“အရင်ကဆို တော်လှန်‌ရေးဖွဲ့တွေမြင်ရင်ပျော်တယ်။ အခုက တည့်တည့်ကြည့်မရဲတော့ဘူး”

“အရင်ကဆို တော်လှန်‌ရေးဖွဲ့တွေမြင်ရင်ပျော်တယ်။ အခုက တည့်တည့်ကြည့်မရဲတော့ဘူး”

တော်လှန်ရေးတပ်တွေဘက်က အရပ်သားတွေကို သံသယနဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တဲ့ဖြစ်စဥ်တွေဟာ အခုနောက်ပိုင်းမှာ တဖြည်းဖြည်းများလာနေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတစ်လတည်းမှာ ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ရွာမှာရှိတဲ့ KTLA နဲ့ KNLA စစ်ဆေးရေးဂိတ်တွေက အရပ်သားငါးဦးကို ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့ပါတယ်။ အခုလမှာလည်း ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက KTLA ရဲ့ စစ်ဆေးရေးဂိတ်အနီးမှာ သတ်ဖြတ်ခံထားရတဲ့ အ‌လာင်းသုံးလောင်းကို တွေ့ရှိခဲ့ပါတယ်။ အလားတူ တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကိုင်မဟုတ်တဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး အကြောင်းအရာတစ်စုံတစ်ရာမထုတ်ပြန်တဲ့ တခြားဖြစ်စဥ်တွေလည်း တနင်္သာရီတိုင်းအတွင်းမှာ အများအပြားရှိခဲ့ပါတယ်။

အဲဒီလိုဖြစ်စဥ်တွေကြောင့် စစ်ရေးပဍိပက္ခဖြစ်နေတဲ့နေရာတွေ၊ တော်လှန်ရေးတပ်ရဲ့ဂိတ်တွေကို ဖြတ်သန်းသွားလာနေတဲ့သူတွေအနေနဲ့ ဘာတွေ ကြုံနေရလဲ၊ သူတို့ဘာတွေကို စိုးရိမ်နေကြလဲဆိုတာနဲ့ တော်လှန်ရေးတပ်တွေကို ဘယ်လိုဖြစ်စေချင်နေကြလဲဆိုတာတွေကိုသိရဖို့ စစ်ဆေးရေးဂိတ်တွေကို ပုံမှန်ဖြတ်သန်းသွားလာနေရတဲ့ ဒေသခံတချို့ကို မေးမြန်းပြီး တောင်ပိုင်းသားတို့အသံအစီအစဥ်ကနေ ဖော်ပြလိုက်ပါတယ်။​

(တောင်ပိုင်းသားတို့အသံ)

အ‌ရှေ့တော ဒေသခံလူငယ်အမျိုးသမီး

မေး - အစ်မတို့ သွားလာနေကျ လမ်းတွေမှာ တော်လှန်ရေးဂိတ်တွေကို ဖြတ်သွားရလား။ အဲဒီဂိတ်တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ဂိတ်တွေလား၊ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ဂိတ်တွေလား။

ဖြေ - ဖြတ်ရတာတော့ တိုင်းရင်းသားလက်နက်ကိုင်ဂိတ်ရော၊ PDF ဂိတ်တွေရောပဲ။ ထားဝယ်ကနေ ရွာအထိဆိုရင် ကော်သူးလေအာမီနှစ်ဂိတ် PDF နှစ်ဂိတ်လောက်ကိုဖြတ်ရတယ်။ KNU ဂိတ်ကတော့ ရွာကိုသွားတဲ့လမ်းမှာ မရှိဘူး။

မေး - အဲဒီဂိတ်တွေက ဘယ်လိုအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းတာလဲ။ ဘယ်လိုအထောက်အထားတွေ ပြရလဲ။ ပိုက်ဆံရော ကောက်လား။

