မြန်မာ့အရေးနဲ့ အာဆီယံအလားအလာ
မြန်မာ့အရေးနဲ့ အာဆီယံအလားအလာ
မြန်မာ့အရေးကို ပုံစံနည်းဟန်အသစ်နဲ့ ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ အာဆီယံက ထုတ်ဖော်ပြောဆိုပြီး တစ်ပတ် အကြာမှာ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေ ကန့်ကွက်နေတဲ့ကြားကပဲ အကြိမ် ၂၀ မြောက်အာဆီယံလေ တပ်စစ်ဦးစီးချုပ်ညီလာခံကို မြန်မာက ဦးဆောင်ပြီး ကျင်းပခွင့်ရခဲ့ပါတယ်။
ဒါက အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို မလိုက်နာလို့၊ အကောင်အထည်မဖော်လို့ ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေး မတက်ခိုင်းပေမဲ့ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခမှာ လေကြောင်းကို အသုံးပြုပြီး ဆိုးရွားပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်း ဆောင်ကို အခြားတစ်ဖက်က အသိအမှတ်ပြုပေးရာရောက်သလို အာဆီယံရဲ့ အလုပ်မဖြစ်ခြင်းကို ညွှန်းဆိုပြနေခဲ့တာပဲ ဖြစ်ပါတယ်။
ညီလာခံကျင်းပတဲ့ နေပြည်တော်ထိ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက တက်ရောက်ခဲ့ပြီး ဖိလစ်ပိုင်နဲ့ စင်ကာပူ နှစ်နိုင်ငံက ရုပ်သံကတစ်ဆင့် ဆွေးနွေးခဲ့ပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံက စစ်ကောင်စီကို တိတိပပ ဆန့်ကျင်ပြပြီး ညီလာခံမတက်ဘဲ နေခဲ့ပါတယ်။
ဒီနေရာမှာ အာဆီယံရဲ့ မူ ၂ ချက်ဖြစ်တဲ့ ‘ဝင်ရောက်မစွက်ဖက်ရေး’ နဲ့ ‘ဘုံတူညီရေး’ ဆိုတဲ့ အချက်ကနေ ကြည့်ရင် အခု ညီလာခံတက်ရောက်မှုဟာ စစ်ကောင်စီကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘုံဆန့်ကျင်ခြင်း ရှိမနေတာကို မြင်သာစေတာဖြစ်ပါတယ်။
တစ်ဖက်က ပြန်ကြည့်ရင် စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ လေတပ်စစ်ဦးစီးချုပ် ညီလာခံကို နေပြည်တော်ထိ တက်ရောက်လာတဲ့ နိုင်ငံတွေရဲ့ မူလဇာတ်မြစ်ဟာ စစ်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင်စနစ်နဲ့ ဘုရင်စနစ်ထွန်း ကားကြီးစိုးတဲ့ နိုင်ငံတွေဖြစ်သလို တရုတ်ရဲ့ဩဇာသက်ရောက်မှုအောက်မှာ မလူးသာမလွန့်သာ ရှိနေကြရတဲ့ နိုင်ငံ တွေပဲ ဖြစ်ပါတယ်။ ဒီအချက်ကလည်း အာဆီယံရဲ့ ‘ဝင်ရောက်မစွက်ဘက်ရေး’ မူကို လေပင့်ထားခဲ့တာပဲဖြစ်ပါ တယ်။
ဒေသတွင်း ဒီမိုကရေစီ စံပြနိုင်ငံအဖြစ် အလံလွှင့်ထူထားချင်တဲ့ အင်ဒိုနီးရှားနဲ့ နိုင်ငံအတွင်း ဖြေရှင်းရမယ့် ရိုဟင်ဂျာအရေး ကိစ္စအတွက် မြန်မာ့အရပ်သားအစိုးရကို ပိုမိုလိုလားတဲ့ မလေးရှားနိုင်ငံတို့ကတော့ မြန်မာရဲ့ စစ်အာဏာ သိမ်းမှုကို တိတိပပ ဆန့်ကျင်ပြနေခဲ့တာပါပဲ။
တကယ်တမ်းမှာ အာဆီယံဟာ စီးပွားရေးနဲ့ နိုင်ငံရေးကို ကောင်းစွာကိုင်တွယ် ဖြေရှင်းနိုင်တဲ့ ဒေသတွင်းအဖွဲ့ အစည်းတစ်ခုအဖြစ် သူ့ကိုသူ ဂုဏ်ယူနေခဲ့တာဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ဒေသတွင်းအရေးကိစ္စတွေကို သူတို့ ကိုယ်တိုင်ပဲ ဖြေရှင်းနိုင်တယ်ဆိုပြီး ဝင့်ကြွားနေခဲ့တာဖြစ်ပါတယ်။(တကယ်တမ်းမှာတော့ ဘယ်နိုင်ငံ့အရေးကိစ္စကို မှ အာဆီယံက ဦးဆောင်ပြီး ဖြေရှင်းနိုင်ခဲ့တာမရှိပါဘူး)
