ကကြိုးပျောက်နိုင်ငံတော်

ကကြိုးပျောက်နိုင်ငံတော်

ကိုယ့်အလုပ်ကိုယ် လုပ်ခွင့်မရခြင်း၊ ကိုယ့်လမ်းကိုယ် လျှောက်ခွင့်မသာခြင်းသည် လူသားတို့အပေါ် အကြီးမားဆုံး အနာတရဖြစ်စေပါသည်။ ထိုအနာတို့အား အနုပညာပစ္စည်းတစ်ရပ်အဖြစ် ဖန်တီးပြနိုင်ရန် ကြိုးစားနေသော အမျိုးသမီးတစ်ဦးကို ကျနော် တွေ့လိုက်ရပါသည်။

ကုန်းလိုက်၊ ကွလိုက်၊ ယိမ်းလိုက်ခါလိုက်နှင့် ကိုးရိုးကားယား က,နေသော အမျိုးသမီးတစ်ဦး၏ ဗီဒီယိုအတိုအထွာများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်ကို ပြီးခဲ့သည့်လများကတည်းကပင် သတိထားမိပါသည်။ ကကွက်များမှာ တကယ်ပင် စိတ်ပျက်ဖွယ်ရာ အူကြောင်ကြားများ ဖြစ်၏။

နာမည်ကျော်လူကြိုက်များသည့် တေးသီချင်းတို့ကို သူက ကကွက်အဆန်းထွင်၍ ဖော်ကျူးပြနေခြင်း ဖြစ်သည်။ သူ က.နေပုံကို ကြည့်ရသည်မှာ နတ်ဝင်သည်လိုလို၊ စိတ်ပေါ့သွပ်နေသလိုလို။ သူ့မျက်နှာနှင့် မျက်လုံးများက ပြုံးခြင်းရယ်ခြင်း၊ ရွှင်ခြင်းမြူးခြင်းမရှိ။ ခန္ဓာကိုယ်တစ်ခုလုံးက လှုပ်ခါယမ်းနေသည့်တိုင် မျက်နှာက ခံစားချက်ကင်းမဲ့နေသည့်နှယ် အရောင်အသွေးမရှိ။ လောကဓံလှိုင်းလုံးများအကြားတွင် အရိုက်အပုတ်ပြင်းပြင်း ခံထားရသည့်အသွင်မျိုး။

သူ၏ ကကွက်များအပေါ် အပြစ်တင်သူများ ရှိကြသလို ရယ်စရာဟအဖြစ်၊ လှောင်ပြောင်စရာအဖြစ်ဖြင့် လိုက်တုပြီး က,ကြသည့်သူများလည်း ရှိနေကြပြန်ပါသည်။ ထိုအထဲတွင် အမျိုးသားများပင် ပါလိုက်သေး။

စိတ်ညစ်စရာများလွန်းလှသော ယခုကဲ့သို့ ခေတ်ကာလဆိုးကြီးထဲဝယ် စိတ်ထွက်ပေါက်အဖြစ်ဖြင့် လုပ်နေကြခြင်းဟု သဘောထားမိပါသည်။ သို့မဟုတ် ထူးထူးဆန်းဆန်းလုပ်ပြပြီး လူအများ၏ စိတ်ဝင်စားမှုကို ရရှိရန် တစ်နည်းတစ်ဖုံ ကြိုးစားခြင်းပေလော၊ တွေးမိပါသည်။

ဤကာလထဲတွင် နဂါးပူး၊ ဂဠုန်ပူး၊ နတ်ပူး၊ စုန်းပူး စသည့် ဟိုဟိုသည်သည် ဝင်ပူးနေကြသည်ကလည်း တစ်မျိုးပြီးတစ်မျိုး၊ တစ်ယောက်ပြီး တစ်ယောက်။ယခုအမျိုးသမီးသည်လည်း ထိုအထဲက တစ်ယောက်သာ ဖြစ်ပေချိမ့်မည်။

ရက်တွေသာ ကုန်လွန်သွားသည်။ ထိုအမျိုးသမီးမှာ ကမြဲကဆဲ။ လူမှုကွန်ရက်တွင်လည်း ပျံ့နှံ့နေဆဲ။ သူ့အရပ်၊ သူ့ဇာတ်၊ သူ့ပရိသတ်နှင့်သူ ရှိနေပုံပင်။

