မိုးရေ သောက်သုံးခြင်း

မိုးရေ သောက်သုံးခြင်း

ဟိုး အရင် အချိန်တွေတုန်းကတော့ မိုးရေ ဆိုတာ သန့်ရှင်းကြည်လင်တဲ့ သောက်သုံးစရာ တခု အဖြစ် မှတ်ယူခဲ့ကြတာပါ။ တနည်းအားဖြင့် သန့်စင်တဲ့ အမှတ်လက္ခဏာ တခုလိုတောင် တင်စားလေ့ရှိကြတာပါ။

ထိုးဆေးတွေ ဖျော်စပ်ဖို့ အသုံးပြုတဲ့ ပေါင်းခံရေ distilled water ကိုတောင် မိုးရေ လို့ ခေါ်ဆိုခဲ့ကြသေးတာပါ။ မိုးရေသောက်သုံးတာက ကျန်းမာရေး အကျိုးရှိတယ်လို့တောင် မှတ်ယူ ပြောဆိုခဲ့ကြတာပါ၊ နောက်ပိုင်းမှာတော့ လက်တွေ့ စမ်းသပ်တွေ့ရှိချက်တွေကနေ အယူအဆတွေ ပြောင်းလဲ လာကြပါတယ်။

မိုးရေမှာ ဘက်တီးရီးယားပိုးတွေ၊ ကပ်ပါးပိုးတွေ ၊ အညစ်အကြေးတွေ ပါနေတတ်တာမို့ စစ်ပြီး၊ ပိုးသတ် သန့်စင်ပြီးမှ သောက်သုံးသင့်တယ်လို့ အကြံပြုလာကြပါတယ်။ မိုးရေ သောက်လို့ ကျန်းမာရေး အကျိုးအမြတ်တွေ ပိုရတယ်ဆိုတဲ့ အထောက်အထားမျိုးလည်း မတွေ့ရပါဘူးလို့ ဆိုလာကြပါတယ်။

ရေ ဆိုတာကလည်း အသက်ရှင်သန်မှုအတွက် အရေးပါတဲ့ အရာပါ။ လူ့ ခန္ဓာကိုယ် တခုလုံးမှာ ရေက ၆၀% လောက် ရှိနေတာပါ။ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ (ဥပမာ- ချွေးထွက်တာမျိုး) မှာ ရေတွေ ဆုံးရှုံးသွားတာပါ။ အဲဒီလို ဆုံးရှုံးမှုတွေကို ရေ များများသောက်ပြီး ပြန်လည် ဖြည့်တင်းကြရတာပါ။

သောက်ရေကို ရေဘုံဘိုင်တွေ၊ ရေတွင်းတွေ၊ စိမ်းစမ်း၊ မြစ်ချောင်းတွေ နောက်ဆုံး အိမ်တိုင်ရာရောက် ရောင်းချတဲ့ ဘူးတွေ၊ ပုလင်းတွေကနေ ရရှိကြတာပေါ့။

မိုးရေကို သောက်သုံးတာက ဘေးကင်း စိတ်ချရရဲ့လား၊ ဘယ်လို လုပ်ပြီး သောက်သုံးသင့်သလဲ ဆိုတာကလည်း သိထားသင့်တဲ့ အချက်ပါဘဲ။

အန္တရာယ်ကင်းတဲ့ မိုးရေသောက်သုံးခြင်း

သန့်စင်တဲ့ မိုးရေကို သောက်သုံးတာကတော့ စိတ်ဘေးကင်းချရတယ် ဆိုတာ အငြင်းပွားဖွယ် မဟုတ်ပါဘူး။ တကယ်တော့လည်း ကမ္ဘာပေါ်က လူထု တော်တော်များများက မိုးရေကို အဓိက သောက်သုံးရေအဖြစ် သုံးစွဲနေကြရတာပါ။ ဒါပေမဲ့ မိုးရေ သောက်တာက ဘေးကင်းတယ်လို့ ရာနှုန်းပြည့် ယူဆလို့ မရတာကိုတော့ သိထားရမှာပါ။

ရေရဲ့ သဘာဝ အရဖြစ်စေ၊ ပတ်ဝန်းကျင် အခြေအနေအရ ဖြစ်စေ သန့်စင်တဲ့ မိုးရေကနေ ကျန်းမာရေး အတွက် ပြဿနာ ဖြစ်စေတဲ့ အနေအထားကို ရောက်ရှိစေနိုင်ပါတယ်။ ကပ်ပါးပိုးတွေ၊ ဘက်တီးရီဂယားတွေ၊ ဗိုင်းရပ်စ်တွေ ပါဝင်တဲ့ မိုးရေတွေကြောင့် ကူးစက်ရောဂါ ကပ်ကြီးတွေ ကြုံခဲ့ရတာမျိုးလည်း ရှိတတ်ပါတယ်။

တိရိစ္ဆာန် အညစ်အကြေးတွေ၊ ဓာတုပစ္စည်းတွေ ရှိနေတဲ့ နေရာတွေကို ရွာချတဲ့ မိုးရေတွေက သောက်သုံးဖို့ မသင့်လျော်တဲ့ ၊ မစင်ကြယ်တဲ့ ရေတွေ ဖြစ်သွားတာပါဘဲ။ဒါကြောင့် မိုးရေကို ဘေးကင်း စိတ်ချရတဲ့ သောက်သုံးရေ အဖြစ် ပြင်ဆင်ပြီးမှ သောက်သုံးသင့်ပါတယ်။

