တော်လှန်ရေးအရေခြုံ လိင်အမြတ်ထုတ်မှုကို တွန်းလှန်နေရသူတွေ

တော်လှန်ရေးအရေခြုံ လိင်အမြတ်ထုတ်မှုကို တွန်းလှန်နေရသူတွေ

လူထုတော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတစ်ချို့ဟာ စစ်အာဏာရှင်ကိုသာမက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာနဲ့ အကြမ်းဖက်မှုတွေကိုပါ ရင်ဆိုင်တွန်းလှန်နေကြရပါတယ်။

ဒီတွန်းလှန်မှုတွေဟာလည်း အာဏာရှင်ကို တိုက်ထုတ်ရသလို၊ ခက်ခဲနေပါတယ်။ ဘာကြောင့်လဲလို့ စာဖတ်သူမေးရင် သူတို့မှာ ပြန်ပြောပြဖို့ အဖြေအဆင်သင့်ရှိပါတယ်။

လိင်အမြတ်ထုတ်ဖို့ ကြိုးစားသူတွေနဲ့ လိင်အကြမ်းဖက်သူတွေက “အာဏာရှင်ကို တော်လှန်နေသူ”တွေ ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ဝင်နေသူတွေ ဖြစ်နေလို့ပါပဲ။

အခုရက်ပိုင်းအတွင်းမှာ လိင်အမြတ်ထုတ်တဲ့ကိစ္စတစ်ခု ဖေ့ဘုတ်လူမှုကွန်ယက်ပေါ်မှာ ဟိုးလေးတကျော် ရှိနေပါတယ်။ လူထုတော်လှန်ရေးမှာ ပါဝင်နေတဲ့ ဗုဒ္ဓဘာသာရဟန်းတစ်ပါးက တော်လှန်ရေးမှာပါဝင်တဲ့ အမျိုးသမီးတချို့ကို အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်ဆိုပြီး တရားဥပဒေအရ အရေးယူနိုင်ဖို့ ပြောဆိုနေကြတာပါ။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သူလို့ ပြောဆိုစွပ်စွဲခံထားရသူကတော့ နွေဦးတော်လှန်‌ရေးဆရာတော်လို့ လူသိများတဲ့ အရှင်ကေသရ (သီရိလင်္ကာ)ပဲ ဖြစ်ပါတယ်။

အရှင်ကေသရရဲ့အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ကျူးလွန်ခံရသူ အမျိုးသမီး အရေအတွက်ဟာ အနည်းဆုံး ၁၀ ဦးရှိတယ်လို့ မသူဇာမြင့်က ထုတ်ဖော် ပြောဆိုထားပါတယ်။ မသူဇာမြင့်ဆိုတာက အွန်လိုင်းပေါ် ကနေ ဆရာတော်က လိမ်ပိုင်းဆိုင်ရာ အမြတ်ထုတ်ပါတယ်ဆိုတဲ့ ကိစ္စကို ရဲရဲရင့်ရင့်ဖော်ထုတ် ပြောဆိုလာသူ တစ်ဦးပဲ ဖြစ်ပါတယ်။

အဲ့ဒီလို ထုတ်‌ဖော်ပြောဆိုမှုနောက်မှာတော့ အရှင်ကေသရ (သီရိလင်္ကာ) ဆိုသူဟာ တော်လှန်ရေး လုပ်ဆောင်နေတဲ့အမျိုးသမီးတွေကို အွန်လိုင်းကတဆင့် တော်လှန်ရေးအကူငွေတစ်ချို့ ပေးဆောင်ရာကနေ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာစကားတွေ ပြောဆိုတာ၊ မဖွယ်မရာ ဓာတ်ပုံတွေ ပေးပို့တာ၊ တချို့ အမျိုးသမီးငယ်တွေဆီကနေ အဝတ်အစားမပါတဲ့ ဓာတ်ပုံတွေ ပြန်ပို့ခိုင်းပြီး ခြိမ်းခြောက်တာတွေကို လုပ်ခဲ့တယ်ဆိုတဲ့ စာတိုမှတ်တမ်းတွေကို ပေးပို့ခံရတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ ဖေ့ဘုတ်အကောင့်တွေကနေ ဖော်ပြလာခဲ့ကြပါတယ်။

