မဲဆောက် က စစ်ဘေးရှောင် နဲ့ တော်လှန်ရေးထောက်ပို့ အဖွဲ့ရုံးကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်း

မဲဆောက် က စစ်ဘေးရှောင် နဲ့ တော်လှန်ရေးထောက်ပို့ အဖွဲ့ရုံးကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်း

Photo - နွေဦးတမန် တော်လှန်‌ရေးထောက်ပို့အဖွဲ့

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ စစ်ဘေးရှောင် နဲ့တော်လှန်ရေးထောက်ပို့ အဖွဲ့တစ်ခုဖြစ်တဲ့ နွေဦးတမာန် ရုံးချုပ် ကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ အဲ့ဒီအဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးနိုင်က Connect Burma ကို ပြောပါတယ်။

စစ်ကောင်စီ ရဲ့တိုင်ကြားချက်ရလို့ဆိုပြီး ထိုင်းအာဏာပိုင်တွေက ဇွန်လ ၁၀ ရက် ညနေ ငါးနာရီခွဲအချိန်ခန့် မှာ နွေဦးတမာန်တော်လှန်ရေးထောက်ပို့အဖွဲ့ ရုံးချုပ် ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို ကိုနွေဦးနိုင်က ဆိုပါတယ်။

နွေဦးတမာန် တော်လှန်ရေးထောက်ပို့အဖွဲ့ ဟာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဖွဲ့စည်းထားပြီး စစ်ကိုင်းတိုင်းအတွင်းက PDF တပ်ဖွဲ့တွေကို အဓိကထား ကူညီနေသလို အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံအတွင်းတရားဝင် အထောက်အထားနဲ့ နေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ထိုင်းအာဏာပိုင်တွေက အထောက်အထားစာရွက်စာတမ်းနဲ့ ဝင်ရောက်လာတာမဟုတ်ဘူး။ စစ်ကောင်စီက တိုင်လို့၊ လိုကေးရှင်းအရ ဒီကိုဝင်လာတာဆိုပြီး သူတို့စကားပြန်က ပြောတယ်။ ရုံးခန်းကဟာတွေ အကုန်ဆွဲဖြုတ်ခိုင်းတယ်။ ထိုင်းအာဏာပိုင် ဥပဒေကိုလည်းလေးစားလိုက်နာပါတယ်။” ကိုနွေဦးနိုင်က Connect Burma ကို ပြောပါတယ်။

ဝင်ရောက်စီးနင်းခံရချိန်မှာ ထိုင်းရဲ၊ အာဏာပိုင်နဲ့ သူကြီးတို့ စုစုပေါင်း ၃၀ ခန့်ပါဝင်ပြီး ရုံးခန်းနံရံမှာ ချိတ်ဆွဲထားတဲ့ သမ္မတဦးဝင်းမြင့်ဓါတ်ပုံ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနဲ့ မြန်မာနိုင်ငံအလံတွေကို သိမ်းယူသွားခဲ့တယ်လို့လည်းသိရှိရပါတယ်။

ဒါ့အပြင် နွေဦးတမန် တော်လှန်‌ရေးထောက်ပို့အဖွဲ့က တာဝန်ခံကိုလည်း ထိုင်းအာဏာပိုင်တစ်ဦးက ခြေထောက်နဲ့ ကန်ကျောက်ခဲ့တယ်လို့ လည်း ကိုနွေဦးနိုင်ကပြောပြပါတယ်။

“ ကျွန်တော်တို့တာဝန်ခံလည်း အေးဆေးဖြုတ်ပေးနေတုန်း ဘာမပြောညာမပြောနဲ့ အနောက်ကနေပြီးတော့ ခြေထောက်နဲ့ကန်ချတယ်” လို့ သူကဆက်ပြောပါတယ်။

