ထားဝယ်ကို အပြစ်မဆိုစေလို

ထားဝယ်ကို အပြစ်မဆိုစေလို

ဝါလကင်းလွတ် သီတင်းကျွတ်ကာလ ကုန်ဆုံးခဲ့ပါပြီ။ ထားဝယ်မြို့ပေါ်မှာတော့ သီတင်းကျွတ်မတိုင်ခင်ကတည်းက ပေါက်ကွဲသံ တညံညံရှိခဲ့ပါတယ်။

အဲဒီ ပေါက်ကွဲသံတညံညံဟာ သီတင်းကျွတ်မှာကြားနေကျ ကလေးငယ်တွေရဲ့ ဗျောက်အိုးဖောက်သံတော့ မဟုတ်ပါဘူး။ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့ဗုံးသီးချဖောက်ခွဲခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်မှုမရှိခဲ့ပေမဲ့ လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မြို့ပေါ်တိုက်ပွဲတွေအထိဖြစ်ပွားခဲ့ဖူးတဲ့ ထားဝယ်မှာ ပေါက်ကွဲသံတွေကို မြို့ခံတွေ နားယဥ်စပြုနေပါပြီ။ ဒါပေမဲ့ ဒရုန်းနဲ့ဖောက်ခွဲမှုအပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောဆိုမှုတွေမှာ ပြည်သူတွေကသတိပေးချက်ကို အလေးမထားဘူးဆိုတာမျိုး ရှိလာပါတယ်။ နောက်အသုံးအနှုန်းတစ်ခုကတော့ ဒရုန်းနဲ့ ဗုံးသီးချသတိပေးခြင်းဆိုတာပါ။ ဒီစကားတွေကို ဒေသခံပြည်သူအများစု လက်မခံတာတွေ ရှိခဲ့ပါတယ်။

ဒရုန်းတွေ မြို့‌ပေါ်ကိုလာနိုင်ရင် စစ်တပ်ရှိတဲ့နေရာတွေကို မတိုက်ခိုက်ဘဲ အများပြည်သူသွားလာနေတဲ့လမ်းမှာမှ ဘာကြောင့်ကြဲချရတာလဲဆိုတဲ့မေးခွန်းတွေ ထုတ်လာသလို လူထုကို အပြစ်တင်တဲ့အပေါ် မကျေနပ်တာတွေလည်း မြို့ခံတွေကြားမှာ ပြောစရာဖြစ်ခဲ့ပါတယ်။

အာဏာရှင်တော်လှန်ရေးမှာ အက္ခရာကျတဲ့ ပြည်သူတွေကို အပြစ်တင်ပြောဆိုတာနဲ့ လက်နက်အားကိုးပြီး သတိပေးတာတွေလုပ်လို့မရပါဘူး။ ပြည်သူတစ်ဦးဖြစ်တဲ့ ကျနော်ကလည်း မြို့ခံတွေဘက်က ဖြစ်ပါတယ်။ အခုဆောင်းပါးမှာ အဲဒီ‌အကြောင်းအရာတွေကို ဦးတည်ဆွေးနွေးချင်ပါတယ်။

  • အလေးထား၏၊ မထား၏

ထားဝယ်သပိတ်မျှောပွဲကျင်းပမယ့်နေရာအနီးအနားကို ဒရုန်းနဲ့ ဗုံးသီးချတာနဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကို ခေတ်သစ်သတင်းဌာနက ဖော်ပြလာတာ အခုရက်ပိုင်းမှာ ဖတ်ရပါတယ်။ အဲဒီသတင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း (၁) ရဲ့ လက်ရုံးဒရုန်းတပ် Sky Ghost Drone Force အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက တပ်ရင်း၊ တပ်ဖွဲ့က ထုတ်ပြန်တဲ့စာတွေကို ပြည်သူတွေကအလေးမထားလို့ ဗုံးစထိမှန်တယ်ဆိုတဲ့ သ​​ဘောမျိုး ဖြေဆိုထားပါတယ်။

Sky Ghost Drone Force အဖွဲ့ရဲ့ သတိပေးချက်ထုတ်ပြန်ထားတဲ့စာမှာ စစ်ကောင်စီကပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေကို မသွားလာဖို့ သတိပေးထားတာပါ။ ဗုံးသီးချခဲ့တဲ့အချိန်ကတော့ ပွဲအတွက်ပြင်ဆင်နေတုန်း ဒေသခံတွေ ဖြတ်သွားဖြတ်လာ ရှိနေတုန်းအချိန်သာဖြစ်ပါတယ်။ သပိတ်မျှောပွဲကျင်းပဖို့ပြင်ဆင်နေတဲ့ ကမ်းနားလမ်းက လမ်းသွားလမ်းလာတွေ များပြားတဲ့နေရာပါ။