နွေဦးတော်လှန်‌ရေးဆရာတော် အရှင်ကေသရကတော့ မသူဇာမြင့်တို့ပြောတဲ့ ဖေ့ဘုတ်အကောင့်ပိုင်ရှင် အရှင်ကေသရက သူမဟုတ်ဘူးလို့ ဧရာဝတီသတင်းဌာနကို ပြောဆိုပြီး ငြင်းချက်ထုတ်ထားပါတယ်။

မသူဇာမြင့်ကတော့ သူဟာ သတင်းမီဒီယာလုပ်ငန်းကိုလည်း လုပ်ကိုင်နေသူ ဖြစ်တာကြောင့် နွေဦးတော်လှန်ရေး ဆရာတော်နဲ့ အင်တာဗျူး မေးမြန်းဖူးလို့ Ke sa ra အကောင့်ဟာ အရှင်ကေသရ (သီရိလင်္ကာ) ဖြစ်တယ်လို့ အတည်ပြုပါတယ်။

မသူဇာမြင့်လိုပဲ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတယ်လို့ ထုတ်ဖော်ပြောလာသူတွေထဲမှာ တော်လှန်ရေး ထောက်ပို့အမျိုးသမီး ရေချယ်နဲ့ တော်လှန်ရေးထောက်ပို့အဖြစ် လူသိများတဲ့ ကိုရီးယားနိုင်ငံက မနန်မိုးတို့လည်း ပါဝင်ပါတယ်။ နွေဦးတော်လှန်ရေးဆရာတော်က သူတို့ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုစကားတွေကို ပြောဆိုခဲ့သလို ချစ်ကြိုက်စကားတွေ လာပြောတာမျိုးလည်း ရှိခဲ့တယ်လို့ တရားဝင်ထုတ်ဖော် ပြောထားပါတယ်။

နွေဦးတော်လှန်ရေးဆရာတော်ဟာ အွန်လိုင်းပေါ်ကနေ တော်လှန်ရေးဆိုင်ရာအကြောင်း ပြောဆိုတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေ မကြာခဏ လုပ်ဆောင်နေသူဖြစ်ပါတယ်။ သူ့ရဲ့ Facebook followers ဟာ အယောက် နှစ်သိန်းကျော် ရှိပြီး တယ်လီဂရမ်အကောင့်မှာတော့ Subscribers နှစ်ထောင်ကျော် ရှိပါတယ်။

နာမည်ကျော်ကြားသူ ရာထူးကြီးသူ၊ ဂုဏ်သရေရှိသူ၊ ဘာသာရေးခေါင်းဆောင်တွေ စတဲ့သူတွေဟာ အာဏာပါဝါကို အသုံးပြုပြီး အနိုင်ကျင့်ကျူးလွန်မှုပြုတာက Power abuse ဖြစ်ပါတယ်။ လိင်အမြတ်ထုတ်တဲ့ အရှင်ကေသရာ ဆိုသူဟာ နွေဦးတော် လှန်ရေးဆရာတော်မှန်ရင် တော်လှန်ရေးမှာပါဝင်တဲ့ အမျိုးသမီးတွေအပေါ် Power abuse လုပ်ဆောင်ခဲ့တာလို့ အမျိုးသမီး အခွင့်အရေး ဆိုင်ရာ လှုပ်ရှားသူတွေက ထောက်ပြပါတယ်။

