တစ်ပတ်တာ မြန်မာ

တစ်ပတ်တာ မြန်မာ

နိုင်ငံတဝှမ်းမှာ မတ်လ ၂၉ ရက်ကနေ ဧပြီ ၄ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၁၀ ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

၁။ ဆန္ဒပြခံရတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးစဥ်



စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဘန်ကောက်မှာ ကျင်းပတဲ့ ဘင်းမ်စတက်အစည်းအဝေးကို တက်ရောက်ဖို့ ဧပြီလ ၃ ရက်မှာ ထိုင်းနိုင်ငံကိုသွားရောက်ခဲ့ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ ဘန်ကောက်ခရီးစဉ်ကို ထိုင်းနိုင်ငံသားနဲ့ မြန်မာတွေဝိုင်းဝန်း ကန့်ကွက်ကြပြီး ထိုင်းတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်တဲ့ ပွန်ဟာ ဘင်းမ်အစည်းအဝေးကျင်းပအပြီးမင်းအောင်လှိုင် တည်းခိုနေတဲ့ရှန်ဂရီလာ ဟိုတယ်အထိ သွားရောက်ဆန္ဒပြခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသား ပွန်ဟာ လူသတ်သမားမင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေ မကြိုဆိုဘူး။ ဒီအစည်းအဝေး ဟာ အပြစ်မဲ့ပြည်သူ ၆၀၀၀ ကျော်ရဲ့ သွေးတွေ စွန်းထင်နေတယ်ဆိုပြီး ကြွေးကြော်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားနှစ်ဦးဟာလည်း ဘင်းမ်စတက် အစသည်းအဝေးကျင်းပမယ့် ရှန်ဂရီလာဟိုတယ်အနီးမှာ ဧပြီလ ၃ ရက်နေ့က ဆန္ဒပြခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးထားပြီး မြန်မာနိုင်ငံပြန်ပို့ဖို့စီစဉ်နေတာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေကို အကူအညီတောင်းခံထားပါတယ်။

ဘန်ကောက်မြို့လယ်က Bangkok Art and Culture Centre ရှေ့မှာ ထိုင်းအရပ်ဖက်အဖွဲ့တွေဖြစ်တဲ့ “Mik Luang Rim Nam and Fire Ram Thung” အဖွဲ့ က “မင်းအောင်လှိုင် ကို ငါတို့ မကြိုဆိုဘူး လူသတ်ကောင် မင်းအောင်လှိုင်”စတဲ့ ကြွေးကြော်သံပါ ဆိုင်းဘုတ်အချို့ ကိုင်ဆောင်ပြီးဆန္ဒပြခဲ့ကြပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီ ၊ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန်၊ဘူတန်ဝန်ကြီးချုပ် ၊ သီရိလင်္ကာဝန်ကြီးချုပ်တို့ သီးခြားတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဟာ စစ်ကောင်စီ ဥက္ကဌ ၊နိုင်ငံတော်ဝန်ကြီးချုပ်၊ ယာယီသမ္မတ စတဲ့ရာထူးတွေယူထားပေမယ့် အစည်းအဝေးနဲ့ သီးခြားတွေ့ဆုံမှုတွေရဲ့ ထုတ်ပြန်ချက်တွေမှာတော့ Myanmar Military Leader General Min Aung Hlaing (မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်) လို့ပဲ ဖော်ပြခံရပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဧပြီလ ၅ ရက်နေ့မှာမှ နေပြည်တော်ပြန်ဖို့ စီစက်ထားပေမယ့် ဧပြီလ ၄ ရက်ညမှာပဲ နေပြည်တော်ကို ပြန်ရောက်လာခဲ့ပါတယ်။

ခရီးစဥ်မှာ အာဂျင်တီးနား တရားရုံးက ဝရမ်းထုတ်ထားတဲ့ မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ အင်တာပို(အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို တောင်းဆိုတာတွေလည်းရှိခဲ့ပါတယ်။

၂။ လားရှို;ကနေ ကိုးကန့်တပ် ပြန်လည်ဆုတ်မယ်လို့ဆို

ကိုးကန့်တပ်မတော်ဟာ သူတို့ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကနေ ဆုတ်ခွာတော့မယ်လို့ ဒေသအခြေစိုက်သတင်းဌာနတွေက ဖော်ပြပါတယ်။