▪️မိုးရေကို အန္တရာယ်ကင်းအောင် စီမံခြင်း

မိုးရေကို ဘေးကင်း စိတ်ချရစေဖို့ အကြောင်းအချက်တွေ အများကြီးက သက်ဆိုင်နေတာပါ။ ဒေသတခုမှာ မိုး ပမာဏ ဘယ်လောက်ရွာလဲ၊ လေထု ညစ်ညမ်းမှု အခြေအနေ ဘယ်လိုလဲ၊ မိုးရေ ခံယူတဲ့ ပစ္စည်းတွေ နည်းလမ်းတွေက ဘယ်လိုလဲ၊ မိုးရေကို ဘယ်လို သန့်စင်လဲ နဲ့ ဘယ်လို သိုလှောင်လဲ ဆိုတာတွေက အရေးပါလှပါတယ်။

မိုးရေကို ကျိုချက်လိုက်ရုံနဲ့ တချို့သော ဘက်တီးရီးယား ၊ ဗိုင်းရပ်စ် နဲ့ ကပ်ပါးပိုးတွေ ကင်းစင်သွားနိုင်ပေမဲ့ တချို့ ပိုးတွေကျတော့လည်း ဓာတုပစ္စည်းတွေနဲ့ အသေအချာ သန့်စင်မှသာ သောက်သုံးဖို့ စိတ်ချရတဲ့ အခြေအနေကို ရတာပါ။ သတ္တုတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းမျိုးတွေ ကို သန့်စင်ဖို့ကလည်း စနစ်တကျ ရေစစ်တဲ့ နည်းလမ်းတွေ အသုံးပြုရတာပါ။

အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေး အဖွဲ့ကြီးကတော့ မိုးရေကို သောက်သုံးဖို့ ဆိုရင် စစ်တာ၊ ပိုးသတ်တာတွေနဲ့ ပုံမှန် စမ်းသပ်စစ်ဆေးတာမျိုး မလုပ်နိုင်ရင် မသောက်ဖို့နဲ့ ရေချိုး၊ အဝတ်လျှော် ၊ ဆေးကြောတာတွေသာ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

▪️လက်တွေ့ကျတဲ့ အကြံပြုချက်

တိုးတက်တဲ့ နည်းပညာတွေနဲ့ ရှေ့ကို ရောက်နေတဲ့ ကမ္ဘာကြီးမှာတော့ မိုးရေ သောက်သုံးဖို့ရာ အခုလို စဉ်းမျဉ်းစည်းကမ်းတွေ ရှိနေတာကို ဗဟုသုတ ပြောပြခဲ့တာပါ။

တကယ်တမ်း ရွေးချယ်စရာ မရှိတဲ့ အနေအထားမှာ သောက်သုံးစရာကလည်း မိုးရေဘဲ ရှိတယ် ဆိုရင်တော့ အကောင်းဆုံး ဘယ်လို စီမံမလဲ ဆိုတာ တွေးကြည့်မိပါတယ်။

အထူးသဖြင့် တောထဲ၊ တောင်ထဲ ယာယီ အနေအထားတွေမှာ မိုးကျလာချိန် မိုးရေကို အားပါးတရ သောက်သုံးချင်နေသူတွေ အဖို့တော့ အဆင်ပြေနိုင်မယ့် နည်းလမ်းလေးတွေ အကြံပြုချင်ပါတယ်။

- မိုးရေ ခံယူမယ့် အိုးခွက်၊ စည်၊ ကန် စတာတွေကို ပုံမှန် သန့်ရှင်းရေး လုပ်နေသင့်ပါတယ်။

- ခံယူထားတဲ့ မိုးရေကို တိုက်ရိုက် သောက်သုံးတာမျိုး မပြုသင့်ပါဘူး။

- မိုးရေကို ရေစစ်တဲ့ နည်းလမ်း အမျိုးမျိုး အသုံးပြုပြီး စစ်သင့်ပါတယ်။

- အနည်းဆုံးတော့ ကျိုချက်သင့်ပါတယ်။

- မိုးရေ သိုလှောင်ထားချိန်မှာ သေချာစွာ ဖုံးအုပ်ထားတာမျိုး ပြုလုပ်သင့်ပါတယ်။

- အခြေအနေပေးတယ် ဆိုရင်တော့ သိုလှောင်ထားချိန်မှာ ကလိုရင်း ခပ်ပေးတာမျိုး လုပ်ဆောင်သင့်ပါတယ်။

- အဆင်ပြေ ပံ့ပိုးပေးနိုင်တာ ရှိရင်တော့ သောက်ရေဘူးတွေမှာ သန့်စင်ဖို့ သုံးကြတဲ့ ကလိုရင်းဆေးပြားလေးတွေ သုံးနိုင်ပါတယ်။

- အလွယ်ကူဆုံး အနေနဲ့တော့ အချို့ ဖွံ့ဖြိုးမှု နည်းတဲ့ ဒေသတွေမှာ သုံးကြသလို ရေကို သေချာစစ်ပြီး ပလပ်စတစ်ဘူးတွေနဲ့ ထည့်ပြီး နေရောင်ခြည်ထဲမှာ ၆ နာရီလောက် ထားပြီး သောက်သုံးလို့လည်း ရနိုင်ပါတယ်။

အချုပ်အားဖြင့်တော့ မိုးရေက သောက်သုံးနိုင်ပေမဲ့ သေချာ သန့်စင် ပိုးသတ်မှုတွေ လိုအပ်တယ် ဆိုတာရယ်၊ တတ်နိုင်သမျှ ရေစစ်၊ သန့်စင်ပြီးမှ သောက်သုံးကြဖို့ တိုက်တွန်းချင်ပါတယ် ။ ။

ဒေါက်တာကြီး

The Tanintharyi Times