ဒါ့အပြင် လိင်အမြတ်ထုတ်မှုဆိုတာကလည်း ကိုယ်ထိလက်ရောက် လိင်အကြမ်းဖက်မှုမြောက်မှလို့ ဆိုလိုတာမဟုတ်ဘဲ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ စကားလုံးတွေ၊ အပြုအမူတွေ ပြုလုပ်တာ၊ နောက်က လိုက်တာ၊ အမြင်မတော်ရာ နေရာကို ပြသတာ၊ ကန့်သတ်နယ်မြေတွေကို ထိတွေ့ကိုင်တွယ်တာ၊ စနောက်ကျီစယ်ဟန်နဲ့ မကြားဝံ့မနာသာ စကားလုံးတွေပြောတာ၊ စနောက်ကျီစယ်ဟန်နဲ့ ပွေ့ဖက်ထိတွေ့တာမျိုးတွေ ပါဝင်တာမို့ စာမှတ်တမ်းတွေအရ စာတိုပို့သူ အရှင်ကေသရ အကောင့်ပိုင်ရှင်ဟာ လိင်အမြတ်ထုတ်မှု မြောက်တယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်က ဆရာတော် ဦးဝါယမကတော့ ဗုဒ္ဓဘာသာ ရဟန်းတွေ စောင့်ထိန်းရမယ့် ဝိနည်းသိက္ခာအရ နှုတ်ကနေ ကာမစကားပြောဆိုတဲ့ ရဟန်းဟာ သံဃာ အနည်းဆုံးအပါး ၂၀ ရှေ့မှာ ဝန်ခံပြီးတော့မှ နောက်မပြုတော့ပါဘူး၊ နောက်ဒီလိုမျိုး မကျူးလွန်တော့ပါဘူးဆိုတဲ့ ဝန်ချမှု လုပ်ဆောင်ရပြီး ရဟန်းဝိနည်းနဲ့ဆိုရင် ဆင်ခြင်ပြီးတော့မှ နေထိုင်ရတဲ့ ပြုမူရတဲ့ အရာမျိုး ဖြစ်တယ်လို့ ရှင်းပြပါတယ်။

“လောကအရပြောရရင် နွေဦးတော်လှန်ရေးဆရာတော်အနေနဲ့ သူမှားရင် မှားတယ်၊ မှားတဲ့အရာကို မှားသွားပြီးဆိုရင် ရိုးရိုးဝန်ခံလိုက်တာတော့ အကောင်းဆုံးပဲ” လို့ ဦးဝါယမက မိန့်ပါတယ်။

နွေဦးတော်လှန်ရေးဆရာတော်ကတော့ စွပ်စွဲတဲ့သူတွေ၊ ထုတ်ဖော်ပြောဆိုသူတွေရဲ့ ဖော်ပြတဲ့ အချက်အလက်တွေက သူဆိုတာကို ခိုင်မာတဲ့ သက်သေမပြနိုင်ဘူးလို့ ဧရာဝတီသတင်းဌာနကို ပြောဆိုထားပါတယ်။

မသူဇာမြင့်တို့ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီး ဌာနကို တို်ကြားထားပြီး ကျူးလွန်သူက ဝန်ချတောင်းပန်ဖို့နဲ့ သာသနာဝတ်ရုံခြုံထားပြီး ဝိနည်းနဲ့ မလျော်ညီတဲ့ နှောင့်ယှက်ပြောဆိုမှုကြောင့် လူဝတ်လဲဖို့ လိုလားနေပါတယ်။

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီး နော်စူစန်နာ လှလှစိုးကတော့ တိုင်ကြားစာကို လက်ခံရရှိထားပြီး ကြားနာမှုလုပ်နေပြီလို့ ပြောပါတယ်။

“အမှုတစ်ခုဖြစ်ပြီဆို နှစ်ဦးနှစ်ဖက်က ထွက်ဆိုတာတွေ နားထောင်ရမယ်။ ကျမတို့ကျတော့ အမျိုးသမီးအခွင့်အရေးကာကွယ်တာပဲလေ။ တခြားဥပဒေအကြောင်းအရတွေရော လုံခြုံရေးကြောင့် အရရော အခြားဝန်ကြီးဌာနတွေပါ ပါရဦးမယ်ပေါ့နော်။ အဲဒါတွေ ဆက်လုပ်ဖို့ရှိပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။

လိင်အမြတ်ထုတ်မှုခံရမှုကို ထုတ်ဖော်ခဲ့ကြတဲ့ မသူဇာမြင့်နဲ့ အမျိုးသမီးတွေကတော့ သူတို့ရဲ့ နစ်နာမှုတွေအပေါ် တရားမျှတမှုရဖို့ စောင့်ဆိုင်းနေချိန်မှာပဲ အွန်လိုင်းပေါ်ကနေ ခြိမ်းခြောက်ပြောဆိုတာတွေကို ရင်ဆိုင်နေကြရပါတယ်။

နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ရဲ့ စည်းရုံးရေးတာဝန်ခံ မဂျူလီကတော့ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတဲ့ ကိစ္စတွေမှာ ထုတ်ဖော်ပြောဆိုရဲသူ အမျိုးသမီးတွေကို ကြိုဆိုရမှာ ဖြစ်ပြီး သူတို့ဘက်က အပြည့်အဝ ရပ်တည်ပေးဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

လိင်အမြတ်ထုတ်သူတွေနဲ့ လိင်အကြမ်းဖက်သူတွေဟာ အာဏာပါဝါ အလေးသာသူတွေ ဖြစ်နေတတ်သလို တဖက်မှာ လည်း ဖိုဝါဒီကြီးစိုးမှု ဘောင်အောက်မှာ နစ်နာသူအပေါ် မေးခွန်းထုတ် ပြစ်တင်၊ ဝေဖန်တဲ့ အလေ့အထတွေကြောင့်လည်း ကျူးလွန်ခံရသူ အများစုဟာ ရေငုံနှုတ်ပိတ်နေလိုက်ခြင်း နည်းလမ်းကိုသာ ရွေးချယ်လေ့ရှိကြပါတယ်။

“ဒါဟာ ကျူးလွန်ခံရသူရဲ့ အမှား မဟုတ်ဘူး။ ဒါက ကျူးလွန်သူရဲ့ အမှားဆိုတာကို ကျယ်ကျယ်လောင်လောင်နဲ့ ထုတ်ဖော်ပြောဖို့ လိုတယ်။” လို့ မဂျူလီက ပြောပါတယ်။

မဂျူလီတို့ရဲ့နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ဟာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက် ခံရရင် လာရောက်တိုင်ပင်လို့ရသလို ထိရောက်တဲ့အရေးယူမှုတွေ ရဖို့အထိ အတူတူလုပ်ဆောင်ပေးသွားမယ်လို့ ပြောဆိုထားတဲ့ အမျိုးသမီးအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် လူမဆန်စွာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်အကြမ်းဖက်နေတဲ့အပေါ် ကျူးလွန်သူတွေကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်‌ပေးကြဖို့လည်း တာဝန်ရှိတဲ့ NUG အစိုးရကို အလေးအနက် တိုက်တွန်းလိုတယ်လို့ နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂက အခုလ ၁၂ ရက်နေ့က ရေးသား တောင်းဆိုထားပါတယ်။

သမဂ္ဂရဲ့ ရေးသားဖော်ပြချက်တွေထဲမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေ လိင်အကြမ်းဖက်ခံရတာတွေဟာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဘက်က ကျူးလွန်တာရှိသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ကျူးလွန်နေတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရတယ်လို့ ထုတ်ပြောထားပါတယ်။

သမဂ္ဂရဲ့ ရေးသားထုတ်ပြန်မှုမှာ ဖြစ်စဉ်နဲ့ ဘယ်သူ၊ ဘယ်ဝါဆိုတာတော့ မဖော်ပြထားပါဘူး။

မြန်မာ့အမျိုးသမီးသမဂ္ဂကလည်း အခုနှစ် ဇွန်လ ၁၇ ရက်မှာ ထုတ်ခဲ့တဲ့ အစီရင်ခံစာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ကျူးလွန်နေတာကို ပြောထားတာလည်း ရှိနေပါတယ်။ အာဏာသိမ်းကာလ၂ နှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စုစုပေါင်း ၅၉ မှု ရှိခဲ့တဲ့အထဲမှာ အများစုက အကြမ်းဖက်စစ်ကောင်စီတပ်က လုပ်ဆောင်တာတွေဖြစ်ပြီး လူထုတော်လှန်ရေးမှာပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်တဲ့ လိင်အကြမ်းဖက်မှုက ၄ မှုရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီအစီရင်ခံစာထွက်ပြီးနောက်မှာပဲ မကွေးတိုင်း၊ ဆောမြို့နယ်မှာ လိင်အကြမ်းဖက်မှု တစ်ခု ထပ်မံပေါ်ပေါက် ခဲ့ပါတယ်။ ခိုးမှုနဲ့ အချုပ်ကျနေတဲ့ အရပ်သားထဲက ၂၂ နှစ် အရွယ် အမျိုးသမီးငယ်ကို ဆောမြို့နယ် ပြည်သူ့လုံခြုံရေး (ပ.လ.ဖ) အဖွဲ့ဝင် ၈ ဦးက တစ်ကြိမ်မက မုဒိမ်းကျင့်ခဲ့တဲ့ဖြစ်စဉ် ထွက်ပေါ်လာတာပါ။