တစ်ဆက်တည်းမှာပဲ မေးခွန်းပေါ်လာတာက တပ်ဖွဲ့တွေ ထုတ်ပြန်တဲ့စာတွေကို တဝမ်းတခါးအတွက် သွားလာလုပ်ကိုင်နေရတဲ့ ပြည်သူတွေ အားလုံး သိရှိနိုင်ပါ့မလားဆိုတာပါပဲ။ ထားဝယ်ခရိုင်မှာ လက်နက်ကိုင်နဲ့ လက်နက်ကိုင်မဟုတ်တဲ့ တော်လှန်‌ရေးတပ်ဖွဲ့တွေ အများအပြားရှိပါတယ်။ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကလည်း အများအပြားပါပဲ။ အဲဒီက ထုတ်ပြန်ချက်တွေ၊ သတိပေးချက်တွေအားလုံးကို မြို့ခံတစ်ယောက်ချင်းစီတိုင်းက စောင့်ကြည့်နေဖို့ သိရှိထားဖို့ဆိုတာ မဖြစ်နိုင်ပါ။ အဖွဲ့အစည်းတွေ စုပေါင်းထုတ်ပြန်တာမျိုးမဟုတ်ဘဲ တစ်စုတစ်ဖွဲ့တည်းက ထုတ်ပြန်တာမျိုးဟာ မြို့ခံတွေဆီပျံ့နှံ့နိုင်ခြေပိုမိုနည်းပါးပါသေးတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေရှိတဲ့နေရာမှာ အရပ်သားမတော်တဆထိခိုက်တာမျိုးဟာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေပါ။ မြို့ပေါ်ကဖောက်ခွဲမှုမှာ အရပ်သား ထိခိုက်တာဟာလည်း မတော်တဆထိခိုက်မှုလို့ နားလည်ထားပါတယ်။ သို့ပေမဲ့ အရပ်သားထိခိုက်မှုအပေါ်မှာတာဝန်ရှိတဲ့အဖွဲ့က အပြစ်တင်တာမျိုးဟာ ပြည်သူနဲ့ ဆန့်ကျင်ဘက်ကိုရောက်စေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ အနေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့၊ ပြည်သူတွေထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ လက်ရှိအခြေအနေကို ပိုမိုသိနားလည်ဖို့၊ စာနာနားလည်ဖို့လည်း လိုအပ်တယ်လို့မြင်ပါတယ်။

  • ဟန့်တားမှုက ဗုံးသံပေးမှလား

နောက်တစ်ခုအနေနဲ့ ဒရုန်းနဲ့ဗုံးသီးချပြီးသတိပေးတယ်ဆိုတဲ့အကြောင်း ဆက်လက် ဆွေးနွေးချင်ပါတယ်။

ထားဝယ်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေဘက်က ဒရုန်းနဲ့တိုက်ခိုက်တဲ့ ဖြစ်စဥ်တွေ အများအပြားရှိခဲ့ဖူးပါတယ်။ သီတင်းကျွတ်မတိုင်ခင်မှာဖြစ်ခဲ့တဲ့ ဒရုန်းနဲ့ဗုံးသီးချတာကိုတော့ သတိပေးတယ်လို့ တော်လှန်ရေးတပ်ဘက်က သုံးနှုန်းထားတာတွေ့ ရပါတယ်။ တိုက်ခိုက်တာမဟုတ်ဘဲ ပြည်သူတွေသွားလာနေတဲ့လမ်းမှာ သတိပေးတာဆိုရင် ဘယ်သူ့ကို သတိပေးတာပါလဲ။ မြို့ခံပြည်သူတွေကိုပါ ခြောက်လှန့်ပြီးသတိပေးတာလို့ ယူဆရင်မှားမယ်မထင်ပါ။

မြို့ခံတွေ ပွဲလမ်းသဘင်ကို မသွားအောင် ဗုံးသီးချပြီးသတိပေးတာကိုတော့ လက်ခံနိုင်စရာမရှိပါ။ ပြည်သူကို ဗုံးသံပေးပြီး အကြောက်တရားနဲ့ဟန့်တားလို့မရပါ။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လေးစားလိုက်နာကြတဲ့ နိုင်ငံတကာသဘောတူစာချုပ် ဂျီနီဗာသဘောတူညီချက်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ တိုက်ခိုက်မှုတွေမှာ အရပ်သားတွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေ အများအပြားရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်မှာလည်း ပြည်သူတွေနဲ့ပတ်သက်ပြီး လိုက်နာရမယ့် အချက်တွေကို ပြဌာန်းထားပါတယ်။

အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမယ်၊ အရပ်သားပြည်သူတွေ စုဝေးသွားလာလှုပ်ရှားတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုရ၊ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ခြင်း ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုရ စတဲ့အချက်တွေကို စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေမှာ အတိအလင်းဖော်ပြထားပါတယ်။

အဲဒါတွေကို လိုက်နာလို့ တော်လှန်ရေးအရွေ့တစ်ခုကို မရောက်ဘူးဆိုတာကိုလည်း ကျနော့်အနေနဲ့ လက်မခံပါ။

  • မျှော်လင့်ချက်ကြီးကြီးမားမား

နွေဦးတော်လှန်ရေး လေးနှစ်နီးပါး ရောက်လာချိန်မှာ တနိုင်ငံလုံးမှာ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၈၀ ‌ကျော် အထိရှိလာခဲ့ပါပြီ။ အဲဒီလိုတော်လှန်ရေး‌ ရေချိန်မြင့်လာချိန် တောင်ပိုင်းသားပြည်သူတွေဟာလည်း မျှော်လင့်ချက်မြင့်လာပါတယ်။

ပေါက်ကွဲသံကြားရင် ပြည်သူတွေ လက်ခုပ်တီးပြီး ပျော်ရတဲ့အချိန်တွေဟာ လက်နက်ကိုင်တော်လှန်ရေးအစမှာ ကျန်ခဲ့ပါပြီ။ လက်ရှိမှာ မြို့ခံတွေက ဒီထက်ကြီးမားတဲ့ အပြောင်းအလဲတွေကို မျှော်လင့်နေပါပြီ။

ဒီလိုအချိန် ပွဲတော်တွေမှာမပါဝင်ဖို့ ဟန့်တားနေတာတွေကို အထူးတလည်လုပ်ဆောင်နေစရာ မလိုတော့ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ သွားခြင်း၊ မသွားခြင်းဟာ မြို့ခံတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲဖြစ်ပါတယ်။ တော်လှန်ရေးကာလ လေးနှစ်နီးပါးအတွင်း ပြည်သူတွေဟာ စစ်‌ကောင်စီရဲ့ သရုပ်မှန်ကိုသိရှိထားပြီးသားလည်း ဖြစ်ပါတယ်။

တကယ်လို့ပြည်သူတချို့ ပါဝင်ဆင်နွဲခဲ့ရင်လည်း စစ်ကောင်စီဘက်က စစ်ရေး၊ နိုင်ငံရေးအားသာချက် ကြီးကြီးမားမားရသွားနိုင်စရာလည်း အကြောင်းမရှိပါ။ ပြည်တွင်းမှာတည်ငြိမ်နေကြောင်း၊ ပုံမှန်ပြန်လည်ပတ်‌နေကြောင်း ဝါဒဖြန့်လို့လည်း တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရတဲ့ စစ်ကောင်စီကို ဘယ်သူမှမယုံတော့တာကြောင့် အောင်မြင်နိုင်စရာအကြောင်းလည်း မရှိပါဘူး။

  • စစ်‌ကောင်စီကိုဖယ်ကြဥ်ထားဆဲ

ဘယ်လိုပဲဆိုဆို အခုနှစ်သပိတ်မျှောပွဲမှာလည်း ပြည်သူတွေဟာ တာဝန်ကျေပွန်စွာနဲ့ စစ်

ကောင်စီကို ဖယ်ကြဉ်ထားဆဲပါ။ စစ်မိစ္ဆာတွေကို ရွံရှာမုန်းတီးနေဆဲဆိုတာကိုလည်း ပြသနေဆဲဖြစ်ပါတယ်။ အရင်ကပွဲတော်ကာလတွေမှာ လူထောင်ချီပိတ်နေလို့ တစ်ဘီးချင်းလိမ့်သွားနေရတဲ့ ထားဝယ်မြို့က အထင်ကရကားလမ်းမတွေဟာ လူသူကင်းရှင်းနေဆဲ၊ အသက်မဲ့နေဆဲပါ။ အဲဒီအကျိုးဆက်ကြောင့်ပဲ စစ်ကောင်စီစိတ်ကူးယဉ်ထားတဲ့ စည်စည်ကားကားပွဲတော်