‌ဖြေ - ဆိုင်ကယ်တွေ၊ သုံးဘီးတွေ ဆိုရင်သိပ်မစစ်ဘူး။ PDF ဂိတ်တွေဆိုရင် ပစ္စည်းစစ်တယ်၊ အရက်တွေစစ်တယ်။ ကားသမားတွေကိုတော့ ပစ္စည်းမှာလိုက်တာမျိုးပဲရှိတယ်။ KTLA ဂိတ်တွေကတော့ တော်တော်စစ်တယ်။ ပစ္စည်းကိုသိပ်မစစ်ဘူး၊ လူကိုမှတ်ပုံတင်ပြခိုင်းတယ်၊ အမျိုးမျိုးမေးတယ်။ စစ်တာကလည်း အရမ်းကိုကြမ်းတမ်းတယ်။ ဗျောတောဝဂိတ်က စစ်သားတွေစစ်တဲ့ပုံစံအတိုင်းကို လုပ်တာ။ ဗျောတောဝမှာ စစ်သားက ဓားမြှောင်ကိုင်ပြီး ကားပေါ်တက်တယ်၊ ပစ္စည်းတွေကို ဓားနဲ့ထိုးခွဲတယ်။ သူတို့လည်းဒီလိုပုံစံပဲ။ စစ်တပ်အချိုးစစ်စစ်လုပ်တယ်။

မေး - တော်လှန်ရေးဂိတ်တချို့ က အခုနောက်ပိုင်း အရပ်သားတွေအပေါ်မှာ အာဏာပြဆက်ဆံတာ၊ ဟိန်းဟောက်တာတွေ လုပ်လာတယ်လို့ အသံထွက်လာတာမျိုးရှိတယ်။ အဲဒီလို ကြုံရတာမျိုးရှိလား။

ဖြေ - KTLA ဂိတ်ကရိုင်းတာတော့ အမှန်ပဲ။ ကျမဆိုရင် ထိကပါးရိကပါးပြောတာခံရဖူးတယ်။ အဲဒီတုန်းက ဒေါသလည်းထွက်တယ်၊ ကြောက်လည်းကြောက်တယ်။ အဲလိုလုပ်နေတဲ့ထဲ အသက်တွေက ၁၆ နှစ်တောင်မပြည့်သေးတဲ့ အရွယ်တွေပါတယ်။ သေနတ်နဲ့ လူနဲ့ကတစ်ရွယ်တည်းပဲ။ စကားပြောတာ အရမ်းရိုင်းတယ်။ ပြောပြရင်လည်း နားမလည်ဘူး။ ဒီအကြောင်းတော့ ပြောကို မပြောချင်တော့ဘူး။ ဖြစ်နေတာကြာပြီ။ တဖြည်းဖြည်း ပိုတောင်ဆိုးလာသေးတယ်။ အဲဒီဂိတ်တွေက လူပြောတအားများနေပြီ။

မေး - အခုနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်ဂိတ်တွေနဲ့ စစ်ရေးပဋိပက္ခနယ်မြေတွေမှာ အရပ်သားတွေ ဖမ်းဆီးခံရတာနဲ့ သတ်ဖြတ်ခံရတာတွေရှိလာတယ်။ အဲဒီအပေါ်ဘယ်လိုမြင်လဲ။

ဖြေ - သတ်တာကတော့ ခေါင်းစဥ်အမျိုးမျိုးပဲ။ အဓိကကတော့ စိစစ်မှုနည်းလာတယ်။ အချိန်ကြာလာတာနဲ့ အမျှပိုပိုဆိုးလာတာပဲ။ မကျေနပ်တဲ့သူကတိုင်လို့ ပုဂ္ဂိုလ်ရေးမကျေနပ်လို့ ဆိုပြီး သတ်ခံရတာတွေရော။ လူတွေက မလုံခြုံတော့ဘူး။

မေး - အခုလထဲမှာပဲ အရှေ့တောက KTLA ရဲ့စစ်ဆေးရေးဂိတ်နားမှာ အသတ်ခံထားရတဲ့ အမျိုးသားအလောင်းသုံးလောင်း တွေ့တဲ့ဖြစ်စဥ်ရှိတယ်။ ဒီအကြောင်းရော ဒေသခံတွေကြားမှာ ဘာပြောကြလဲ။