အဆိုပါဖြစ်စဉ်မှာ ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူတာ မလုပ်ဘဲ ဒဏ်ကြေးငွေ ကျပ် ၆ သိန်းနဲ့ အမှုကြေအေးပြီး ကျူးလွန်ခံရသူ အမျိုးသမီးကို ပ.လ.ဖ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့တာမျိုး ဆောတိုက်နယ် အုပ်ချုပ်ရေးတာဝန်ခံက ပြစ်ဒဏ်သတ်မှတ်ခဲ့ပါတယ်။ ပြစ်ဒဏ်နဲ့ ဖြေရှင်းတဲ့နည်းကို ဒေသခံတွေက မကျေနပ်တဲ့အတွက် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ သတင်းပေး တိုင်တန်းခဲ့လို့ ပြန်လည်စီစစ်ဖို့ ဖမ်းဆီးစစ်ဆေးတာတွေ ထပ်မံ လုပ်ဆောင်ခဲ့ကြရပါတယ်။

ဇွန်လနှောင်းပိုင်းမှာ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေချိန် စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဇူလိုင်လကုန်မှသာ အမိန့်ချနိုင်ခဲ့ပါတယ်။

ကျုးလွန်ခံရသူတွေရဲ့ တရားမျှတမှု ရရှိရေးနဲ့ ကျုးလွန်သူတွေ ထိရောက်စွာ အပြစ်ပေးအရေး ယူနိုင်ဖို့ ချည်းကပ်လုပ်ဆောင်ရာမှာကျုးလွန်သူနဲ့ ၎င်းသက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကျုးလွန်ခံရသူနဲ့မိသားစုဝင်တွေကို ရေငုံနုတ်ပိတ်ဖို့နဲ့ ကြေအေးပေးဖို့တောင်းဆိုတာ၊ အတင်းအကြပ်ဖိအားပေးတာနဲ့ ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေက ပြစ်ဒဏ်ကင်းလွှတ်ခွင့်အလေ့အထကို သက်ဆိုးရှည်စေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က အခုနှစ် ဇွန်လက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေက ပြစ်မှုမြောက်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ အာဏာရှင်တော်လှန်ရေး ဒီမိုကရေစီအရေးကို ဦးတည်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးပြီး ပွင့်လင်းမြင်သာစွာ ပြစ်ဒဏ်ပေးဖို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြပြောဆိုနေကြပါပြီ။

ဒီမိုကရေစီနဲ့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်ကတော့ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်တဲ့ ဖြစ်ရပ်တွေက တော်လှန်ရေး အကြောင်းပြပြီးတော့ မျက်ကွယ်ပြုလိုက်စရာ လုံးဝမရှိဘူးလို့ သတင်းမီဒီယာတစ်ခုကို ပြောထားပါတယ်။

ကိုယ့်ရဲ့ နစ်နာခဲ့မှုကို ရဲရဲဝင့်ဝင့် ထုတ်ဖော် ပြောဆိုပြီးနောက် “လူတွေက ဒါကို လက်မခံ မှာပဲ ကြောက်တာပါ” လို့ ရင်ဖွင့် ထားတဲ့ မသူဇာမြင့်ကတော့ နောက်ဆက်တွဲ ထိပါးနှောင့်ယှက်ခံရမှု ပြဿနာတွေကို အွန်လိုင်းပေါ်မှာ ရင်ဆိုင် နေရဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့မှာ မျော်လင့်ချက်တော့ ရှိနေပါတယ်။ အဲဒါကတော့ နွေဦးလူထုတော်လှန်ရေးမှာ လိင်အကြမ်းဖက် တာတွေ၊ လိင်အမြတ်ထုတ်မှုတွေအတွက် သူ့အပေါ်ကျူးလွန်ခဲ့သူက စံပြအပြစ်ပေးခံရသူဖြစ်နိုင်လိမ့်မယ် ဆိုတာပါပဲ။

အာ့ဂျီးယာ

The Tanintharyi Times