ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ တရားမဝင် ဝင်ရောက်တဲ့ မြန်မာ ၁၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီမှာ တရားမဝင် ဝင်ရောက်တဲ့ မြန်မာ ၁၇ ဦးဖမ်းဆီးခံရ

ဓာတ်ပုံ - ကန်ချနဘူရီအခြေစိုက်သတင်းဌာန

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲကို တရားမဝင်နယ်စပ်ဖြ​တ်​ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို မနေ့ညက ဖမ်းဆီးခဲ့တယ်လို့ ​​ ဒေသအခြေစိုက် ထိုင်းသတင်းဌာနတွေကဖော်ပြပါတယ်။

မနေ့ကည ၉ နာရီခွဲလောက်မှာ ကန်ချနဘူရီခရိုင်၊ စံခရဘူရီဒေသ ဝင်ပေါက်အနီးကလမ်းဆုံကို ဖြတ်လာတဲ့ အဖြူရောင် ပစ်ကပ်ကားတစ်စီးကို သံသယရှိလို့ စစ်ဆေးဖို့ တားဆီးချိန် ကားကမောင်းပြေးသွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

အဲဒီနောက် ထိုင်းအာဏာပိုင်တွေက ကားနောက်ကိုလိုက်ပြီးဖမ်းဆီးရာမှာ ယာဥ်မောင်းဖြစ်သူကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ရပ်နားထားတဲ့ကားတစ်စီးပေါ်မှာ အပြည့်လိုက်ပါလာတဲ့ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေဟာ ပွဲစားကတဆင့် ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ဖို့အတွက်ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိမှာတော့ ဥပဒေအရအရေးယူနိုင်ဖို့ ရဲစခန်းမှာ စစ်ဆေးမေးမြန်းတာတွေကိုလုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းတွေကတဆင့် သိရပါတယ်။

ထွက်ပြေးသွားတဲ့ ယာဥ်မောင်းဟာလည်း ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ကနဦးသိရှိထားတာကြောင့် ဖမ်းဆီးနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ တရားမဝင်လမ်းကနယ်စပ်ဖြတ်ကျော်ဝင်ရောက်တာမျိုးဟာ တနိုင်ငံလုံးက နယ်စပ်ဒေသ အများစုမှာ ရှိနေတာပါ။

အဲဒီထဲမှာ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရဲ့လမ်းတခုတည်းကနေ ဝင်ရောက်နေတဲ့ ရွေ့ပြောင်းလုပ်သားကား (ခေါ်) ဘော်လုံးကား အရေအတွက်ဟာ တရက်ကို အနည်းဆုံး ၆ စီးလောက်ကနေ အများဆုံးအစီး ၂၀ လောက်အထိရှိတယ်လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

“များတာတော့ များတယ်ဗျ။ အရှေ့တောမှာပဲ တခြားလမ်းကဝင်တာလည်းရှိသေးတယ်။ ကားပေါ်မှာလည်းလူအပြည့်ချည်းပဲ” လို့ ဒေသခံအမျိုးသားကပြောပါတယ်။

အဲဒီကားတွေဟာ တစီးကိုပျဥ်းမျ လူ ၃၀ လောက်အထိတင်ဆောင်လေ့ရှိတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

အခုလ ၁ ရက်နေ့ကလည်း ရနောင်းခရိုင်၊ ကရဘူရီဒေသကို တရားမဝင် ဝင်ရောက်လာတဲ့ကားနှစ်စီးပေါ်က မြန်မာနိုင်ငံသား အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၆ ဦးတို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

ထိုင်းနိုင်ငံကို တရားမဝင်လမ်းကနယ်စပ်ဖြတ်ကျော်ဝင်ရောက်တာကြောင့် ဖမ်းဆီးခံရသူတွေ လစဥ် အရေအတွက် အများအပြားရှိနေပြီး ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာ ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်တာကြောင့် ဖမ်းဆီးခံရသူအရေအတွက် ၂၀၀ ဝန်းကျင်လောက်အထိရှိခဲ့ပါတယ်။

The Tanintharyi Times

The Tanintharyi Times