တပ်သားသစ်ခေါ်ယူနေတဲ့ တနင်္သာရီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ လာရောက်ဆက်သွယ်သူတွေ ရှိနေပြီလို့ တာဝန်ရှိသူတွေပြော
တပ်သားသစ်ခေါ်ယူနေတဲ့ တနင်္သာရီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ လာရောက်ဆက်သွယ်သူတွေ ရှိနေပြီလို့ တာဝန်ရှိသူတွေပြော
စစ်ကောင်စီက စစ်မှုထမ်းဥပဒေအတည်ပြုကြောင်း ကြေညာပြီးနောက်မှာ တပ်သားသစ် ခေါ်ယူတာတွေ လုပ်ဆောင်လာတဲ့ တနင်္သာရီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ်လာသူတွေ ရှိနေပြီလို့ တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
အသက် ၁၈ နှစ်ပြည့်ပြီးသူ လူငယ် အမျိုးသမီးနဲ့ အမျိုးသားတွေ အနည်းဆုံး နှစ်နှစ်စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ကောင်စီက အခုလ ၁၀ ရက်နေ့မှာ အတည်ပြုကြောင်းကြေညာပြီး နောက်တနေ့မှာပဲ တိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့က တပ်သားသစ် ဖိတ်ခေါ်စာတွေ ကြေညာခဲ့ကြပါတယ်။
ကံပေါက်ဒေသမှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒေါနစစ်ကြောင်း(တပ်ခွဲ ၄)၊ ထားဝယ်ခရိုင် တပ်ရင်း ၂၊ မြိတ်ခရိုင်တပ်ရင်း ၂နဲ့ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တပ်သားသစ် ခေါ်ယူကြောင်း ကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့တာပါ။
တပ်သားသစ်ခေါ်ယူကြောင်းကြေညာပြီး တစ် ရက်အတွင်းမှာပဲ KBDF ဒေါန (တပ်ခွဲ ၄) ကိုလာရောက်ဆက်သွယ်သူ အယောက် ၃၀ လောက်အထိရှိနေပြီလို့ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)ရဲ့ တာဝန်ခံက ပြောပါတယ်။
“တော်လှန်ရေးပေါ်သစ္စာစောင့်သိပြီး သတ်မှတ်ချက်တွေနဲ့ပြည်ဝတဲ့သူဆိုရင် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့လာခဲ့လည်းရတယ်။ တက်နိုင်သလောက်ဖြည့်ပေးဖို့ရှိတယ်။ ကျနော်ကတော့ အခုအချိန်မှာ တိုင်းပြည်ရဲ့စနစ်အပြောင်းအလဲအတွက် ဝိုင်းကြိုးစားစေချင်တယ်” လို့ KBDF တာဝန်ခံကပြောပါတယ်။
လူငယ်တွေအနေနဲ့ သေနတ်ကိုင်ဖို့တစ်ခုတည်းအတွက် မဟုတ်ဘဲ ကိုယ်တက််ကျွမ်းတဲ့ကဏ္ဍအလိုက် တာဝန်ထမ်းဆောင်နိုင်တယ်လို့လည်း တာဝန်ခံက ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် တပ်ရင်း-၂ကလည်း စစ်မှုထမ်းဥပဒေအတည်ပြုကြောင်း ကြေညာပြီးနောက်မှာ လာရောက်ဆက်သွယ်လာသူ ၅၀ ကျော် ၆၀ လောက်အထိရှိနေပြီလို့ တပ်မှူးကိုမင်းထက်က ပြောပါတယ်။
“လက်ရှိလူငယ်တွေမှာ ရွေးစရာက သိပ်မရှိတော့ဘူးလို့မြင်တယ်။ ပြည်ပထွက်မလား၊ တော်လှန်ရေးစိုးမိုးနယ်မြေတွေကို သွားမလား၊ လက်နက်ကိုင်တော်လှန်ရေးထဲကိုဝင်မလားပေါ့။ အဲဒီထဲကရွေးချယ်စရာတစ်ခုအဖြစ် ခေါ်ယူရတာဖြစ်ပါတယ်” လို့ တပ်မှူးကိုမင်းထက်က ပြောပါတယ်။
ထားဝယ်ခရိုင် တပ်ရင်း-၂ရဲ့ တပ်မှူး ကိုမင်းထက်ကတော့ စစ်သားစုတဲ့ပုံစံမျိုးမဟုတ်ဘဲ လာရောက် ပူးပေါင်းပါဝင်ဖို့နဲ့ တတ်ကျွမ်းတဲ့ အပိုင်းအလိုက် တော်လှန်ရေးမှာပါဝင်ဖို့ ခေါ်ယူတာဖြစ်တယ်လို့ ဆိုပါတယ်။
တပ်သားအသစ် လျှောက်ထားသူတွေဟာ အသက် ၁၈ နှစ်ကနေ ၃၀ အတွင်းရှိတဲ့ ကျန်းမာရေးကောင်းမွန်သူ၊ ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်နိုင်သူ၊ ကာကွယ်ရေးဝန်ကြီးဌာနကချမှတ်ထားတဲ့ မူဝါဒလမ်းညွန်ချက်နဲအကျင့်ဝတ်တွေကိုလိုက်နာနိင်သူ စတဲ့အချက်တွေနဲ့ကိုက်ညီရမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
တပ်သားသစ်အဖြစ်လျှောက်ထားချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာအဖွဲ့တွေရဲ့ ဖေ့ဘုတ် မက်စင်ဂျာကနေ ဆက်သွယ်နိုင်တယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)ကတော့ ပြည်သူတွေအနေနဲ့ကြားနေအဖြစ် မရပ်တည်ဘဲ တဖက်ဖက်ကိုမဖြစ်မနေကပ်ရမယ့် အခြေအနေကိုရောက်ရှိနေတာကြောင့် စစ်ကောင်စီလက်အောက်မှာမှာ စစ်မှုထမ်းမယ့်အစား ပြည်သူ့ထောက်ခံမှုနဲ့ နွေးထွေးမှုအပြည့်အဝ ရရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုဆက်သွယ်ပြီး တော်လှန်ရေးတပ်သားအဖြစ်ခံယူကြဖို့ တိုက်တွန်းထားပါတယ်။
တော်လှန်ရေး ရဲဘော်တွေကတော့ နောက်ထပ်ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း အခုလိုဖိတ်ခေါ်စာတွေ ထုတ်ပြန်လာဖို့ရှိတယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း တပ်သားသစ်ဖိတ်ခေါ်တာမျိုးကို တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အများအပြားကလည်း အပြိုင်အဆိုင်လုပ်ဆောင်နေပါတယ်။
စစ်မှုထမ်းဥပဒေထွက်ပြီးနောက်မှာ ပြည်သူတွေကြားထဲ စိုးရိမ်မှုတွေမြင့်တက်နေသလို အများစုက စစ်မှုထမ်းရမယ့်အခြေအနေကို ရှောင်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်းက မြို့တချို့မှာ ညဘက်လမ်းသွားလမ်းလာလူငယ်တွေ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေလည်း အခုရက်ပိုင်းမှာ ပျံ့နှံ့နေပါတယ်။
The Tanintharyi Times