ဒါကြောင့်ပဲ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းပြီးနောက် ၂ လနီးပါးအကြာ ၂၀၂၁ ဧပြီမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂျာကာတာမှာ ကျင်းပတဲ့ ခေါင်းဆောင်များအစည်းအဝေးရဲ့ ဘေးမှာခေါ်ထိုင်ခိုင်ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဘုံသဘောတူညီချက် ငါးရပ်ကို အာဆီယံက ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒီဘုံသဘောတူညီချက် ငါးရပ်ကို ပြန်တူးဆွပြရရင် အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ဖို့၊ သက်ဆိုင်သူတွေကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့အဖြေရှာဖို့၊ တွေ့ဆုံဆွေးနွေးရေးအတွက် အာဆီယံအထူးသံ တမန်က ကြားဝင်ညှိုနှိုင်းပေးဖို့၊ အာဆီယံက လူသားချင်းစာနာထောက်ထားမှုတွေကူညီပေးဖို့၊ အထူးသံက မြန်မာ ပြည်လာပြီး သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံဖို့ ၊ စတဲ့ အချက်တွေပဲဖြစ်ပါတယ်။
ဒီလိုဘုံသဘောတူညီချက် ငါးရပ် အတည်ပြုချမှတ်ခဲ့ပြီး ၂ နှစ်ကျော် ကာလအတွင်း အာဆီယံအထူးသံနှစ်ယောက် ပြောင်းခဲ့ပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ထူးခြားထင်ရှားတဲ့ အပြောင်းအလဲအဖြစ် ပုံဖော်ဖန်တီးနိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ ပထမဦးဆုံး အာဆီယံအထူးသံတမန်ဖြစ်တဲ့ ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း (Prak Sokhon) တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံကို နှစ်ကြိမ်လာရောက်ခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။ ဒါက သက်ဆိုင်သူတွေကြား တွေ့ဆုံဆွေးနွေးရေးအတွက် အာဆီယံအထူးသံတမန်က ကြားဝင်ညှိနှိုင်း ပေးဖို့ဆိုတဲ့ မူမှာကို အာဆီယံက ထွန်းပေါက်အောင် အကောင်အထည်မဖော်နိုင်တဲ့ အချက်ပါပဲ။
လက်ရှိ အာဆီယံအထူးသံအဖြစ် တာဝန်ယူနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Ma rsudi) ကတော့ မြန်မာနိုင်ငံကို လာရောက်တာမရှိပေမဲ့ သူ့အနေနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်း တွေ၊ နိုင်ငံရေးပါတီတွေအပြင် အခြားသော ဘက်ပေါင်းစုံကလူတွေနဲ့ လူပုဂ္ဂိုလ်ချင်းရော ၊ အွန်လိုင်းကရော၊ တယ် လီဖုန်းကရော အကြိမ်ပေါင်း ၁၀၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်အတွင်း ပြုလုပ်ခဲ့တဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာလည်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို က အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဘက်ပေါင်းစုံက လူပုဂ္ဂိုလ် ၊ အဖွဲ့အစည်း ၇၀ ကျော်နဲ့ အကြိမ်ပေါင်း ၁၄၅ ကြိမ် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့အရေးကို ပုံစံနည်းဟန်အသစ်ဖြစ်တဲ့ ‘သုံးနိုင်ငံပူးတွဲကိုင်တွယ်ဖြေရှင်းမှု’ (ဥက္ကဌဟောင်းနိုင်ငံ၊ လက်ရှိဥက္ကဌ နိုင်ငံ၊ နောက်ဖြစ်လာမယ့်အလှည့်ကျ ဥက္ကဌနိုင်ငံ တို့ပူးတွဲဖြေရှင်းမှု) နဲ့ ဆောင်ရွက်သွားမယ်လို့ ဆို လာခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေနဲ့ စစ်ရေးဒေသတွေမှာ ပြင်းထန်တဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက ရပ်တန့်မသွားဘဲ ပိုမို ဆိုးရွားစွာရှိနေဆဲ ဖြစ်ပါတယ်။
ဒါဟာ အာဆီယံဒေသတွင်း ဒီမိုကရေစီ ဦးဆောင်သူအဖြစ် မျှော်လင့်ရပ်တည်ချင်သူ အင်ဒိုးနီးရှားနိုင်ငံရဲ့ ဦးဆောင် မှုအောက်နဲ့ စစ်ကောင်စီကို အရေးယူဖို့ မလေးရှားနိုင်ငံက အာဆီယံခေါင်းဆောင်တွေကို ဖိအားပေးနေဆဲမှာ မြန် မာ စစ်တပ်က မူငါးရပ်ကို ဂရုမစိုက်ဘဲ ကျူးလွန်မြဲကျူးလွန်နေတဲ့ အခြေအနေဖြစ်ပါတယ်။
လာမယ့်နှစ်ကုန်မှာတော့ အာဆီယံအလှည့်ကျ ဥက္ကဌရာထူးကို ဒီမိုကရေစီနဲ့လူ့အခွင့်အရေးထက် တစ်ပါတီ အာဏာရှင်စနစ်ကို အလေးထားကျင့်သုံးတဲ့ လာအိုနိုင်ငံက ဆက်ခံရယူမှာဖြစ်ပါတယ်။ လာအိုနိုင်ငံဟာ အာဆီယံဒေ သတွင်း စီးပွားရေးနဲ့နိုင်ငံရေးအရ တရုတ်ရဲ့ ဩဇာဝါးမြိုမှု အဆိုးရွားဆုံး ခံနေရတဲ့နိုင်ငံဖြစ်တာမို့ မြန်မာ့အရေးဘုံ ငါးရပ်အပေါ် အကောင်အထည်ဖော်နိုင်မှုဟာ အလားအလာကောင်းဖွယ်ရာ မျှော်လင့်ချက် ဖြစ်လာနိုင်စရာမရှိပါဘူး။
တစ်ဆက်တည်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ချဉ်းကပ်မယ့် နည်းနာအသစ်ဟာလည်း အာဆီယံရဲ့ မူလဇစ်မြစ် မူနှစ်ချက်ဖြစ်တဲ့ ‘ဝင်ရောက်မစွက်ဖက်ရေး’ နဲ့ ‘ဘုံတူညီရေး’ အချက်နှစ်ခုကို ကျော်လွန်တာသွား နိုင်ပါ့မလားဆို တာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ဒါက လက်ရှိ ၂ နှစ်ကျော်ကာလအတွင်း မြန်မာ့အရေးနဲ့ပတ်သက်လို့ အာ ဆီယံက အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တဲ့ကိစ္စရပ် ကြီးကြီးမားမားမရှိတာကို ကြည့်ရင် အဖြေထွက်နေပြီး သားဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အာဆီယံက ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မျှော်လင့်ချက်ရှိရင်တော့ အဝေးကြီးကို မ ကြည့်ဘဲ အာဆီယံရဲ့ လိုဂိုဒီဇိုင်းကိုသာ ခပ်ရဲရဲစူးစူးကြည့်ဖို့ လိုပါတယ်။ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားတွေ ဆိုနေ၊ ပြောနေပေမဲ့ အာဆီယံဟာ နိုင်ငံရေး အကျပ်အတည်း ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ရာမှာ သူ့လိုဂိုဒီဇိုင်းလို လည်ပင်းညှစ်ခံထားရတဲ့ လူတစ်ယောက်ပမာ အသက်ရှူကျပ် မျက်ဖြူစိုက်နေရင်း စစ်အာဏာသက်တွေဟာ ဒေ သတွင်းမှာ ရှည်ကြာနေခဲ့တာပါပဲ။ ဒါက မြန်မာ့နိုင်ငံရေး အကျပ်အတည်းပြေလည်မှုဟာ အာဆီယံမှာ ရှိမနေဘူး ဆိုတာရဲ့ အညွှန်းကိန်းဆိုရင်လည်း မမှားဘူးဖြစ်ပါတယ်။
မာအောင်
The Tanintharyi Times
