မေဒေးနေ့ အထိမ်းအမှတ် ဖူလုံတဲ့ လုပ်ခလစာ ရရှိရေးအတွက် မြန်မာအလုပ်သမားတွေ တောင်းဆို
မေဒေးနေ့ အထိမ်းအမှတ် ဖူလုံတဲ့ လုပ်ခလစာ ရရှိရေးအတွက် မြန်မာအလုပ်သမားတွေ တောင်းဆို

၁၃၄ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) နေ့ အထိမ်းအမှတ်အနေနဲ့ ဖူလုံတဲ့ လုပ်ခလစာ ရရှိရေးအတွက် တောင်းဆိုကြတဲ့ လှုပ်ရှားမှုတရပ်ကို မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် NLF-Myanmar က ဦးဆောင်ပြုလုပ်နေပါတယ်။
အဆိုပါ အွန်လိုင်းကမ်ပိန်းမှာ ဖူလုံတဲ့ လုပ်ခလစာအပြင် ကောင်းမွန်တဲ့ လုပ်ငန်းခွင်ဖြစ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ ဆိုတဲ့ တောင်းဆိုချက်တွေကို ထည့်သွင်းတောင်းဆိုနေတာ ဖြစ်ပါတယ်။
မြန်မာပြည်က အလုပ်သမားတွေအတွက် ၂၀၁၈ ကတည်းက သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်ဟာ အခုထိ အချိန် ၆ နှစ်အတွင်းမှာ ပြောင်းလဲသတ်မှတ်ပေးတာ မရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ စားဝတ်နေရေး များစွာ ခက်ခဲတယ်လို့ မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် NLF-Myanmar တွဲဖက် ဥက္ကဌ မတင်တင်ဝေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
“၂၀၁၈ က ပြဌာန်းထားတဲ့ အလုပ်သမား လုပ်ခလစာ ၂ နှစ်တကြိမ် ပြောင်းလဲရမယ်ဆိုပေမယ့် မပြောင်းလဲဘူး၊ ၂၀၂၃ မှာတော့ ထောက်ပံ့ကြေးဆိုပြီးတော့ ၁ ရက်ကို ၁၀၀၀ ကျပ်နဲ့ ပေးတော့ ၅၈၀၀ ဖြစ်သွားမှာပေါ့နော်၊ ဒါပေမယ့် အဲဒီ ၅၈၀၀ နဲ့ကလည်း အလုပ်သမားတွေရဲ့ စားဝတ်နေရေးနဲ့ နေထိုင်မှုစရိတ်တွေက လုံးဝလုံလောက်မှုမရှိဘူး၊ ဒီလုပ်အားခအပေါ် မှီခိုနေတဲ့ မိသားစုတွေ အသက်မသေရုံပဲ အလူးအလဲခံနေရတယ်” လို့ မတင်တင်ဝေက ပြောပါတယ်။

အနည်းဆုံးအခကြေးငွေ ဥပဒေအရ အနည်းဆုံး လုပ်ခလစာကို ၂ နှစ်တကြိမ် ခေတ်နဲ့ လျော်ညီတဲ့ နှုန်းထားတခုအဖြစ် သုံးသပ်ကာ ပြောင်းလဲပေးဖို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။
အာဏာသိမ်းကာလနောက်ပိုင်းမှာ အလုပ်သမားတွေဟာ သမဂ္ဂဖွဲ့စည်းခွင့်လည်း ပိတ်ပင်ခံလိုက်ရသလို အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
၂၀၂၁ နောက်ပိုင်းမှာ အလုပ်သမားတွေဟာ အကြောင်းမဲ့ အလုပ်ထုတ်ခံရတာ၊ လုပ်ခလစာ ဖြတ်တောက်ခံရတာ၊ အခကြေးငွေ မပေးဘဲ အချိန်ပို ဆင်းခိုင်းတာ၊ အတင်းအဓမ္မအလုပ်ခိုင်းတာ၊ အမျိုးသမီးတွေကို မီးဖွားခွင့်မမေးတာ၊ အမျိုးသမီးတွေ လုပ်ငန်းခွင်အတွင်း အဓမ္မပြုကျင့်ခံရတာ စတဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ NLF-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်ထဲမှာတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေနဲ့ လုပ်ခလစာမလုံလောက်တဲ့ ပြဿနာကြောင့် မြန်မာပြည်က အလုပ်သမားတွေဟာ ပြည်ပနိုင်ငံတွေဆီကို ရွှေ့ပြောင်းလုပ်သားအဖြစ် များစွာ ထွက်ခွာနေကြပြီး စက်ရုံ အလုပ်ရုံ အများစုမှာတော့ အလုပ်သမားရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ NLF-Myanmar တွဲဖက် ဥက္ကဌ မတင်တင်ဝေက ဆိုပါတယ်။
“ပြည်တွင်းက အလုပ်သမား နည်းသွားတယ်၊ အလုပ်သမားရှားပါးလာတယ်၊ လုပ်ငန်းခွင်မှာဆိုရင် အလုပ်သမားတယောက်ကို ခေါ်လာရင် ပိုက်ဆံ ၃ သောင်းတို့ ဆီတဗူးတို့ ဆီ ၅၀ သားတဗူးတို့ပေါ့နော် ပိုက်ဆံ ၆ သောင်းပေးမယ် ဆိုပြီး အဲဒါမျိုးတွေ ခေါ်လာတာလည်း တွေ့ရတယ်ပေါ့နော်” လို့ မတင်တင်ဝေက ပြောဆိုပါတယ်။
အလုပ်ရှင်တွေဘက်ကတော့ သူတို့ အကျိုးအမြတ်ရဖို့တခုကိုသာ ဦးစားပေး လုပ်ဆောင်နေဆဲ ဖြစ်ပြီး အလုပ်သမားတွေဟာ လုပ်ခလစာ ၅ ထောင်ကျပ်၊ ၁ သောင်းကျပ် စသဖြင့် လစာ အနည်းအကျဉ်း ပိုပေးနိုင်တဲ့ စက်ရုံတွေဆီကို တရုံကနေ တရုံ ကူးပြောင်းလုပ်ဆောင်နေတဲ့နည်းနဲ့ပဲ စားဝတ်နေရေးအတွက် ရေတိုဖြေရှင်းနေရတာ ဖြစ်ပါတယ်။
အလုပ်သမားအရေးကူညီဖြေရှင်းပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အလုပ်သမားတွေရဲ့ အခက်အခဲကို ဖြေရှင်းနည်း အကြံပြုချက်လောက်သာ ပေးနိုင်တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့က စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အလုပ်ရှင်တွေ လုပ်ငန်း အစုအဖွဲ့တွေကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ထားတာ ရှိပေမယ့် ပြည်တွင်းရှိ အလုပ်သမားတွေက သူတို့ရဲ့ လုံခြုံရေးအခြေအနေကြောင့် ဝန်ကြီးဌာနတွေနဲ့ ဆက်သွယ်တာမျိုး မလုပ်ဆောင်ရဲဘူးလို့ အလုပ်သမားအရေး လုပ်ဆောင်နေသူတွေဆီကနေ သိရပါတယ်။

The Tanintharyi Times