လားရှိုးကနေ ကိုးကန့်တပ်ပြန်ဆုတ်တာဟာ တရုတ်ရဲ့ဖိအားပေးမှုကြောင့်ဖြစ်တယ်လို့ ပြည်တွင်းသတင်းဌာတွေက ဆိုပါတယ်။

ကိုးကန့်တပ်မတော်ဟာ ဧပြီလ ၂၁ ရက်နောက်ဆုံးထားပြီး လားရှိုးမြို့ပေါ်ရပ်ကွက်တွေကနေ ပြန်ဆုတ်ပေးရမှာဖြစ်ပါတယ်။

မြို့ပေါ်အုပ်ချုပ်ရေးအတွက် စစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်လာမှာဖြစ်ပေမယ့် ကိုးကန့်တပ်မတော်အနေနဲ့ မြို့ပတ်လည်ဝန်းကျင်ဒေသတွေကို ဆက်လက်ထိန်းချုပ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

သဘောတူညီချက်တွေအရ စစ်ကောင်စီတပ်ဟာ မြို့တွင်းနဲ့ ဝန်းကျင်ဒေသတွေမှာ စစ်ရေးလှုပ်ရှားခွင့်မရှိဘဲ စစ်ကောင်စီတပ်ရဲ့ လှုပ််ရှားမှုတွေကို MNDAA က ထိန်းချုပ်ထားမှာဖြစ်တယ်လို့ ပြည်တွင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က စစ်တပ်နဲ့ MNDAA တို့ဟာ ကူမင်းမြို့မှာ တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုအရ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက် အပစ်ရပ် သဘောတူညီချက်စာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးခဲ့ပါတယ်။

လားရှိုးမြို့ကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က MNDAA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

၃။ ငလျင်ဘေးသင့်ပြည်သူတွေအတွက် အကူအညီကို စစ်ကောင်စီတပ်က ကန့်သတ်နေတယ်လို့ ကုလပြော

မြန်မာစစ်တပ်ဟာ ငလျင်ဘေးသင့်တဲ့ဒေသတွေက ပြည်သူတွေအတွက် အရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုရာအကူအညီတွေကို ကန့်သတ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် အထိအခိုက်အများဆုံးဖြစ်ခဲ့တဲ့ မန္တလေးမှာ အတားအဆီးတွေရှိနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုံလောက်တဲ့ပံ့ပိုးမှုမရဘူးလို့ မြေပြင်က စေတနာ့ဝန်ထမ်းတစ်ယောက်ရဲ့ပြောဆိုမှုကိုကိုးကားပြီး DVB သတင်းဌာနက ဖော်ပြပါတယ်။
ပြည်တွင်း၊ ပြည်ပက အကူအညီနဲ့ ထောက်ပံ့မှုတွေ ရမယ်ဆိုရင် ငလျင်ဒဏ်ခံခဲ့ရတဲ့နေရာတွေမှာ အသက်ရှင်ကျန်ရစ်သူတွေကို အချိန်မီကယ်တင်နိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်ဘေးအပြင် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ဆက်လက်ရှိနေပြီး  လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကလည်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှု ၅၃ ခုကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မတ် ၂၈ ရက်နေ့ ငလျင်စလှုပ်တဲ့ အချိန်ကတည်းက လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်မှုတွေ အများအပြားလုပ်ဆောင်ခဲ့ပါတယ်။
ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ အပစ်အခတ်ရပ်စဲတယ်လို့ စစ်တပ်က ကြေညာထားတဲ့နောက်မှာ တိုက်ခိုက်မှု ၁၆ ကြိမ်ရှိတယ်လို့ သိရပါတယ်။