အိမ်မက်က ပျက်စီးခဲ့ပါတယ်။

ဒါဟာ ထားဝယ်မြို့ခံတွေက အခုနှစ်သပိတ်မျှောပွဲမှာ စစ်ကောင်စီနဲ့ အတူတကွပါဝင်ဆင်နွဲတာကို မလုပ်ခဲ့လို့ပါပဲ။ သပိတ်မျှောပွဲက ရုပ်သံနဲ့ ဓာတ်ပုံတွေအရ ပွဲလုပ်ဆောင်နေတဲ့နေရာမှာ ဒေသခံတွေ၊ မြို့ခံတွေကို မတွေ့ရသလောက်ပါ။ ဓာတ်ပုံတွေထဲ မြင်ရတဲ့သူအများစုဟာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

စစ်ကောင်စီ စီစဥ်တဲ့ပွဲတော်တွေဟာ တစ်နှစ်ပြီးတစ်နှစ် ကျရှုံးနေဆဲဆိုတာလည်း သတင်းတွေ ဓာတ်ပုံတွေက သက်သေပြနေပါတယ်။ အဲဒါဟာ တော်လှန်ရေးတပ်ဘက်က တောင်းဆိုလို့၊ တော်လှန်ရေးတပ်တွေကို ကြောက်လို့မဟုတ်ဘဲ ကိုယ်ပိုင်အသိစိတ်နဲ့ ပြည်သူတွေ မပါဝင်ကြတာကြောင့် ဖြစ်ပါတယ်။ ဒါကို အသိမှတ်ပြု လေးစားရမှာပဲ ဖြစ်ပါတယ်။

  • အကျယ်ချုပ်မြို့

ထားဝယ်မြို့ခံတွေဟာ အကျယ်ချုပ်ကျခံနေတာနဲ့တူပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက မြို့အဝင်အထွက် လေးဖက်လေးတန်စလုံးဟာ စစ်ကောင်စီရဲ့ ဂိတ်တွေနဲ့ ပတ်ဆို့ထားခံရတာပါ။

မောင်းမကန်ကမ်းခြေကို အရင်က အပတ်တိုင်းသွားအပန်းဖြေတတ်တဲ့ မိတ်ဆွေတစ်‌ယောက်က မောင်းမကန်မရောက်တာ အာဏာသိမ်းပြီးကတည်းကပဲလို့ ဆိုတယ်။ အဲဒီစကားကြောင့် မြို့ခံတွေရဲ့ သည်းခံနိုင်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာကျဉ်းကျပ်မှုကို ကိုယ်ချင်းစာရပါတယ်။

ထားဝယ်အကျဥ်းထောင်မှာလည်း လက်ရှိအချိန်ထိ နိုင်ငံရေးအကျဥ်းသား ၄၀၀ နီးပါး လက်ရှိအချိန်ထိရှိနေဆဲလို့ သတင်းတွေအရ သိရပါတယ်။ တနင်္သာရီတိုင်းထဲမှာ ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသားအများဆုံးရှိနေတာပါ။ ဒီအချက်အလက်တွေကိုကြည့်ပြီး ထားဝယ်ပြည်သူတွေ တော်လှန်ရေးအပေါ် မှာ တာဝန်ကျေကြပုံကို မြင်ရပါတယ်။

ဒါကြောင့်လည်း မြိတ်နဲ့ ကော့သောင်းမြို့တွေထက် ထားဝယ်ကို စစ်ကောင်စီက အမြဲတမ်းတင်းကျပ်ထားတာပါ။ မြိတ်မြို့မှာ ညမထွက်ရအမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအထိသတ်မှတ်ထားပေမဲ့ ထားဝယ်မြို့မှာတော့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီက အသက်သွင်းထားဆဲ ဖြစ်ပါတယ်။

သေနတ်နဲ့ မျက်နှာကိုတေ့ပြီး ထင်တိုင်းကြဲ စိုးမိုးခြယ်လှယ်နေတဲ့ စစ်ကောင်စီကို လက်နက်မဲ့ပြည်သူတွေက အသက်ဘေးအတွက် အလိုက်အထိုက်နေနေရတာပါ။ ကျေးလက်နေသူတွေက စစ်ဘေးဒဏ်ကိုခံနေရသလို မြို့ပေါ်နေသူတွေကလည်း ဖိနှိပ်မှုဒဏ်ကို တငွေ့ငွေ့ခံနေရတယ်ဆိုတာဟာလည်း အသေအချာပါပဲ။ ဒါ့အပြင် ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ အထွေထွေ အကြပ်အတည်းကိုလည်း ဘယ်သူကမှ ရှောင်ခွင့်မရကြပါဘူး။