ဖြေ - ခဲသတ္တုလုပ်တဲ့ သူတွေလို့သတင်းထဲဖတ်ရတော့ ခဲလုပ်တဲ့သူအချင်းချင်းတိုင်လိုက်လို့ ဖမ်းပြီး အသတ်ခံရတာလားပေါ့။ ဘာကြောင့် အသတ်ခံရတယ်ဆိုတာတော့ ကျမသေချာတော့ မပြောတတ်ဘူး။ အရပ်သားတွေ ဆိုတော့ အရပ်သားတွေပဲ ခံရပြန်ပြီပေါ့။ အသတ်ခံရတဲ့ ကိစ္စ KTLA ကဖမ်းသွားတာဆိုတော့ သူတို့ပဲပေါ့။ ဒေသခံတွေကတော့ ဒါတွေကိုအဓိကခံနေရတဲ့သူတွေဖြစ်တော့ ခံနေရုံပဲ‌ပေါ့။ ဖြစ်စေချင်တဲ့ ပုံစံကတော့ရှိတာပေါ့။ ဒါပေမဲ့ သူတို့ဘာမှမတတ်နိုင်တဲ့ ကိစ္စပဲဆိုတော့ ခံနေကြတာပဲပေါ့။ ကြောက်စရာကောင်းတာတွေကိုတော့ သူတို့က အသိဆုံးပေါ့။

မေး - အဲဒီလို သတ်ဖြတ်တာတွေ ရှိလာပြီးတဲ့နောက်ပိုင်း အစ်မတို့အနေနဲ့ သွားလာရတဲ့အချိန် စိုးရိမ်တာမျိုးရှိလား။ ဘာတွေ စိုးရိမ်နေရလဲ။

ဖြေ - စိုးရိမ်စိတ်ရှိတာပေါ့။ အရင်ကဆိုတော်လှန်ရေးအဖွဲ့တွေက တစ်ရာရာခိုင်နှုန်းမှန်တယ်လို့ စိတ်ချထားတယ်။ တခြားလူတွေနဲ့ အတိုက်အခံလုပ်ပြီးနေတယ်။ အခုက အဲလိုမဟုတ်တော့ဘူ။ ကြောက်စိတ်တွေဖြစ်နေပြီ။ ကိုယ်က ဘာမှမလုပ်တော့ အများကြီးတော့မကြောက်ဘူးဆိုပေမဲ့ စိုးရိမ်စိတ်ကတော့ အများကြီးပဲ။ ဆင်ခြင်ပြီးနေနေတာပါ။ တော်လှန်ရေးဂိတ်တွေလည်း စိတ်မချတဲ့စိတ်ဖြစ်သွားတာ။ ဥပမာ ဖုန်းစစ်ခဲ့လို့သူတို့ အချင်းချင်းအဆင်မပြေတဲ့ အဖွဲ့နဲ့ပြောထားတာတွေ ပါနေမလားပေါ့။ အဲလိုဆို အညှိုးထားခံရမလား၊ အဖမ်းခံရမလားပေါ့။ စစ်တပ်နဲ့ ကင်းရှင်းရင်တောင်လေ။

မေး - အဲဒီလို အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိဘဲ သံသယနဲ့ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလုပ်ဆောင်တဲ့အပေါ် ဘာပြောချင်လဲ။ ကိုယ့်ပတ်ဝန်းကျင်မှာရှိသူတွေရော ဘာတွေပြောနေကြလဲ။

ဖြေ - သတ်ဖြတ်တဲ့အပေါ်မှာ ဘာပြောချင်လဲဆိုတော့ ပြောရင်လည်း သူတို့သိမှရမယ်လေ။ လက်နက်ကိုင်ထားရလို့ စိတ်ကအဲလိုပုံစံဖြစ်သွားတာလား။ အဲဒါကိုသိချင်တယ်။ လက်နက်ကိုင်ထားရင် အဲလိုဖြစ်မှရမှာလား။ တပ်ဖွဲ့တိုင်းတော့ မဟုတ်ဘူးဆိုတာသိတယ်။ ဒါပေမဲ့ ငါးနေရာမှာ သုံးနေရာလောက်က အဲလိုဖြစ်နေတာလေ။ လူတစ်ယောက်ကို သတ်ဖို့က လွယ်လွယ်လေးပဲ။ တအားကိုလွယ်တာ။ သူတို့ပြောရင် သူတို့အမှန်၊ သူတို့က သေနတ်နဲ့‌လေ။ လူတွေကတော့ တစ်ချက်ငေါက်တာနဲ့ ပြောတဲ့တိုင်းလုပ်ပေးရတာပဲ။ ပတ်ဝန်းကျင်မှာတော့ စစ်တပ်နဲ့တူတူပဲလို့ပဲ ပြောတယ်။ အဲဒီအသံပဲကြားတော့တယ်။ ကျန်တာ ဘာမှမပြောနိုင်ကြတော့ဘူး။