ထောက်ပို့အဖွဲ့ဘက်က ဖမ်းဆီးခံရသူတစ်ဦးမှ မရှိခဲ့ပေမယ့် အဲ့ဒီနေရာမှာ ရုံးခန်းအဖြစ် ဆက်ဖွင့်လို့မရတော့ဘူးလို့ လည်း နွေဦးတမန် တော်လှန်‌ရေးထောက်ပို့အဖွဲ့ကထံက သိရပါတယ်။

တိုင်းပြည်ကို စစ်အာဏာရူး‌တွေ မတရားအုပ်ချုပ်နေတဲ့ကာလမှာ ကိုယ့်မြန်မာပြည်က စစ်ဘေးရှောင် ပြည်သူတွေအတွက် ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်း အလုပ်လုပ်နေပြီး ထဲထဲဝင်ဝင် ကူညီလုပ်ဆောင်ပေး နေတာဖြစ်တဲ့အတွက် ရုံးခန်း ဖျက်သိမ်းခံရပေမဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေ အတွက် ထောက်ပို့လုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ နွေဦးတမန် တော်လှန်‌ရေး ထောက်ပို့အဖွဲ့ရုံးတာဝန်ခံက ပြောပါတယ်။

“ကျွန်တော်တို့အိမ်နီးချင်းထိုင်းနိုင်ငံမှာ မှီတင်းနေထိုင်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေတာပါ။ မူးယစ်ရောင်းဝယ်မှုလည်းမရှိဘူး။ လက်နက်ကိုင် ရမ်းကားယုတ်မာတာလည်းမရှိပါဘူး။အခုလိုမျိုး စစ်ဘေးရှောင်များအတွက် ထောက်ပို့ခေါင်းဆောင်တာဝန်ခံတစ်ဦးကို အကြောင်းမဲ့အနိုင်ကျင့်ကန်တာ ကိုတော့ ထိုင်းတာ ဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ရဲ့ လက်ရှိမြန်မာအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုး ရအနေနဲ့ တစ်ခုခုတော့ လုပ်ဆောင်ပေးစေချင်တယ်။ ကျွန်တော်တို့ ရာထူး၊ဂုဏ်‌ ငွေ ဘာအခွင့်အရေးမှ မလိုချင်ပါဘူး။လူ့အခွင့်အရေး တစ်ခုတည်းပဲလိုချင်တယ်” လို့ အဖွဲ့တာဝန်ခံ က Connect Burma ကိုဆက်လက် ဖြေကြားခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေ ရုံးခန်းအတွင်း လာရောက်စစ်ဆေးချိန်မှာ ထောက်ပို့တာဝန်ခံကို ခြေထောက်နဲ့ကန်ခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းကိုနွေဦးတမာန်တော်လှန်ရေးထောက်ပို့အဖွဲ့က ဖုန်းနဲ့ရိုက်ယူထားခဲ့ပေမယ့် အဲ့ဒီမှတ်တမ်းကိုထိုင်းရဲတွေက ဖျက်ခဲ့ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ထိုင်းလုံခြုံရေးအဖွဲ့ဝင် တစ်ဦးကရဲ့ ဗီဒီယို မှတ်တမ်းတွေကတော့ စစ်ကောင်စီထံ ရောက်ရှိသွားတယ်လို့ သိရှိရပါတယ်။

အခုလက်ရှိ အွန်လိုင်းပေါ်မှာပျံ့နေတဲ့ ထိုင်းလုံခြုံရေး နွေဦးတမန် တော်လှန်‌ရေးထောက်ပို့အဖွဲ့ရုံး တာဝန်ခံကို က ခြေထောက်နဲ့ကန်ကျောက်ခဲ့တဲ့ မှတ်တမ်းကိုတော့ စစ်ကောင်စီဘက်က တပ်တွင်းဖရဲသီးတစ်ဦးဆီကနေ ပြန်လည်ရရှိခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံဖြစ်သူ ကိုနွေဦးနိုင်ကပြောပါတယ်။

Connect Burma

The Tanintharyi Times