ဝေဟင်မှာ မိစ္ဆာမြူးချိန်
ဝေဟင်မှာ မိစ္ဆာမြူးချိန်

မြန်မာပြည် ရာသီဥတုဟာ မုတ်သုံမိုး ဆုတ်ခွာသွားပြီမို့ ပွင့်လင်းရာသီ ရောက်လာပါပြီ။
ပွင့်လင်းရာသီမှာ လူတစ်ဦးချင်းစီအလိုက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပန်းဖြေ အနားယူစရာတွေ လုပ်ဆောင်လေ့ရှိတဲ့ အချိန်အခါပါ။ ဒါပေမယ့် စစ်ဖြစ်နေတဲ့ မြန်မာမှာတော့ မိုးသားကင်းစင်သွားတဲ့ ကောင်းကင်ကနေ လေယာဉ်တွေ ဝဲလာမှာကို ပြည်သူတွေ စိုးရိမ်နေကြပါပြီ။
“ပွင့်လင်းရာသီကတော့ သူက (စစ်ကောင်စီ) လေကြောင်းပိုသုံးလို့ ကောင်းတာပေါ့နော်။ မိုးတွင်းကာလ ရာသီဥတု ခက်ခဲတဲ့ အချိန်မှာတောင်မှ သူတို့က ရအောင် တော်တော်ကို သုံးထားတယ်ဆိုတော့ ပွင့်လင်းရာသီဆို လေကြောင်းတိုက်ခိုက်မှု ပိုများလာမယ်” လို့ CDM တပ်ကြပ်ကြီး ဇေယျက ဆိုပါတယ်။
တပ်ကြပ်ကြီး ဇေယျဟာ စစ်အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက စစ်ကောင်စီလေတပ်ကနေ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ခဲ့သူတစ်ဦး ဖြစ်ပြီး လက်ရှိမှာ CDM စစ်မှုထမ်းတွေကို အကူအညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့မှာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။
လာမယ့်ရက်လတွေမှာ စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ် ပေါင်းစပ်ပြီး စစ်ကြောင်းထိုးတာတွေ အများကြီး ပြန်လုပ်ဆောင်လာနိုင်တယ်လို့လည်း CDM တပ်ကြပ်ကြီးက သုံးသပ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှု အခြေအနေတွေဟာ တပ်ကြပ်ကြီး ဇေယျ သုံးသပ်ထားသလိုပဲ မိုးနည်းစပြုလာတဲ့ စက်တင်ဘာလ တစ်လအတွင်းမှာပင် ပြည်သူတွေအပေါ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၅၀ အထိ လုပ်ဆောင်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၅ ဦး၊ အမျိုးသမီး အယောက် ၅၀ နီးပါး အပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ တစ်လတာ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မသေဆုံးပေမယ့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတာ၊ အပြင်းစား အလတ်စား ထိခိုက်ဒဏ်ရာရတဲ့သူ အရေအတွက်ဟာလည်း ၃၅၀ နီးပါး ရှိခဲ့ပါတယ်။ ဒီအချက်အလက်တွေဟာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ BMC က ထုတ်ပြန်ထားချက်တွေ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေကို ပြန်ရအောင် လိုအပ်သလို တုံ့ပြန်သွားမယ်လို့ ပြီးခဲ့တဲ့စက်တင်ဘာလဆန်းပိုင်းက ပြောဆိုပြီးနောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးများလာသလို အရပ်သားသေဆုံးနှုန်းကလည်း မြင့်တက်လာတယ်လို့ လေ့လာစောင့်ကြည့်တဲ့အဖွဲ့အသီးသီးက ထုတ်ပြန်ကြပါတယ်။