မေး - တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက ဒီလိုလုပ်ရပ်တွေကို ဘာကြောင့် လုပ်နေတယ်လို့ထင်လဲ။ ဘာကြောင့်အခုလိုမျိုးလုပ်ခွင့်ရနေတယ်လို့ထင်လဲ။

ဖြေ - ဘာကြောင့်လဲ မပြောတတ်ဘူး။ အောက်ကလူတွေကလည်း ကောင်းကောင်းမနာခံ။ ခေါင်းဆောင်ပိုင်းတွေကလည်း စည်းကမ်းမတင်းကြပ်ဘူး၊ စည်းကမ်းမရှိကြဘူးလို့ ထင်တယ်။

မေး - တော်လှန်ရေးတပ်ရဲ့ဂိတ်တွေကို ဘယ်လိုမျိုးဖြစ်စေချင်လဲ။

ဖြေ - တော်လှန်ရေးဂိတ်တွေလို့ပြောရင်တော့ ကျောသားရင်သားမခွဲခြားဘဲ သေချာဆက်ဆံချင်တယ်။ ညင်ညင်သာသာဆက်ဆံစရာမလိုဘူး။ တစ်လေသံတည်းဖြစ်ရမယ်။ စစ်သင့်တာစစ်ရမယ်။ စည်းကမ်းရှိရမယ်။ စည်းကမ်းတင်းကြပ်စေချင်တယ်။ နောက်ပြီး တစ်ခုခုလုပ်ပြီးရင်လည်း စာထုတ်ခိုင်းစေချင်တယ်။ လူတွေကို အလေးထားစေချင်တယ်။ လူတစ်‌ယောက်ကို သတ်ဖို့လွယ်လွယ်လေးမလုပ်စေချင်ဘူး။ စစ်တပ်တွေနဲ့ နှိုင်းယှဉ်ခံနေရတာကို ကျမတို့မလိုဘူး။ မကြိုက်ဘူး။ ဒါပေမဲ့ နှုင်းယှဥ်ခံရအောင်လုပ်နေကြတယ်။

သရက်ချောင်းမြို့နယ်က စျေးသည်အမျိုးသား

မေး - အစ်ကို သွားလာနေကျ လမ်းတွေမှာ တော်လှန်ရေးဂိတ်တွေကို ဖြတ်သွားရလား။ အဲဒီဂိတ်တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ဂိတ်တွေလား၊ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ဂိတ်တွေလား။

ဖြေ - တိုင်းရင်းသားလက်နက်ကိုင်ဂိတ်တော့ မဖြတ်ရပါဘူး။ ဖြတ်နေကျကတော့ ပြည်သူ့ကာကွယ်ရေးဂိတ်တွေပါပဲ။ မိန်းလမ်းပေါ်မှာပဲရှိတဲ့ဂိတ်ပါပဲ။

မေး - အဲဒီဂိတ်တွေက ဘယ်လိုအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းတာလဲ။ ဘယ်လိုအထောက်အထားတွေ ပြရလဲ။ ပိုက်ဆံရော ကောက်လား။

ဖြေ - သူတို့ကတော့ စစ်တပ်ထုတ်ကုန်‌တွေစစ်တယ်။ ပစ္စည်းစစ်တယ်။ ပစ္စည်းတွေကို ဖွင့်ပြီးစစ်တာတွေလည်းရှိတယ်။ ဆိုင်ကယ်တွေကိုလည်း မသင်္ကာရင် မထင်၊ မထင်သလိုစစ်တယ်။ မေးတာတော့ ဘယ်သွားမလို့လဲ၊ ဘယ်ကလာလဲဆိုတာလောက်ပါပဲ။ နယ်ခံဖြစ်လို့လည်းပါမယ်ထင်တယ်။ ပိုက်ဆံကတော့ ဆိုင်ကယ်‌တွေ မပေးရဘူး။ ကားတွေကတော့ တင်လာတဲ့ ပစ္စည်းကိုကြည့်ပြီးတောင်းတယ်။ ဘောလုံးကား (ထိုင်းနိုင်ငံကိုတရားမဝင်သွားမယ့်သူတွေကို သယ်ပို့တဲ့ကား)တွေမှာလည်း ပိုက်ဆံတောင်းတယ်။ ကုန်ကားတွေဆို ပစ္စည်းများရင် များသလောက်ပေးရတယ်လေ။ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိကြားနေရတာပဲ။

မေး - တော်လှန်ရေးဂိတ်တချို့ က အခုနောက်ပိုင်း အရပ်သားတွေအပေါ်မှာ အာဏာပြဆက်ဆံတာ၊ ဟိန်းဟောက်တာတွေ လုပ်လာတယ်လို့ အသံထွက်လာတာမျိုးရှိတယ်။ အဲဒီလို ကြုံရတာမျိုးရှိလား။

ဖြေ - ဒီဘက်မှာတော့ အဲလိုအာဏာပြဆက်ဆံတာမျိုးမကြုံရပါဘူး။ တခြားလူတွေ အဲလိုစစ်ခံရတယ်လည်း သိပ်မကြားရပါဘူး။ ပိုက်ဆံတောင်းတဲ့ကိစ္စပဲ အသံထွက်တယ်။ ဂိတ်မှာက အမျိုးသမီးရဲဘော်တွေလည်းရှိတယ်၊ ရဲမေတွေ ဖြစ်မယ်ထင်တယ်။ ဒါကြောင့်လည်း ဆိုင်မယ်ထင်တယ်။ ကျနော်ဖြတ်နေကျဂိတ်ကတော့ လူတွေ အပေါ်ပြောဆို ဆက်ဆံတာကတော့ ဆိုးဆိုးရွားရွားမကြားရဘူး။

မေး - အခုနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်ဂိတ်တွေနဲ့ စစ်ရေးပဋိပက္ခနယ်မြေတွေမှာ အရပ်သားတွေ ဖမ်းဆီးခံရတာနဲ့ သတ်ဖြတ်ခံရတာတွေရှိလာတယ်။ အဲဒီအပေါ်ဘယ်လိုမြင်လဲ။

ဖြေ - ဒါကတော့ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဖြစ်တာပေါ့။ စစ်အာဏာရှင်ကို မကြိုက်တဲ့သူတွေက စစ်တပ်ပုံစံဖြစ်လာတာ။ လူ‌တွေကတော့ ကြောက်ရတာပေါ့။ ငြိမ်ခံနေရတာပဲ။ သေနတ်ရှိနေတော့ ဘာမှလည်းပြောလို့မရဘူးလေ။ နောက်ပိုင်းဆို သေနတ်မြင်ရင်တောင် ကြောက်နေရတာ။ အရင်က စစ်တပ်လာရင်ပြေးရတယ်၊ နောက်ပိုင်းက PDF လာရင်လည်းပြေးရတော့မယ်ထင်တယ် ဆိုပြီးပြောတာတောင် ကြားနေရပြီ။

မေး - အဲဒီလို သတ်ဖြတ်တာတွေ ရှိလာပြီးတဲ့နောက်ပိုင်း အစ်ကို့အနေနဲ့ သွားလာရတဲ့အချိန် စိုးရိမ်တာမျိုးရှိလား။ ဘာတွေ စိုးရိမ်နေရလဲ။

ဖြေ - စိုးရိမ်ရတာပေါ့။ ခက်ခဲမှုတွေ ရှိလာတယ်လေ။ သရက်ချောင်းကဂိတ်မှာ အဲလိုတွေ လုပ်တာမရှိဘူးဆိုပေမဲ့ သူတို့‌ရှေ့ရောက်ရင် ဆိုင်ကယ်ကြမ်းကြမ်းမစီးရဲဘူး။ အထင်လွဲပြီး တခုခုလုပ်မလားဆိုတာမျိုးပေါ့။ အသက်အတွက်စိုးရိမ်တာပေါ့။ လူတွေက အရင်ကဆို တော်လှန်‌ရေးဖွဲ့တွေမြင်ရင်ပျော်တယ်။ အခုက တည့်တည့်ကြည့်မရဲတော့ဘူး။ ကျနော်ဆိုလည်း သာမာန်လူပဲ စစ်တပ်ကိုရှုံးစေချင်တဲ့လူပဲ။ ဒါတောင် စိုးရိမ်စိတ်ကဝင်တယ်။ ငါ့ကို သံသယများထားခံရမလာပေါ့။

