ရနောင်းလဝကအချုပ်မှာ အချုပ်သားတွေကို ထုတ်ပေးမယ်ဆိုပြီး ငွေကြေးလိမ်လည်တာတွေရှိနေ

ရနောင်းလဝကအချုပ်မှာ အချုပ်သားတွေကို ထုတ်ပေးမယ်ဆိုပြီး ငွေကြေးလိမ်လည်တာတွေရှိနေ

ပုံစာ - ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (ပုံဟောင်း)

ထိုင်းနိုင်ငံ ရနောင်းခရိုင် လဝကထိန်းသိမ်းရေးစခန်းကမြန်မာတွေကို အချုပ်ထဲကနေ ထုတ်ပေးမယ်လို့ဆိုပြီး မိသားစုဝင်တွေဆီကနေ ငွေကြေးလိမ်လည်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရနောင်းမြို့နေ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အချုပ်သားမိသားစုဝင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ခရိုင် မြို့နယ် အသီးသီးမှာ အထောက်အထားမရှိလို့ အဖမ်းခံရသူအပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာဘက်သို့ပြန်မလွှတ်ခင်မှာ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ချုပ်ထားလေ့ရှိပါတယ်။

ငွေကြေးလိမ်လည်သူတွေဟာ ရနောင်းလဝကထိန်းသိမ်းရေးစခန်းမှာ အချုပ်ခံထားရသူတွေကို လာတွေ့တဲ့ မိသားစုဝင်တွေကို အဓိကပစ်မှတ်ထားပြီး လိမ်လည်နေတာဖြစ်တယ်လို့ ရနောင်းမြို့နေ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူဆီကသိရပါတယ်။

“ သူတို့က အချုပ်သားဆီသွားတွေ့တဲ့ မိသားစုဝင်တွေကို အထဲကလူရဲ့ ဓါတ်ပုံတွေလာပြကြတယ်။ ပြီးရင် အထဲမှာ နေမကောင်းဘူး၊ အဆင်မပြေဘူး အဲ့လိုတွေ ပိုစိုးရိမ်အောင်ပြောပြောပြီး ပိုက်ဆံပေးပြီး ထုတ်လို့ရတယ် သူတို့ကိုပွဲစားခပဲပေးလို့ပြောပြီး လိမ်ကြတာကို ခဏခဏတွေ့လာရတယ်” လို့ ရနောင်းမြို့နေ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက တနင်္သာရီတိုင်းမ်ကို ပြောပြပါတယ်။

အခုလိုမျိုး အချုပ်သားမိသားစုဝင်တွေဆီက ငွေကြေးလိမ်လည်တာတွေကို ပြီးခဲ့တဲ့ ဧပြီလကစလို့ ပိုပြီးခပ်စိပ်စိပ် တွေ့လာရတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

အရင်ကတည်းက အခုလိုမျိုးလိမ်လည်တာတွေရှိပေမဲ့ အခုလပိုင်းတွေထဲမှာတော့ ငွေကြေးအလိမ်ခံရကြောင်းလာပြောသူ ဒါမှမဟုတ် ပိုက်ဆံနဲ့ အချုပ်ထဲက ထုတ်လို့ရနိုင်လားဆိုပြီး လာရောက်ဆွေးနွေးသူဟာ ဆယ်ဂဏန်းအထိ ရှိလာတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပြပါတယ်။

“ ကျမတို့ကတော့ လူမှုကွန်ရက်စာမျက်နှာတွေမှာ သတိပေးစာတွေအမြဲတင်ပေးလေ့ရှိပါတယ်။ တကယ်တော့ ထိုင်းဘက်မှာချုပ်မိနေတုန်း ပိုက်ဆံနဲ့ ထုတ်လို့ရတယ်ဆိုတာမျိုးက လုံးဝမရှိပါဘူး။ အလိမ်ခံရသူတွေကလည်း လွတ်ချင်ဇောနဲ့ ရမလားဆိုပြီး ယုံကြတာပေါ့” လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