အရင်လကဆိုရင် စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကို တနင်္သာရီတိုင်း အပါအဝင် ရှမ်း၊ ရခိုင်၊ ကယား( ကရင်နီ)၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ မန္တလေးတိုင်း စတဲ့ တိုင်းနဲ့ပြည်နယ် အနည်းဆုံး ရှစ်ခုမှာ လုပ်ခဲ့တာပါ။ အဲ့ဒီထဲမှာ ရခိုင်ပြည်နယ်က အများဆုံးခံခဲ့ရပြီး မန္တလေးတိုင်းနဲ့ ရှမ်းပြည်က ဒုတိယနဲ့ တတိယအများဆုံး ဖြစ်ခဲ့ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုးမြို့ဆိုရင် စစ်ကောင်စီလေတပ်ကနေ ဗုံးကြဲတိုက်ခိုက်တာကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတာပါ။ ဒေသခံပြည်သူတွေဟာ ညဘက်မှာ မအိပ်စက်ရဲတာ၊ လေယာဉ်လာတဲ့ အသံကြားတာနဲ့ ပြေးပုန်းရတာ၊ အထပ်မြင့်အဆောက်အဦတွေမှာ ခိုင်ခန့်မှုရှိတယ်လို့ ယူဆရတဲ့ နေရာတွေမှာ ရပ်ကွက်အလိုက် စုပြီး အိပ်ကြရတာ စတဲ့ ဒီလို စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေရတယ်လို့ လားရှိုးမြို့ ဒေသခံ လူငယ်တစ်ဦးက ပြောပြပါတယ်။
လားရှိုးမြို့ဟာ ကိုးကန့်တပ်မတော် MNDAA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က အခုနှစ် ဩဂုတ် ၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အဲ့ဒီလကုန်ရက်ကစပြီး အခုအချိန်အထိ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်တပ်ဘက်က တောက်လျှောက်လုပ်ဆောင်နေခဲ့တာပဲ ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့ ညဉ့်သန်းခေါင်ယံမှာ တိုက်ခိုက်တာတင်မကတော့ပဲ နေ့ဘက်တွေမှာပါ ဝေဟင်ကနေ ပေါင် ၅၀၀ လို ဖျက်အားပြင်းတဲ့ ဗုံးတွေကို ကြဲချနေတာပါ။
“တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်တာနဲ့ အဲမြို့ လုံးဝပျက်စီးစေရမယ်။ မြို့ရဲ့ ၁၀၀ ရာခိုင်နှုန်းမှာ တိုက်ပွဲကာလမှာ ပျက်စီးတာဆိုလို့ တမြို့လုံးနော်၊ တမြို့လုံးကို ခြုံကြည့်မယ်ဆိုရင် ၄ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်။ အခု Airstrike (လေကြောင်းတိုက်ခိုက်မှု) ကြောင့် တော်တော်လေးကို ပျက်စီးတယ်ဗျ” လို့ လားရှိုးမြို့ခံ လူငယ်က ဆိုပါတယ်။
ရှမ်းမြောက်ဒေသထဲမှာပဲ တအာင်းတပ်မတော်နဲ့ စစ်ကောင်စီကြား စစ်ဖြစ်နေတဲ့ နေရာက ဒေသခံတွေဟာ စစ်ရှောင်ကြရင်း ကောင်းကင်ကနေ ဗုံးကျလာမယ့်ဒဏ်ကို လွတ်လိုလွတ်ငြား မြန်မာ့မြေပေါ်က တရုတ်ပိုင်နက်တွေဆီမှာ ခိုလှုံနေကြသူတွေလည်း ရှိနေပါတယ်။ သီပေါမြို့ဘက် တွေကနေ စစ်ဘေးလွတ်ရာကို ပြေးကြရတဲ့ ဒေသခံတချို့ဟာ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းရှိရာ အနီးတဝိုက်မှာ တဲထိုးပြီးနေနေကြတာပါ။
သောက်ရေ၊ သုံးရေ မလုံလောက်တာအပြင် ကျွဲ နွားတွေ သွားလာနေတာကြောင့် ကျွဲချေး နွားချေးတွေကြားမှာပဲ တဲထိုးပြီးနေနေကြရတဲ့ အကြောင်းအရင်းကတော့ စစ်ကောင်စီ လေယာဉ်တွေဟာ တရုတ်နိုင်ငံပိုင် ပိုက်လိုင်းကို မထိရဲလောက်ဘူးဆိုတဲ့ စဉ်းစားချက်ကြောင့်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။