မေး - အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိဘဲ သံသယနဲ့ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလုပ်ဆောင်တဲ့အပေါ် ဘာပြောချင်လဲ။ ကိုယ့်ပတ်ဝန်းကျင်မှာရှိသူတွေရော ဘာတွေပြောနေကြလဲ။

ဖြေ - လူတွေကတော့ သနားစရာကောင်းတာပေါ့။ သတ်တဲ့အဖွဲ့တွေကတော့ ပုံရိပ်ကျတာပေါ့။ အဲလိုလုပ်နေတဲ့ပုံစံနဲ့ ထောက်ပို့လုပ်တဲ့လူတွေ၊ လှူတဲ့သူတွေ နည်းလာမယ်။ ပြည်သူက မယုံတော့ဘူးလေ။ ကြောက်သွားပြီ။ အရင်ကဆို လာအလှူခံတာတွေဆို လူတွေကအရမ်းလှူကြတာ။ အခုက ဘယ်အဖွဲ့ကိုဆို မလှူဘူးဆိုတာတွေဖြစ်လာတယ်။ လူတွေကို ကာကွယ်တဲ့ အဖွဲ့ကိုပဲလှူကြမှာပေါ့။ လူသတ်နေတဲ့ အဖွဲ့ဆို‌ ကြောက်စိတ်ပဲရှိမှာပေါ့။ တခြားသူတွေလည်း အတူတူပဲလေ။

မေး - တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက ဒီလိုလုပ်ရပ်တွေကို ဘာကြောင့် လုပ်နေတယ်လို့ထင်လဲ။ ဘာကြောင့်အခုလိုမျိုးလုပ်ခွင့်ရနေတယ်လို့ထင်လဲ။

ဖြေ - အဲလိုလုပ်တာက ပုဂ္ဂိုလ်ရေးမကျေနပ်တာတွေလည်းပါတယ်။ ပြီးတော့ သူတို့ကို ဝေဖန်လိုက်ရင် အညှိုးထားလုပ်တာတွေ၊ ပြည်သူ့ကာကွယ်ရေး ဥပဒေတွေ နားမလည်တဲ့လူတွေပေါ့။ လုပ်ခွင့်ရတာက လူကြီးပိုင်းတွေက အမိန့်ပေးမှုအားနည်းတာ စည်းကမ်းမဲ့တာတွေကြောင့်လို့ထင်တယ်။ အဖွဲ့ခေါင်းဆောင်တွေကိုယ်တိုင်ကလည်း အလိုတူအလိုပါလုပ်နေတာ အမိန့်ပေးနေတာတွေလည်းရှိတယ်။ ထိပ်ပိုင်းက တော်လှန်ရေးသမားတွေက ထိန်းရမှာပေါ့။ မဟုတ်ရင် လူတွေက ဘာကိုအားကိုးရမလဲ။

မေး - တော်လှန်ရေးတပ်ရဲ့ဂိတ်တွေကို ဘယ်လိုမျိုးဖြစ်စေချင်လဲ။

ဖြေ - ဖြစ်စေချင်တာဆိုရင် ကောင်းကောင်းမွန်မွန်ဖြစ်စေချင်တာပေါ့။ လူတွေက PDF ဆိုကူညီချင်ကြတာပဲ။ နောက်ဆုံး လက်ထဲမုန့်တခုပဲကျန်ရင်တောင် ပေးချင်တာပဲ။ ဂိတ်တွေက စစ်တပ်နဲ့ပတ်သက်ရင် သေချာစစ်ဆေး၊ ဖမ်းဆီးတာပဲလုပ်စေချင်
တယ်။ ကျနော်တို့မြို့နယ်ထဲမှာဆိုရင်လည်း။ ပိုက်ဆံ‌ကောက်တာတွေ မလုပ်စေချင်ဘူး။ ပိုက်ဆံမယူဘဲလုပ်စေချင်တယ်။ လူတွေကသူတို့သဘောကျရင် တောင်းစရာမလိုဘူး အလိုလိုလှူပြီးသားပဲ။

The Tanintharyi Times