“တနေ့တာ မြန်မာ”

“တနေ့တာ မြန်မာ”

ဓာတ်ပုံ - Myanmar Now ၊ UWSA

အောက်တိုဘာ ၁၃ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

“ရဲနဲ့ စစ်သား ပစ်သတ်ခံရပြီးနောက် မန္တလေးမှာ ညမထွက်ဖို့ လိုက်သတိပေးနေ”

အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်အချို့မှာ စစ်သားတွေက ညအချိန် အပြင်မထွက်ဖို့ လူစုလူဝေးမလုပ်ဖို့ လိုက်လံအော်ဟစ်သတိပေးနေတယ်လို့ မြန်မာနောင်းသတင်းအရသိရပါတယ်။ ည ၈ နာရီနောက်ပိုင်းမထွက်ဖို့ မာရှယ်လော ထုတ်ထားကြောင်း လိုက်အော်နေခဲ့တာလို့ မြိုခံတစ်ဦးက ပြောပါတယ်။ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်း မရှိဘဲ စစ်တပ်က နှုတ်နဲ့ခြိမ်းခြောက် သတိပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မန္တလေးမြို့တောင်ဘက်ပိုင်းရှိ အမရပူရမြို့နယ်မှာလည်း အထွေထွေအုပ်ချုပ်ရေးရုံး၊ တရားရုံးနဲ့ ရဲစခန်းတို့ တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်က ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ခဲ့ပါတယ်။ မန္တလေးမြို့မှာ ယခုလအတွင်း မြို့ခံ ၁၁ ဦးထက်မနည်း ဖမ်းဆီးခံထားရပါတယ်။

“ ‘ဝ’နယ်က ငွေလိမ်ဂိုဏ်းခေါင်းဆောင် နှစ်ဦးဖမ်းမိရေး တရုတ်က ဆုကြေးငွေထုတ်”

ပေါက်အိုက်ပန်းနဲ့ ရှောက်ရန်ပန်တို့ကို မြန်မာနိုင်ငံမြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်းက အရေးကြီးခေါင်းဆောင်တွေဆိုကာ ဖမ်းမိရေး သတင်းပေးနိုင်ပါက ဆုကြေးငွေ ယွမ်တစ်သိန်းမှ ငါးသိန်းအထိ ပေးမယ်လို့တရုတ်က ကြေညာတဲ့အကြောင်း မြန်မာနောင်းက သတင်းဖော်ပြပါတယ်။ သူတို့နှစ်ဦးက ကျားဖြန့်(ငွေလိန်)ဂိုဏ်းတွေရဲ့ ခေါင်းကိုင်တွေဖြစ်ကြောင်း လုံလောက်တဲ့ သက်သေအထောက်အထားတွေ ရှိကြောင်း တရုတ် အစိုးရရဲ့ အများပြည်သူလုံခြုံရေးဌာနထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။ တရုတ်ဘက်က အလိုရှိနေသူနှစ်ဦးက ဝတပ်ဖွဲ့မှ ခရိုင်မှူးနဲ့ ဗျူဟာမှူးအဆင့်ရှိ ခေါင်းဆောင်တွေဖြစ်ကာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း၊ ဝပြည်အစိုးရအဖွဲ့ရဲ့လှုပ်ရှားမှုတွေမှာ တွေ့ရလေ့ရှိသူတွေဖြစ်ကာ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ အခမ်းအနားတွေမှာလည်း လိုက်ပါလေ့ရှိသူပါ။ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်ဂိုဏ်တွေကို တရုတ်အစိုးရက နိုင်ငံတော်အဆင့် စစ်ဆင်ရေးအဖြစ် သတ်မှတ်ကာ ဖြိုခွင်းနေပြီး၊ တရုတ်ရဲ့ဖိအားပေးမှုကြောင့် စစ်ကောင်စီ အပါအဝင် ကိုးကန့်နဲ့ ‘ဝ’တပ်ဖွဲ့က ဖမ်းဆီးရမိသူတွေကို တရုတ်ထံ လွှဲပြောင်းပေးပို့နေပါတယ်။

“မဏိပူရ်အကျဉ်းထောင်တွေထဲက မြန်မာဒုက္ခသည် နှစ်ရာကျော် ပြန်မလွတ်သေး”