အဲ့ဒါကြောင့် မြို့ပေါ်နေ ပြည်သူတွေရဲ့ ပျော်ရွှင်မှုဟာ အဖိနှိပ်ခံ အကျယ်ချုပ်ထဲက အခိုက်အတန့်ပျော်ရွှင်မှုသာ ဖြစ်ပါလိမ့်မယ်။ အဲဒီပျော်ရွင်မှုကို အပြစ်တင်ဖို့ သင့်ပါသလား။

  • သွေးသားအရင်းအချာ

ငယ်ငယ်ကကြားဖူးတဲ့ပုံပြင်တစ်ခုဖြစ်တဲ့ မဟော်သဓာရဲ့ သားတရားစီရင်ခန်းမှာ ဘီလူးမနဲ့ မိခင်တို့ ကလေးကိုလုကြတော့ ကလေးနာကျင်မှာစိုးတဲ့ မိခင်ကသာ လွှတ်ပေးလိုက်ရတာပါ။ ပြည်သူတွေကို တကယ်ချစ်ရင်၊ ပြည်သူတွေကိုတကယ်မေတ္တာထားရင် ပြည်သူကို ခပ်တင်းတင်းဆွဲလုတာမျိုး လုပ်လို့မဖြစ်ပါဘူး။

တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပြည်သူရဲ့သွေးသားအရင်းအချာတွေပါ။ ပြည်သူရဲ့ ပြဿနာကို အဲဒီအစုအဖွဲ့တွေက ဖြေရှင်းပေးရမှာဖြစ်သလို ပြည်သူ့အသံကိုလည်း နားထောင်ရမှာဖြစ်ပါတယ်။ ပြည်သူ့တော်လှန်ရေးဖြစ်တာကြောင့် တော်လှန်ရေးဖြစ်စဥ်အပေါ်မှာချတဲ့ ပြည်သူရဲ့ သက်ပြင်းတစ်ချက်ဟာလည်း တော်လှန်ရေးအရွေ့အတွက် အရေးကြီးတယ်လို့ မြင်ပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား အဓိကကွာခြားမှုက ပြည်သူ့ထောက်ခံမှုပဲဖြစ်တယ်။ ပြည်သူ့ထောက်ခံမှုက တော်လှန်ရေးမှာ အလွန်အရေးကြီးပါတယ်။

တော်လှန်ရေးက ခေတ္တခဏမဟုတ်လို့ အချိန်ကြာလာလေ ပြည့်သူ့ထောက်ခံမှု အပြည့်ရဖို့ ထိန်းရခက်လေလေပါပဲ။ စစ်ရေးအင်အားနဲ့အတူ ပြည်သူထောက်ခံမှု ပိုတိုးလာအောင် ဦးစားပေးလုပ်ဆောင်ရမှာပါ။ အောင်မြင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အဲ့ဒါကို ကောင်းကောင်းသိကြပါတယ်။

တော်လှန်‌ရေးရဲဘော်တွေအများစု လေးစားကြတဲ့ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာပဲ၊ ကြီးမြတ်တဲ့ အချစ်စိတ်ကြောင့်တော်လှန်ရေးသမား ဖြစ်လာတာတဲ့။ သူပြောတဲ့ အချစ်စိတ်ဟာ လူ့အဖွဲ့အစည်းကို ချစ်တဲ့စိတ်၊ တရားမျှတမှုနဲ့ အမှန်တရားကို ချစ်တဲ့စိတ်ပါ။

ဒီတော်လှန်ရေးမှာပါဝင်ပတ်သက်နေသူတွေဟာ စစ်အာဏာရှင်စနစ်ကို တူးတူးခါးခါးမုန်းသလို တော်လှန်ရေးရဲ့ ပေါက်ဖွားရာ အဖိနှိပ်ခံ ပြည်သူတွေကို နက်နက်ရှိုင်းရှိုင်းချစ်ဖို့ လိုအပ်ပါတယ်။အဆုံးသတ်မှာ ချစ်ခြင်းမေတ္တာရဲ့ တော်လှန်‌ရေးကသာ အနိုင်ရမှာမဟုတ်ပါလား။

မိုးဝေး

The Tanintharyi Times