စစ်ရှောင်ဒုက္ခသည်တွေဟာ ပုံမှန်အားဖြင့် ဘုန်းတော်ကြီးကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း ဒီလိုနေရာတွေမှာ ခိုလှုံလေ့ရှိပေမယ့် အဲဒီနေရာတွေဟာ စစ်ကောင်စီလေတပ်ရဲ့ ပစ်မှတ်တွေ ဖြစ်နေပြန်ပါတယ်။
“လေယာဉ်ကလည်း အဲဒီဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့ အဆောက်အအုံနည်းနည်း ကြီးတဲ့ဟာဆိုလို့ရှိရင် တိုက်ခိုက်တဲ့အပိုင်းတွေ ရှိတဲ့အတွက် သူတို့က အဲ့မှာ မနေရဲဘူး။ တရုတ်ပိုက်လိုင်းကုမ္ပဏီနားမှာနေရင်တော့ လုံခြုံတာပေါ့နော်။ လေယာဉ်က အဲ့ကုမ္ပဏီမှာ လာပြီးတော့ တိုက်ခိုက်မှာ မဟုတ်ဘူးဆိုပြီးတော့ တဲကလေးဆောက်ပြီးတော့ နေကြတယ်” လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ အထွေထွေအတွင်းရေးမှူးက အခြေအနေတွေကို ပြောပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အခြေအနေဟာ အခုနှစ်ထဲမှာ ၅ ဆအထိ တိုးလာတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောခဲ့ပါတယ်။
CDM တပ်ကြပ်ကြီး ဇေယျကတော့ တစ်လချင်းစီအလိုက် ပိုတိုးလာနေတဲ့ လေကြောင်းရန်ကနေ ပြည်သူ့အသက်တွေကို ကာကွယ်ဖို့ဆိုရင် အခြေခံအကျဆုံး လိုအပ်ချက်ကတော့ အိမ်တိုင်းအိမ်တိုင်း ကတုတ်ကျင်းတွေ တူးထားဖို့ အကြံပြုပါတယ်။
“အဓိကကတော့ ဘန်ကာတွေ ကတုတ်ကျင်းတွေ မလုပ်ထားရင် တိုက်ရိုက်မထိတောင်မှ ကိုက် ၃၀ အတွင်း ကိုက် ၅၀ အတွင်း ဒါမျိုး ဗုံးကျလို့ရှိရင် ထိနိုင်ချေရှိတယ်။ ထိခိုက်နိုင်တာပေါ့နော်။ ကတုတ်ကျင်းတွေ လုပ်ထားရင် အစစင်တာတွေ ဘာတွေလည်း ကြောက်စရာမလိုဘူး။ ထိခိုက်မှာလည်း မဟုတ်ဘူးပေါ့နော်” တပ်ကြပ်ကြီး ဇေယျက ရှင်းပြပါတယ်။
လတ်တလောမှာ စစ်ကောင်စီလေတပ်ဟာ ပစ်မှတ်ကို တိကျသေချာအောင် ပစ်တဲ့ လမ်းညွှန်စနစ်ပါ ဗုံးအမျိုးအစားမျိုးတွေကို တွင်တွင်ကျယ်ကျယ် သုံးနေတာမျိုး မတွေ့ရဘဲ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) က အလျင်မီ ထုတ်ထားတဲ့ဗုံးတွေကို သုံးနေတာလို့ CDM တပ်ကြပ်ကြီးက ပြောပါတယ်။
“သူတို့ ပစ်မှတ် ဧရိယာသည် ပစ်မှတ် လတ္တီကျု လောင်ဂျီကျုဘယ်လောက်၊ ဒီလောက်ကို ကြဲမယ်ဆိုလို့ရှိရင် အဲတိုင်းသာ ဖြုတ်ချသွားတာပဲ။ ကျချင်တဲ့နေရာ ကျတာပဲလေ၊ သူတို့ ပစ်ချင်တဲ့နေရာ ကြဲချင်တဲ့နေရာကိုလည်း ကျချင်မှကျတာ တခါတလေကျ တလွဲကျတာပဲ” လို့ CDM တပ်ကြပ်ကြီး ဇေယျက လေတပ်ရဲ့ အခြေအနေကို ရှင်းပြပါတယ်။
နိုင်ငံတဝန်း စစ်ပွဲပြင်းထန်နေတဲ့ နေရာတော်တော်များများမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ ပြည်သူတွေ ဗုံးခိုကျင်းတူးကြဖို့ ဆော်ဩနေတာတွေလည်း ရှိသလို ဖြတ်သန်းလာခဲ့တဲ့ အချိန်လေးနှစ်နီးပါး တိုက်ပွဲအတွေ့အကြုံအရ ရွာတိုင်းလိုလို ကတုတ်ကျင်းတွေ တူးထားကြတယ်လို့လည်း စစ်ရှောင်အရေးကူညီနေသူတွေက ပြောကြပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ ပေါင် ၅၀၀ ဗုံးဒဏ်ကို ခံနိုင်တဲ့ လုံခြုံရာနေရာတော့ မရှိဘူးလို့ဆိုတယ်။