၄။ နေပြည်တော်က လျှို့ဝှက်စစ်ဌာနချုပ် ငလျင်ကြောင့် ထိခိုက်

ပြည်ပကျူးကျော်စစ်ကြုံလာရင် အရေးပေါ်ကွပ်ကဲဖို့အတွက် လျှို့ဝှက်တည်ဆောက်ထားတဲ့ နေပြည်တော်စစ်ရုံးက ကွပ်ကဲမှုရုံးနေရာ ငလျင်ကြောင့်ထိခိုက်ခဲ့တယ်လို့ BBC မြန်မာပိုင်းသတင်းဌာနမှာ ဖော်ပြပါတယ်။
လျှို့ဝှက်ဥမင်လိုဏ်ခေါင်းတွေလို့သိကြတဲ့ အဲဒီနေရာနဲ့ပတ်သက်လို့ စစ်ထောက်ချုပ်ရုံးသတင်းအရင်းအမြစ်ကိုကိုးကားပြီး BBC က ဖော်ပြခဲ့တာပါ။
ငလျင်လှုပ်ပြီးတဲ့နောက် ပြင်ပမှာပဲ လုံခြုံရေးယူထားပြီး ဆက်သွယ်ရေးပစ္စည်းတွေကို ရသလောက်အပြင်ထုတ်ထားပြီးပြီလို့ ဆိုပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထဲမှာရှိတဲ့ အဲဒီလျှို့ဝှက်နေရာကို အထူးကန့်သတ်နေရာတစ်ခုဖြစ်ပါတယ်။
နေပြည်တော်ကို စတည်ချိန်ကတည်းက လျှို့ဝှက်ဥမင်လှိုင်ခေါင်းတွေအကြောင်း သတင်းထွက်ပေါ်မှုတွေရှိခဲ့ဖူးပါတယ်။
အဲဒီနေရာကို စစ်ရေးအတွက် အဓိကထားစဥ်းစားတည်ဆောက်ခဲ့တာဖြစ်ပြီး လေကြောင်းရန်ကာကွယ်နိုင်ဖို့ နဲ့ လျှို့ဝှက်နေရာဖြစ်ဖို့ ဦးစားပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

၅။ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၃၀၀ ကျော်နဲ့ ဒဏ်ရာရ ၄၅၀၀ ကျော်ရှိလာ

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလျှင်ကြောင့် စုစုပေါင်းသေဆုံးသူ သုံးထောင် ကျော်ရှိနေပြီး ဒဏ်ရာရသူ လေးထောင်ကျော်ရှိနေပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ဧပြီလ ၄ ရက်နေ့ ထုတ်ပြန်ချက်တွေအရ ငလျင်ကြောင့် သေဆုံးသူ ၃၃၅၄ ယောက်၊ ဒဏ်ရာရသူ ၄၅၀၈ ယောက်နဲ့ ပျောက်ဆုံးနေသူ ၂၂၀ ရှိတယ်လို့ ဖော်ပြပါတယ်။ ဒါပေမယ့် သေဆုံးသူ၊ ပျောက်ဆုံးသူစာရင်းဟာ စစ်ကောင်စီရဲ့ ထုတ််ပြမှုထက် ပိုများနိုင်တယ်လို့ ပြောဆိုမှုတွေလည်းရှိပါတယ်။

အထိအခိုက်အများဆုံးက မန္တလေးတိုင်းဖြစ်ပြီး ဒုတိယအများဆုံးထိခိုက်တာက နေပြည်တော်ဖြစ်တယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၈ ရက်နေ့က ရစ်ချစတာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျှင်လှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်ငယ်ပေါင်း ၇၀ ကျော် လှုပ်ခတ်ခဲ့ပြီးဖြစ်ပါတယ်။

၆။ တရုတ်ကြက်ခြေနီ ယာဉ်တန်းကို ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီ ဝန်ခံ

ငလျင်ဘေးသင့်ပြည်သူတွဗကို ကူညီကယ်ဆယ်ဖို့ဝင်ရောက်လာတဲ့ တရုတ်ကြက်ခြေနီအသင်းယာဥ်တန်းကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ၁ ရက်နေ့ ည ၉ နာရီခွဲမှာ နောက်ချိုမြို့နယ်၊ အုမ္မတီးရွာအနီးမှာ တရုတ်ကြက်ခြေနီအသင်းရဲ့ ယာဥ်တန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာပါ။

ပစ်ခတ်ခံရတဲ့ဖြစ်စဥ်ဖြစ်ဖြစ်ချင်းမှာ စစ်ကောင်တပ်ရဲ့ ဝါဒဖြန့် တယ်လီဂရန်ချယ်နယ်တွေဟာ ဒီပစ်ခတ်မှုကို PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းကတော့ ယာဥ်တန်းကို စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့အကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

