မပြီးသေးတဲ့တော်လှန်ရေးခရီးမှာ NLDပါတီဝင်တွေအနေနဲ့ ပြည်သူ့အာဏာ ပြန်လည်ပေးအပ်နိုင်ဖို့ ဆထက်တိုး ပါဝင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ဦးအောင်ကြည်ညွန့် ပြောဆို

မပြီးသေးတဲ့တော်လှန်ရေးခရီးမှာ NLDပါတီဝင်တွေအနေနဲ့ ပြည်သူ့အာဏာ ပြန်လည်ပေးအပ်နိုင်ဖို့ ဆထက်တိုး ပါဝင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ဦးအောင်ကြည်ညွန့် ပြောဆို

မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ အနေနဲ့ ရှိရင်းစွဲ စည်းလုံးညီညွတ်မှုတွေ၊ ဟန်ချက်ညီတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ပြည်သူတွေအတွက် ဒီမိုကရေစီ ပြန်လည်ယူဆောင်ပေးနိုင်ဖို့၊ ပြည်သူတွေရဲ့လက်ထဲကို ပြည်သူ့အာဏာ ပြန်လည်ပေးအပ်နိုင်ဖို့၊ တိုင်းပြည်ငြိမ်းချမ်းသာယာဖို့ ဆထက်တိုး ပါဝင်သွား နိုင်မယ်လို့ အခိုင်အမာယုံကြည်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က ပြောဆိုသွားပါတယ်။

ဒါဟာ ဒီကနေ့မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၅ နှစ် မြောက် အခမ်းအနား အဖွင့်မိန့်ခွန်းမှာ သူက အခုလို ထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။

အခုအချိန်ဟာ စစ်ကောင်စီက နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ကျုးလွန်ပြီး အာဏာသိမ်းလိုက်တာကြောင့် အလုံးစုံပျက်သုဉ်းမှုဆီကို ပြန်လည်တွန်းပို့ခြင်းခံရတဲ့ အ‌ခြေအ‌နေကို ရောက်ရှိနေတဲ့အချိန်လို့ သူကဆိုပါတယ်။

ဒီလိုအခြေအနေမှာ တစ်နိုင်ငံလုံးက တိုင်းပြည်အတွင်း ဒီမိုကရေစီပြန်လည်ရရှိရေး၊ အေးချမ်းတည်ငြိမ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးတို့အတွက် ရုန်းကန် တော်လှန်နေကြရချိန် ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်တွေအနေနဲ့ အခုလိုအချိန်မှာ တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသားပြည်သူတွေနဲ့ အတူ ကျရာအခန်းကဏ္ဍကနေ စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်နေကြတဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်တယ်လို့ ဦးအောင်ကြည်ညွန့်က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနဲ့ ရွေးကောက်ပွဲအဆက်ဆက်မှာ အနိုင်ရခဲ့တာဟာ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကြောင့် ဖြစ်ပြီး လက်ရှိအချိန်အထိ ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ပြည်သူတွေနဲ့အတူ ရင်ဆိုင်ဖြတ်ကျော်နေကြောင်းလည်း သူက ပြောဆိုသွားပါတယ်။

The Tanintharyi Times