အခုလ ပထမရက်သတ္တပတ်က ဗုံးဒဏ်ကြောင့် အိမ်ထိသွားတဲ့ လားရှိုးမြို့နေ အသက် ၄၀ ကျော်ရှိ အမျိုးသားတစ်ဦးက “ဗုံးက အိမ်ထိတယ်၊ များတော့မများဘူး။ မှန်တွေအကုန်ကွဲ။ အိမ်က ကျတဲ့နေရာနဲ့ ကိုက် ၄၀၀ လောက် ဝေးတယ်။ ကိုက် ၅၀၀ အတွင်း အကုန်ထိ” လို့ ပြောပြပါတယ်။
စစ်ကောင်စီလေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM တပ်ကြပ်ကြီး ဇေယျက တော်လှန်ရေးအင်အားစုတွေ မိမိတို့ အုပ်ချုပ်ရာ ဒေသချင်းအလိုက် လုပ်ဆောင်ပေးလို့ရတဲ့ လေကြောင်းရန်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကိုလည်း အကြံပြုထားတာ ရှိပါတယ်။
ပထမ လုပ်ငန်းစဉ်ကတော့ ဆိုရှယ်မီဒီယာပေါ်က လေကြောင်းသတင်းပေးတဲ့ချန်နယ်တွေကို စောင့်ကြည့်ပြီး လေယာဉ် တက်လာတဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ပြည်သူဆီ သတိပေးဖို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာတော့ ပြည်သူတွေဘက်က အင်တာနက်ရရှိမှာသာ အလုပ်ဖြစ်နိုင်တာကြောင့် အင်တာနက်တွေ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ နေရာတွေအတွက် စိန်ခေါ်ချက် ဖြစ်နေဆဲပါ။
ဒုတိယအချက်အနေနဲ့ “လေယာဉ်က တက်ပြီဆိုလို့ရှိရင် ရေဒီယိုလှိုင်းကနေ သူတို့ စစ်ဆင်ရေးဌာနနဲ့ တိုက်ရိုက်ဆက်သွယ်တာ ရှိတယ်။ ဒီလိုဟာတွေကို ကြားဖြတ်နားထောင်ပြီးတော့ ဘယ်ဒေသကို ကြဲမယ်ဆိုတာမျိုး ရအောင်ထောက်လှမ်းပြီးတော့ လေကြောင်းသတင်းရအောင်လုပ်ဖို့ တာဝန်ရှိတယ်” လို့လည်း CDM တပ်ကြပ်ကြီးက ပြောပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးကတော့ သူတို့ သွားရောက်ကူညီပေးနေတဲ့ နေရာတွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသလို လေကြောင်းအချက်ပေး သတင်းချည်း မဟုတ်ဘဲ ကောလာဟလသတင်းတွေကြားမှာ သတင်းလက်လှမ်းမီမှု မရှိဘူးလို့ မှတ်ချက်ပြုပါတယ်။
စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်း အထူးသဖြင့် ရှမ်းမြောက်၊ ရခိုင်၊ မြန်မာပြည်အလယ်ပိုင်း စတဲ့ ဒေသတွေကို နေ့စဉ် လေယာဉ်ကနေ ဗုံးကြဲနေပြီး ပြည်သူတွေကတော့ ဝေဟင်ကနေ လေယာဉ်သံကြားရင် တူးထားတဲ့ ဗုံးခိုကျင်းထဲကို အချိန်မီ ဝပ်ဆင်းနိုင်ဖို့ကသာ အခြေခံကျတဲ့ လေကြောင်းရန်ကာကွယ်ရေး နည်းလမ်း ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဥာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ထားတဲ့ အချက်အလက်အရဆိုရင် စစ်အာဏာသိမ်းခဲ့ချိန်ကစပြီး လေယာဉ်ဗုံးကြဲမှုကြောင့် ပြည်သူ ၂၀၀၀ နီးပါး သေဆုံးကာ ပြည်သူ ၂၅၀၀ နီးပါး ထိခိုက်ခဲ့ရပြီး ပြည်သူသေဆုံးထိခိုက်မှု စာရင်းဟာ နေ့စဉ် တိုးပွားလာနေဆဲ အခြေအနေ ဖြစ်နေပါတယ်။
ကွန်းဟဒေ့
The Tanintharyi Times