တစ်မနက်တွင်မူ ဖေ့ဘုတ်တွင် စာသားတချို့ကို ကျနော် ဖတ်လိုက်ရပါသည်။ ကကြိုးပျောက်နေသော အငြိမ့်မင်းသမီးတစ်ယောက်အကြောင်း။ စာနှင့်အတူ သူ၏ အရူးသဏ္ဌာန် က,နေဟန် ဗီဒီယိုလည်း ပါ၏။

ထိုတော့မှ ဖျတ်ခနဲ ကျနော် စိတ်ဝင်စားသွားမိပါသည်။ တခြားမဟုတ်၊ အငြိမ့်မင်းသမီးဟူသည့် စကားလုံးက ကျနော့်ကို ဆွဲငင်လိုက်ပါသည်။ သူသည် အငြိမ့်မင်းသမီးတစ်ယောက်ဆိုပါလား။

ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုက လွန်ခဲ့သည့် တစ်နှစ်က ထုတ်လွှင့်ခဲ့သော သတင်းဗီဒီယိုတစ်ခုကို ရုတ်ခြည်းသတိရမိလိုက်ပါသည်။

မြင်ကွင်းက တောတွင်းတစ်နေရာဟု ထင်ရသည်။

ချမ်းချမ်းအေးအေးရာသီထဲ ညဘက်တွင် မီးလှုံကြရင်း မီးဖိုဘေးတွင် စိတ်ပါလက်ပါ အားပါးတရ ကနေသည့် အမျိုးသမီးတစ်ဦး။

မြို့ပြကို စွန့်ခွာခဲ့ရပြီး ဒေါနတောင်တန်းပေါ်ရောက် အငြိမ့်မင်းသမီးတစ်ဦးအကြောင်း။

တော်လှန်ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ကျရာတာဝန်ကို ဝင်ကူရွက်နေသည်။ ထိုပုံရိပ်တို့ကို သတိရမိသွားသည်။

သူ့အကြောင်းကို ပို၍ စိတ်ဝင်စားမိရာ သူ့နာမည်ကို ရိုက်ထည့်၍ သူ့ကကွက်ဆန်းဗီဒီယိုများကို လိုက်ရှာကြည့်မိပါသည်။

ငယ်စဉ်ကတည်းက အငြိမ့်ကဖို့ ဝါသနာကြီးလွန်းသူတစ်ယောက်။ ပန်တျာကျောင်းကို ကလေးအရွယ်မှာပင် သူ တက်ခဲ့သည်။ ကျောင်းမပြီးခင်မှာပင် အငြိမ့်ဝင်ကခွင့်ရခဲ့သည်။ သာမင်ညောင်ညအငြိမ့်မျိုးမဟုတ်။ မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် ရာဇဝင်တွင်၊ သမိုင်းမှတ်တမ်းဝင်ခဲ့သော အငြိမ့်အဖွဲ့နှင့်။ တစ်နိုင်ငံလုံးက အုန်းအုန်းကျွတ်ကျွတ် အားပေးခြင်းခံခဲ့ရသည့် ‘သီးလေးသီး’ အငြိမ့်။

လွန်ခဲ့သော နှစ်များစွာကတည်းက နိုင်ငံရေးထဲတွင် သူက စီးပျော်နေခဲ့လေခြင်း။

ယခင်စစ်အစိုးရက နိုင်ငံရေးမှ တဖြည်းဖြည်း နောက်ဆုတ်သွားချိန်၊ ဒီမိုကရေစီရောင်နီတို့ ယှက်သန်းလာခဲ့ချိန်တွင် လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်ဖြင့် အငြိမ့်တွေ သူ ကခဲ့ရသည်။

မကြာပါ။ စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းခဲ့ပြန်ရာ တိုင်းပြည်၏ သန်းပေါင်းများစွာသော လူငယ်လူရွယ်များမှာ ခေတ်က တွန်းတင်ပေးလိုက်သော ဝန်ကို ထမ်းဖို့ ဖြစ်လာခဲ့ရပါသည်။

ကိုယ့်အလုပ်ကိုယ် လုပ်ခွင့်မရခြင်း၊ ကိုယ့်လမ်းကိုယ် လျှောက်ခွင့်မသာခြင်းသည် လူသားတို့အပေါ် အကြီးမားဆုံး အနာတရဖြစ်စေပါသည်။

သူ၏ ကကွက်တစ်ခုတွင် နောက်ခံတေးသီချင်းက ကျေးလက်ရိုးရာတေးတစ်ပုဒ်ဖြစ်ပါသည်။ သို့သော် စာသားများကမူ တော်လှန်ရေးအကြောင်းအရာများ ဖြစ်၏။

