မြန်မာလူငယ်တွေ အနာဂတ်မဲ့တဲ့ အခြေအနေဆိုးနဲ့ ကြုံနေရတယ်လို့ ဦးကျော်မိုးထွန်းပြော
မြန်မာလူငယ်တွေ အနာဂတ်မဲ့တဲ့ အခြေအနေဆိုးနဲ့ ကြုံနေရတယ်လို့ ဦးကျော်မိုးထွန်းပြော

မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်တပ်ရဲ့ အတင်းအကြပ် စစ်သားစုဆောင်းရေးကြောင့် အနာဂတ်မဲ့တဲ့ အခြေအနေဆိုးနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
လက်ရှိအခြေအနေမှာ မြန်မာလူငယ်တွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ ပိုဆိုးရွားလာပြီး တချို့က ပုန်းရှောင်နေရ ကာ တချို့က ပြည်ပနိုင်ငံကို ထွက်ပြေးနေကြရတယ်လို့ ဦးကျော်မိုးထွန်းကဆိုပါတယ်။
ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကောင်စီက ပြုလုပ်တဲ့ ၂၀၂၄ လူငယ်ဖိုရမ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက်ဆွေးနွေးစဉ်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ လူငယ်ဖိုရမ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာလူငယ်တွေဟာ စစ်အာဏာရှင်ကျဆုံးရေးနဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် ရှေ့တန်းမှာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး လူငယ်အားလုံးကို ကျေးဇူးတင်ရှိကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။
လူငယ်တွေကို မြေတောင်မြှောက်ပေးတဲ့ ပတ်ဝန်းကျင်ကောင်းတရပ် တည်ဆောက်ပေးဖို့ အဓိကကျပေမယ့် မြန်မာနိုင်ငံမှာတော့ တရားမဝင်အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ စပြီး မြန်မာလူငယ်လူရွယ်တွေဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ဆင်းရဲနွမ်းပါးမှုတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
၂၀၂၃ မှာ မြန်မာနိုင်ငံတဝှမ်းရှိ ကလေးငယ်ဦးရေ ထက်ဝက်ကျော်ဟာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ကျရောက်နေသလို ၁၂ ဒသမ ၉ သန်းသော ပြည်သူတွေဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး ၁၈ ဒသမ ၆ သန်းသော ပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာလူငယ်တွေရဲ့ မျှော်မှန်းချက်တွေကို မမေ့လျော့ကြဖို့နဲ့ 2030 Agenda ကို ဗဟိုပြုတဲ့ “မည်သူတဦးတယောက်ကိုမျှ မချန်လှပ်ရေး” မူဝါဒအတိုင်း လိုအပ်တဲ့ ထိရောက်သောအရေးယူမှုတွေကို အလျင်အမြန်ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။
The Tanintharyi Times