အခုလပိုင်းထဲမှာ မိသားစုဝင်ကို အချုပ်ကပြန်လွတ်နိုင်ဖို့အတွက် အချို့မြန်မာပွဲစားတွေကို ပိုက်ဆံပေးရင်း ဘတ်နှစ်သောင်းကနေ ငါးသောင်းအထိ အလိမ်ခံရသူတွေလည်းရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူအမျိုးသမီးက ဆက်ပြောပြပါတယ်။

ရနောင်းလဝကထိန်းသိမ်းရေးစခန်းမှာ အချုပ်ကျနေတဲ့ အကိုဖြစ်သူကို ပွဲစားအချို့က ပြန်ထုတ်ပေးမယ်ပြောတာကြောင့် ပြီးခဲ့တဲ့ဧပြီလထဲမှာ ထိုင်းဘတ်ငွေ ငါးထောင်ကစလို့ ဘတ်တစ်သိန်းနီးပါးအထိပေးခဲ့ရပေမဲ့ အကိုဖြစ်သူလည်း ပြန်လွတ်လာခြင်းမရှိသလို ပိုက်ဆံလည်းဆုံးရှုံးခဲ့တယ်လို့ ငွေကြေးလိမ်လည်ခြင်းခံခဲ့ရသူတစ်ဦးဆီက သိရပါတယ်။

“ သူတို့ကတော့ လုပ်ပေးပေမဲ့ မရတော့တာလို့ပြောတယ်။ ကျမတို့မှာငွေလည်းဆုံး လူလည်း မထွက်လာ ဖြစ်တာပေါ့။ နားလည်တဲ့သူတွေနဲ့ လိုက်တိုင်ပင်ကြည့်တော့မှ အဲ့လိုထုတ်လို့မရဘူးဆိုတာ သိရတယ်ရှင်။ လောလောဆယ်တော့ သူတို့ကို တိုင်ဖို့အတွက် ကြိုးစားနေပါတယ်” လို့ ငွေလိမ်ခံခဲ့ရတဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

အခုလိုမျိုး မြန်မာနိုင်ငံသားအချုပ်သားတွေရဲ့ မိသားစုဝင်တွေဆီမှာ ငွေကြေးလိမ်လည်မှုတွေဟာ ရနောင်းလဝကထိန်းသိမ်းရေးစခန်းမှာသာမဟုတ်ဘဲ ထိုင်းနိုင်ငံနေရာအနှံ့က အချုပ်တွေမှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WAG အဖွဲ့ တာဝန်ခံက ဆိုပါတယ်။

အထောက်အထားမရှိလို့ ဖမ်းဆီးခံပြီးအချုပ်ကျခံနေရသူတွေဟာ လွတ်ရက်မပြည့်မချင်း ပြန်လည်ထုတ်ယူလို့ မရနိုင်ဘူးလို့ WAG အဖွဲ့ တာဝန်ခံကိုမုန်တိုင်းက ပြောပါတယ်။

ဒါကြောင့်မို့ ပြန်ထုတ်ပေးဖို့အတွက် ပိုက်ဆံတောင်းသူတွေဟာ ငွေကြေးလိမ်လည်သူတွေဖြစ်ပြီး မြန်မာလုပ်သားတွေအနေနဲ့ အထူးသတိထားဖို့လိုအပ်တယ်လို့ သူကဆက်ပြောတယ်။

အခုလိုမျိုး ငွေကြေးအလိမ်ခံရပြီဆိုရင်လည်း မိမိကိုလိမ်သွားတဲ့ပွဲစားရဲ့ အမည်နဲ့ ပတ်စပို့နံပါတ်ကိုသိထားရင် သက်ဆိုင်ရာမြို့နယ်ရဲ့ နယ်မြေပုလိပ်ရုံးတွေမှာ အမှုဖွင့်နိုင်ပါတယ်လို့ ကိုမုန်တိုင်းကရှင်းပြပါတယ်။

The Tanintharyi Times