စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်အပေါ် တိုက်ခိုက်နေမှုကို မူး(မုန်း)မြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ ကန့်ကွက်ရှုတ်ချ
စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်အပေါ် တိုက်ခိုက်နေမှုကို မူး(မုန်း)မြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ ကန့်ကွက်ရှုတ်ချ
ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင် ၊မုန်းမြို့နယ် (KNUထိန်းချုပ်နယ်မြေ မူးမြို့နယ်) မှာ အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်တာတွေ ၊ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေလို့ မူး(မုန်း)မြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ဒါကို အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
မုန်းမြို့နယ်အတွင်းက အရပ်သား ပြည်သူလူထု နေထိုင်ရာ ကျေးရွာတွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ရက်ကစလို့ စက်တင်ဘာလ ၁၆ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀၁ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု ၄၅၁ကြိမ်အထိ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြေပြင်ကနေလည်း စစ်ကြောင်းထိုးပြီး ပြည်သူလူထုရဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို လုယူဖျက်ဆီးတာ၊ မီးရှို့တာနဲ့ ကျေးရွာအတွင်း မိုင်းထောင်တာတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အခုလိုလုပ်ဆောင်နေတာတွေကို စစ်ကောင်စီရဲ့ လေတပ်အပါအဝင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်က အမြောက်တပ်တွေ၊ ကြည်းတပ်တွေက ကျူးလွန်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ပြည်သူ ၄ဦး သေဆုံးခဲ့ပြီး ၁၀ဦးဒါဏ်ရာရရှိကာ ၃ဦး အဖမ်းခံထားရတယ်လို့ အဆိုပါကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကျေးရွာတွေကနေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင် ဦးရေ ၁သောင်းကျော်ရှိနေပြီး ထပ်မံပြီးလည်း စစ်ဘေးရှောင်ရသူ အရေအတွက် တိုးလာနေတယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီတပ်က မုန်းမြို့နယ်အတွင်း အရပ်သားနေထိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုအပေါ် မူး(မုန်)းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း မုန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေရဲ့ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးကြဖို့ကိုလည်း အဆိုပါကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။
The Tanintharyi Times