တရုတ် ထောက်ပံကူညီရေးယာဉ်တန်းဟာ မန္တလေးမြို့ကို ခရီးဆက်သွားမယ့်သံရုံး ကတဆင့် စစ်ကောင်စီကို အကြောင်းမကြားတာကြောင့် ပစ်ခတ်ခံတာလို့ ဇော်မင်းထွန်းက ဝန်ခံလိုက်တာပါ။

တရုတ်ကူညီကယ်ဆယ်‌ရေးယာဉ်တန်း မန္တလေးကိုလာမယ့်အအကြောင်းကို စစ်ကောင်စီဘက်ကို သတင်းပေးပို့ခဲ့ပြီးပေမယ့် အခုလိုလမ်းခရီး မှာပစ်ခတ်ခဲ့တာလို့ TNLA ဘက်ကဆိုပါတယ်။

၇။ ငလျင်ဘေးသင့်မြို့နယ်တွေကို NUGက ကျပ်ငွေ သိန်းပေါင်း ၁သောင်းကျော် ထောက်ပံ့

မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ငလျင်ဘေဒဏ်သင့်မြို့နယ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ကျပ်ငွေ သိန်းပေါင်း ၁သောင်း၂ထောင်ကျော် ရန်ပုံငွေထောက်ပံ့ထားတယ်လို့ ထုတ်ပြန်ပါတယ်။

ငလျင်ဘေးဒဏ်သင့်မြို့နယ် ၂၄မြို့ကို ရံပုံငွေ ထောက်ပံ့ထားရှိမှုဖြစ်ပြီး ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်း၊ အိန္ဒိယနယ်စပ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ပဲခူးတိုင်းအတွင်းက မြို့နယ်တွေမှာ ခွဲဝေထောက်ပံ့ထားတာလို့ သိရပါတယ်။

နေပြည်တော်အတွက် ကျပ်ငွေ ၃၃သိန်း၊ ရှမ်းပြည်နယ်တောင်ပိုင်းအတွက် ကျပ်ငွေ ၈၄၀သိန်း၊ စစ်ကိုင်းနဲ့ အိန္ဒိယနယ်စပ်အတွက် ကျပ်ငွေ ၁၅၀၅သိန်း၊ ပဲခူးတိုင်းအတွက် ၁၇၆၃သိန်း၊ မန္တလေးတိုင်းအတွက် ၇၈၅၉သိန်းကျော် နဲ့ စုစုပေါင်း ကျပ်ငွေ သိန်းပေါင်း ၁၂၀၀၀ကျော် ရံပုံငွေခွဲဝေ ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။

ဒါဟာ ငလျင်လှုပ်ခတ်မှုအပြီး တပတ်အကြာ ဧပြီလ ၄ရက်နေ့အထိ ငလျင်ကူညီကယ်ဆယ်ရေးအတွက် ထောက်ပံ့ကူညီထားတဲ့ ရံပုံငွေပမာဏကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

၈။ ရိုဟင်ဂျာနှစ်သိန်းနီးပါးကို မြန်မာပြန်လာဖို့ စစ်ကောင်စီခွင့်ပြု

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် နှစ်သိန်းနီးပါးကို မြန်မာပြည်ကိုပြန်လာဖို့ စစ်ကောင်စီက ခွင့်ပြုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာအများအပြားနေထိုင်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက်မှာ ရိုဟင်ဂျာတွေကို ပြန်လာဖို့ စစ်ကောင်စီက ခွင့်ပြုလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရရဲ့ အကြီးတန်းကိုယ်စားလှယ် နဲ့ မြန်မာ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေတို့ ဘန်ကောက်မှာတွေ့ဆုံပြီးနောက်မှာ အခုလို ထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့တာပါ။

ဘန်ကောက်မှာ ဆွေးနွေးခဲ့တဲ့ ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ကြေညာတာမျိုးမရှိသေးပါဘူး။

ရိုဟင်ဂျာတွေဟာ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေကမြန်မာစစ်တပ်ရဲ့ လူမျိုးသုန်းသတ်ဖြတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။

အဲဒီလူမျိုးသုန်းသတ်ဖြတ်တဲ့စစ်ဆင်၇ေးတွေနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကုလားဆိုးတွေကို မောင်းထုတ်တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းတွေမှာ ရိုဟင်ဂျာ တစ်သန်းကျော် ပြွတ်သိပ်နေထိုင်နေကြတယ်လို့ သိရပါတယ်။

The Tanintharyi Times