့်ပြောလာတာ ဖြစ်ပါတယ်။

Retno က သူတို့ရဲ့ လုပ်ဆောင်မှုတွေကို အသေးစိတ် မပြောကြားခဲ့ပေမဲ့ မြန်မာ့အရေး ပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့အားလုံးနဲ့ အင်ဒိုနီးရှား သံတမန်တွေရဲ့ ထိတွေ့ဆက်ဆံမှု အကြိမ်ပေါင်း ၆၀ ကျော် ပြုလုပ်ထားပြီးပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ခန့်က စစ်ဗိုလ်ချုပ်တွေ တက်ရောက်ခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးပွဲမှာ ဘုံသဘောတူညီခဲ့တဲ့ အချက်တွေကို လိုက်နာဖို့ စစ်ကောင်စီက ပျက်ကွက်တဲ့အတွက် အာဆီယံအတွင်း မကျေနပ်မှုတွေ ပေါ်ပေါက်နေချိန်မှာ အင်ဒီုနီးရှားက အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“မြန်မာပြည်အရေးမှာ ပါတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတိုင်း လိုလိုနဲ့ ကျွန်မတို့ ချိတ်ဆက်ထားနိုင်ပါပြီ- စစ်ကောင်စီ၊ NUG နဲ့ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ အားလုံး နီးပါးနဲ့ စေ့စပ်ဆွေးနွေး ထားပါတယ်။ အတတ်နိုင်ဆုံး အားလုံးပါဝင်နိုင်အောင် ကြိုးစားနေပါတယ်” လို့ သူမက ပြောကြားပါတယ်။

ဒီအကြောင်းအရာအပေါ် မြန်မာစစ်အုပ်စု နဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့က မှတ်ချက်ပေးဖို့ ချိတ်ဆက်မေးမြန်းခဲ့ပေမဲ့ ရိုက်တာကို အကြောင်းမပြန်သေးပါဘူး။

NUG ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ သူတို့အနေနဲ့ အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ပူးပေါင်းဆောင်ရွက်ကာ “ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်” လို့ ပြောပါတယ်။

“မြန်မာ့အရေး သက်ဆိုင်သူတွေ အချင်းချင်းကြားက ကွာဟချက် ကြီးတွေကို လျှော့ချပေးဖို့ ပေါင်းကူးပေးနိုင်မယ့် ကြားခံတစ်ခုအနေနဲ့ အင်ဒိုနီးရှားက ကူညီ‌ဆောင်ရွက်သွားမယ်” လို့ Retno က ဆိုပါတယ်။

ဆက်လက်ပြီး ကတိကဝတ်တွေ ပျက်ကွက်ခဲ့သလို အတိုက်အခံတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုအပေါ် မကျေမနပ်ဖြစ်နေကြတဲ့ အာဆီယံ ခေါင်းဆောင်တွေနဲ့လည်း အင်ဒိုနီးရှားမှာ လာမယ့်အပတ်ထဲ တွေ့ဆုံသွားဖို့ ရှိတယ်လို့ သူမက အသိပေးပါတယ်။

တိုးတက်မှု တစ်စုံတရာ မပြနိုင်သရွေ့ အာဆီယံရဲ့ ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခြင်းမပြုဖို့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပိတ်ပင်ထားပါတယ်။

အင်ဒိုနီးရှားရဲ့ တိတ်တဆိတ် ဝင်ရောက်ဖြေရှင်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယနဲ့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ မြန်မာစစ်အုပ်စု အကြံပေးအဖွဲ့ ကိုယ်စားလှယ်တွေကို ပြီးခဲ့တဲ့ လနှောင်းပိုင်းက နယူးဒေလီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

Ref: ရိုက်တာ

The Tanintharyi Times