ဝုန်းခနဲ ဒိုင်းခနဲ ဗိုင်းခနဲ အသံတွေ…နေရာတိုင်းမှာထွက်ပေါ်လို့နေ…။

အသီးမျိုးစုံ ဒီအလှူတော်…။

စစ်ကြောင်းတွေ လာလှည့် … စာဖွဲ့လို့ ကြိုပါ့မယ်…။

ပဒေသာ တစ်ခိုင်လုံးနဲ့ အမုန်းကျွေးပါ့မယ်…။

မူရင်းသီဆိုသူများမှာ တော်လှန်ရေး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဒေါ်သန့်ဝေကျော်နှင့် အဖွဲ့က “တစ်မိနစ်တာ ထိရှ Highlight” အစီအစဉ်တွင် သီဆိုထားခြင်း ဖြစ်ပါသည်။

ထိုသီချင်းကို သူ ကကွက်ဖော်ထားပုံက တော်တော်ကို ကကြိုးကကြောင်နိုင်လှပါသည်။ စစ်ကြောင်းထွက်ဟန်၊ မိုင်းခွဲခံရဟန်၊ သေသည့်သူ သေ၊ ဒုက္ခိတဖြစ်သူ ဖြစ်၊ စသည့်ဟန်များဖြင့် အကကို ဖော်ကျူးပြထားသည့်တိုင် သူက,နေပုံက မညီမညာမလှမပနှင့်သာ။

ထိုသို့သော ကိုးရိုးကားရားကကွက်ဗီဒီယိုအတိုကလေးများကို တစ်ခုပြီး တစ်ခု ကျနော် လိုက်ကြည့်နေမိပါသည်။

သူ့အကတို့သည် သီချင်းနှင့် လိုက်ဖက်ညီဖို့၊ မညီဖို့၊ စည်းနှင့်ဝါးနှင့် ကိုက်ညီဖို့၊ မညီဖို့ ဆိုသည်တို့ကို ရည်ပုံမပေါ်ပါ။ သူပြောချင်နေသည်က သူ့ဘဝ၊ သူ့လောကအကြောင်း။

ကျနော့်အတွက်မူ ကိုးရိုးကားရားနိုင်လှသည့် ထိုကကွက်များက အင်မတန်ပြောင်မြောက်လှသော အနုပညာပစ္စည်းများဖြစ်သွားခဲ့ပါပြီ။

ယခုကာလထဲတွင် ကျနော့်ကို အထိခိုက်စေဆုံးသော အနုပညာသရုပ်ဖော်တင်ဆက်မှုတစ်ခုကို ပြပါဟုဆိုလျှင် သူ့အကတို့ကိုသာ ညွန်ပြရပါလိမ့်မည်။ ပြီးတော့ သူ ပုံဖော်ပြနေသော မလှမပ ကဟန်တို့သည် အငြိမ့်မင်းသမီးတို့၏ဘဝကိုသာ ကိုယ်စားပြုသည်မဟုတ်။ ပရမ်းပတာဖြစ်နေသော နိုင်ငံကို၏ ပုံရိပ်ကိုပါ ထင်ဟပ်၍ နေသည်ဟု ခံစားမိပါသည်။

စစ်သားက စစ်တန်းလျားတွင် မနေသောအခါ အကုန်လုံးက ကမောက်ကမတွေ ဖြစ်ရကုန်သည်။

ကျောင်းသားများက လွယ်အိတ်ပျောက်ကြ၊ ဆရာမများက မြေဖြူခဲပျောက်ကြ၊ ဆရာဝန်များက ဆေးအိတ်ပျောက်ကြ၊ တောင်သူဦးကြီးတို့က လယ်ယာမြေတွေ ပျောက်ကြ၊ အနုပညာသမားတွေက စိတ်ကူးစိတ်သန်းတွေ ပျောက်ကြ။ အကုန်လုံးက မိမိတို့၏ အလုပ်တွေကို စွန့်လွှတ်ခဲ့ကြရသည်။

သူ့အကတို့ကိုကြည့်နေရင်း ကျနော့်ကို တစ်နိုင်ငံလုံးအနှံ့သို ဆွဲခေါ်သွားသလို ခံစားမိနေပါသည်။

ငြိမ့်လွင့်

The Tanintharyi Times