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းရဲ့ နယ်စပ် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲမှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်တယ်ဆိုပြီး အဖမ်းခံထားရတဲ့ မြန်မာဒုက္ခသည် နှစ်ရာကျော် ပြန်မလွတ်သေးဘူးလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။ သူတို့ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကစပြီး နှစ်နှစ်ကျော်အတွင်း အဖမ်းခံရတဲ့သူတွေဖြစ်ပါတယ်။ အင်ဖာအကျဉ်းထောင်ထဲမှာ လက်ရှိ မြန်မာနိုင်ငံသား ၅၅ ယောက်၊ လမ်ကား (Lam Kaa) အကျဉ်းထောင်မှာ ၁၅၀ ကျော်ရှိတယ်လို့ အကူအညီပေးနေသူတွေက ဆိုပါတယ်။ သူတို့အထဲက ဒုက္ခသည်အယောက် ၈၀ ဟာ မဏိပူရ်ပြည်နယ် အစိုးရရဲ့ တရားရုံးတွေကနေ ချထားတဲ့ပြစ်ဒဏ်တွေ ကုန်ဆုံးပြီဖြစ်ပေမယ့် အခုချိန်ထိ ပြန်မလွတ်သေးဘူးလို့ ပြောပါတယ်။

“ကျောက်ဖြူစီမံကိန်းကို အချိန်တိုအတွင်း အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင်ညွှန်ကြား”

ရခိုင်ပြည်နယ်မှာ တရုတ်ရဲ့ အကြီးဆုံးစီမံကိန်းဖြစ်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို အချိန်တိုအတွင်းမှာ အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားထားတယ်လို့ စစ်ကောင်စီ သတင်းစာတွေကို ကိုးကားပြီး RFA က ရေးသားထားပါတယ်။လက်ရှိမှာလည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူမြို့နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို ဆက်သွယ်ဖောက်လုပ်မယ့် ရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံသားတွေ ကွင်းဆင်းပြီး မြေနေရာတိုင်းတာမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ နေအိမ်တွေ၊ ဆိုင်ခန်းတွေ ဖြိုဖျက်ပေးဖို့အတွက် စစ်ကောင်စီက အမိန့်စာတွေလည်း ထုတ်ပြန်ထားပြီး ဒေသခံတွေရဲ့ ဆုံးရှုံးနစ်နာမှုအတွက် လျော်ကြေး ရ၊ မရတော့ တိတိကျကျ မသိရသေးပါဘူး။ အဲဒီရထားလမ်းဟာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကနေတစ်ဆင့် မင်းဘူး၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေကိုဖြတ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့ကို တိုက်ရိုက်ဆက်သွယ်ဖို့ လျာထားတာပါ။

“မိုးကုတ်မှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲဖြစ်”

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ထဲက အထက်ညောင်ကုန်းရွာ နဲ့ အဖြူရောင်ရွာ‌ ကြားမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ပါတယ်။

အထက်ညောင်ကုန်းရွာကို စစ်ကောင်စီရဲ့ ခြေလျင်တပ်တွေဖြစ်တဲ့ ခလရ (၄၄)၊ (၈၈ )၊ (၁၀၂ )၊ (၁၀၄)တို့က အင်အား ၁၅၀ ကျော်နဲ့ ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲဖြစ်ရတာလို့ TNLA က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ လအတွင်း မန္တလေးတိုင်း မိုးကုတ်မြို့ နဲ့ ရှမ်းပြည်နယ် ‌ကျောက်မဲ မြို့ကြားက ကျေးရွာတွေမှာ TNLA နဲ့ စစ်တပ်ကြား ဆက်တိုက် တိုက်ပွဲ တွေပြင်းထန်ခဲ့ပြီး အခုလထဲမှာတော့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားထားပြီလို့ သိရပါတယ်။

TNLA ရဲ့ စာရင်း‌အရ အခုနှစ် ဇူလိုင်လ ကစလို့ ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုက်ပွဲ အကြိမ် ၇၀ အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှု အကြိမ်ရေ ၄၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

The Tanintharyi Times